တရုတ်နိုင်ငံတွင် လူမျိုးရေးအုံကြွမှု ဆန္ဒပြပွဲများပြင်းထန်

Planet တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းရှိ မွတ်ဆလင်များ နေထိုင်ရာဒေသတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအား ရာဇ၀တ်မှုများအဖြစ် သတ်မှတ်ပြီး ဖြိုခွင်းနေသဖြင့် လူဦးရေ ရာနှင့်ချီသေဆုံးကြောင်း ကြေညာခဲ့သည်။ တရုတ်အစိုးရပိုင် သတင်းဌာနများက ပါလီမန်ရဲများသည် ရိုင်ဖယ်လ်သေနတ်များ၊ နံပါတ်တုတ်နှင့် ဒိုင်းများကို အသုံးပြုပြီး ဆန္ဒပြသူများကို ဖြိုခွဲနေကြောင်း ဖော်ပြခဲ့ပြီး လူ(၁၅၆)ဦးထက်မနည်း သေဆုံးပြီးဖြစ်သလို နောက်ထပ်လည်း သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ ဇင်ဂျင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွက် မသင်္ကာသူ (၁၄၀၀)ကျော်ကို ဖမ်းဆီးထားကြောင်းလည်း အစိုးရကကြေညာသည်။



ဇင်ဂျင်းသည် အမေရိကန်ရှိ တက္ကဆက်ပြည်နယ် အရွယ်မျှရှိပြီး ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အာရှအလယ်ပိုင်းရှိ မွတ်ဆလင်နိုင်ငံများနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။ တရုတ်အစိုးရက ဇူလိုင်လ (၅)ရက်နေ့တွင် စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း ရဲအရာရှိတစ်ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကြေညာထားသည်။ အွိုင်ဂါ(Uyghur)မျိုးနွယ် မွတ်ဆလင်များ၏ လူမျိုးရေးအုံကြွမှုဖြင့် စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုများ ပါဝင်ခဲ့ကြောင်းလည်း ဇင်ဂျင်း၏မြို့တော် အူရမ်ကွီမှ မြို့ခံများကဆိုသည်။ အွိုင်ဂါတို့သည် ထိုဒေသအတွင်း အဓိကနေထိုင်သည့် ဟန်တရုတ်လူမျိုးများနှင့် နှစ်ပေါင်းများစွာ မသင့်မတင့် ဖြစ်နေခဲ့ရာမှ ယခုကဲ့သို့ ဆူပူသောင်းကျန်းခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ(၅)ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော အကြမ်းဖက် အုံကြွမှုများအတွင်း အွိုင်ဂါတို့သည် ဓားများကို အသုံးပြုကာ လုယက်မှု၊ လူသတ်မှုများ ကျူးလွန်ခဲ့ကြသည်။

အူရမ်ကွီမှ တက္ကစီသမားတစ်ဦးက ၎င်းအား ဟန်လူမျိုးမှန်း သိသွားချိန်တွင် အွိုင်ဂါ(၁၀)ဦးခန့်က ၀ိုင်းဝန်းရိုက်နှက် ကန်ကျောက်ကြပြီး ပိုက်ဆံနှင့် မိုဘိုင်းလ်ဖုန်းကို လုယူသွားကြောင်း ပြောကြားခဲ့သည်။ ထို့အတူ ဒေသခံ ဆေးရုံတွင်လည်း အွိုင်ဂါတို့၏ အကြမ်းဖက်မှုများကြောင့် ဟန်လူမျိုး အတော်များများ ဒဏ်ရာရကာ ရောက်ရှိလာကြောင်း ဆေးရုံအာဏာပိုင်များက ဆိုသည်။ ဇန်ဂျင်းတက္ကသိုလ်နှင့် အရေးပါသော လမ်းမများကို ဆန္ဒပြမှုများကြောင့် ရဲက ပိတ်ထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။ ယခုအချိန်ထိ ဇင်ဂျင်းရှိ လမ်းမများတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အစိမ်းရောင် ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသော ရဲများနှင့် အွိုင်ဂါတို့ကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

တရုတ်အစိုးရသည် ဇူလိုင်လ (၆)ရက်နေ့မှစပြီး နိုင်ငံအတွင်း နေရာအတော်များများတွင် အင်တာနက် ချိတ်ဆက်မှုများကို မြန်နှုန်းလျှော့ချလိုက်ပြီး Twitterနှင့် YouTube၀က်ဘ်ဆိုက်များကို ပိတ်လိုက်ပြီးဖြစ်သည်။ အွိုင်ဂါတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့သော်လည်း ၎င်းတို့၏ စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ မျက်ကွယ်ပြုခံရကာ ဟန်လူမျိုးများသာ ကောင်းစားနေစေရန် တရုတ်အစိုးရက မျက်နှာသာ ပေးခဲ့သည်ဆိုသော နာကျည်းမှုများဖြင့် အုံကြွခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လူမျိုးရေး ပြဿနာမျိုး တိဘက်ဒေသတွင်လည်း ဖြစ်ပွားနေပြီး တိဘက်နှင့် ဟန်တို့ကြား ဆက်ဆံရေးမှာ တင်းမာလျက်ရှိကြောင်း သိရသည်။ “လူမျိုးရေး ပြဿနာတွေကနေ ခုလိုအကြမ်းဖက်မှုတွေ ဖြစ်လာတတ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှ ကိုယ့်အခြေအနေ ကိုယ်ကျေနပ်မယ့် သူတွေမဟုတ်ပါဘူး”ဟု ၀မ်အမည်ရှိ ဟန်လူမျိုး စတိုးဆိုင်ပိုင်ရှင် တစ်ဦးကဆိုသည်။ “ကျွန်တော်တို့ ခေါင်းငုံ့ခံခဲ့ရတာတွေ များလှပါပြီ။ ဘ၀တလျှောက်လုံး မလုံခြုံသလို၊ မငြိမ်းချမ်းသလို ခံစားခဲ့ရတာတွေအတွက် ခုတော့ အားလုံးညီညီညွတ်ညွတ် တွန်းလှန်နေကြတာပါ။ အွိုင်ဂါတွေ အောင်ပွဲခံစေရပါမယ်”ဟု ဇန်းအမည်ရှိ ဆန္ဒပြသူ တစ်ဦးကဆိုသည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူ အွိုင်ဂါဦးရေ ထောင်ဂဏန်း အတော်များများရှိကြောင်း အတည်ပြုခဲ့ပြီး တစထက်တစ လူသူစုရုံးနေကြောင်းလည်း ပြောကြားခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံ၏ လူမျိုးရေး ပဋိပက္ခသည် တစ်ကမ္ဘာလုံးက အာရုံစိုက်ရမည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။ YouTubeတွင် မြို့အတွင်း ဖြစ်ပျက်နေသမျှ အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများစွာကို Uploadတင်နေကြသည်။ ရဲနှင့် ဆန္ဒပြသူများ ကြမ်းတမ်းစွာ တိုက်ခိုက်နေသော်လည်း မည်သူက စတင်ခဲ့သည်ကို ယခုတိုင် ရှင်းလင်းစွာ မသိရသေးပေ။

အူရမ်ကွီသည် လှပသာယာသော မြို့တစ်မြို့ ဖြစ်ခဲ့သည့်တိုင် ယခုအခါ သွေးနံ့များဖြင့် ထုံမွှမ်းပြီး ကြောက်စရာ အနေအထားသို့ ရောက်နေကြောင်း မြို့ခံဟန်လူမျိုး တစ်ဦးက ပြောကြားခဲ့သည်။ အစိုးရပိုင် သတင်းဌာနများကမူ အွိုင်ဂါတို့သည် အပြစ်မဲ့ ပြည်သူများအား ကန်ကျောက်တိုက်ခိုက်နေသည့် ပုံရိပ်များကိုသာ ထုတ်လွှင့်ပြသနေပြီး အဓိကရုဏ်းအတွင်း ဟန်လူမျိုးများစွာ ထိခိုက်ဒဏ်ရာရနေကြောင်း ကြေညာခဲ့ကြသည်။ အွိုင်ဂါတို့ကမူ အစိုးရ ရဲများ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ၎င်းတို့လူမျိုး အမြောက်အမြား သေကြေခဲ့ကြောင်း ပြစ်တင်ပြောကြားသွားသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း တရုတ်နိုင်ငံမှ လတ်တလော အရေးအခင်း အခြေအနေများအပေါ် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form