ဘန်ကီမွန်းနှင့် တွေ့ဆုံသည့်အပေါ် ကျေနပ်မှုမရှိဟု NLD ပြော

ဧရာဝတီ
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အချိန်အကန့် အသတ်ဖြင့်သာ တွေ့ဆုံခွင့် ရခဲ့သည့်အတွက် အားရကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။
NLD အပါအဝင် နိုင်ငံရေး ပါတီ ၁၀ ခုနှင့် မစ္စတာ ဘန်ကီမွန်း နေပြည်တော်၌ သောကြနေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခွင့်မရခဲ့ ကြောင်း၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် CEC များဖြစ်ကြသော ဦးလှဖေ၊ ဦးညွှန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်း တို့ ၄ ဦးတို့နှင့် နေပြည်တော်၌ တွေ့ဆုံခွင့်ရခဲ့သော်လည်း မိနစ်ပိုင်းမျှသာဖြစ်သည့် အတွက် အားရကျေနပ်မှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဒေါက်တာဝင်းနိုင်က ပြောသည်။

ဒေါက်တာ ဝင်းနိုင်က “ပထမ စုပေါင်း ပြောတာ ၂ မိနစ် ခွင့်ပြုတယ်၊ ၂ မိနစ် ဆိုရင်တော့ ဘယ်လိုမှမပြောနိုင် ဘူး ဆိုတော့ သီးသန့် ၁၀ မိနစ်ခေါ်တွေ့တယ်” ဟုပြောပြသည်။

NLD CEC များနှင့် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံဆွေးနွေးခဲ့သော အကြောင်းအရာ အသေးစိတ် အချက် အလက်နှင့် ပတ်သက်ပြီး လာမည့် ကြာသပတေးနေ့တွင် သတင်း ထုတ်ပြန်မည်ဟုလည်း ၎င်းက ဆိုသည်။


ထိုသို့ သတင်း ထုတ်ပြန်ရန်နှင့် ပတ်သက်ပြီး ယနေ့တွင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြောင်းသိရသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့မှ ၄ ရက်နေ့ အထိ လာရောက်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် အတိုက်အခံ NLD ခေါင်းဆောင် တချို့နှင့် တခြားသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီ ၁၀ ခုနဲ့ စုပေါင်း ၂ မိနစ် တွေ့တဲ့ အချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် လွတ်လပ် သန့်ရှင်း၊ တရားမျှတဖို့နဲ့ အားလုံး ပါဝင်နိုင်ဖို့ ပြောတယ်”ဟု ဒေါက်တာဝင်းနိုင် က ပြောသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေး ရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး စသည့်အချက် ၃ ချက်ကို စစ်အစိုးရ အား အဓိက တောင်းဆိုမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ယခင်ကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေး ရန်တို့ကို တောင်းဆိုထား သည်။ ယင်းတောင်း ဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း လည်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။

ယခုခရီးစဉ်အတွင်း မစ္စတာ ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နှစ်ကြိမ်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ခွင့်တောင်းရာ တွေ့ခွင့်မရခဲ့ပေ။

မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံခရီးစဉ်မှ အပြန် ထိုင်းနိုင်ငံ သုဝဏဘူမိ လေဆိပ်၌ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ရာတွင်“ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မရခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရခြင်းနှင့် ၎င်း၏ခရီးစဉ် အောင်မြင်မှု ရခြင်း မရခြင်းကို တိုင်းတာမှု မပြုစေချင်ကြောင်း၊ တခြားလုပ်ဆောင် သင့်သည်များကို ပြောဆိုခဲ့ကြောင်း” သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရသည်။

မစ္စတာ ဘန်ကီမွန်း၏ ယခု ခရီးစဉ်သည် ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး စစ်အစိုးရ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သည်။ ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး လေ့လာသူများက သိသာ ထင်ရှားသည့် အကျိုးရလဒ် မရရှိကြောင်း ဝေဖန်ပြောဆိုကြသည်။

မစ္စတာ ဘန်ကီမွန်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း အပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်သည် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ခရီးစဉ် ဖြစ်သည့် အတွက် နိုင်ငံရေးကိစ္စများကို ပြောဆိုဆောင်ရွက်မည် မဟုတ်ကြောင်း ကြိုတင် ကြေညာခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form