မစ္စတာဘန်ကီမွန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ပြောဆိုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များ

၂၀၀၉ ခုနှစ်၊ ဇူလိုင် ၄ ရက်၊ ရန်ကုန်မြို့
လေးစား အပ်ပါသော သံအမတ်ကြီးများ၊ ဧည့်သည်တော်ကြီးများနဲ့ လုပ်ဖော် ကိုင်ဖက်များ၊ လူကြီးမင်းများ ခင်ဗျာ

အခုခရီးစဉ်ဟာ တနှစ်ကျော် ကာလ အတွင်း ကျနော့်ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ် နှစ်ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ အချိန်များမှာ လာရောက်ခြင်းဖြစ်ပါတယ်။

ကျနော့်ရဲ့ ပထမခရီးစဉ်ကတော့ နာဂစ်ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။ လူ့ အသက်ပေါင်း များစွာ သေကြေပျက်စီးပြီး ဒုက္ခပင်လယ် ဝေခဲ့ရတဲ့ အဲဒီသဘာဝဘေးဒုက္ခကြီးဟာ တကကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ ပါ တယ်။ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အချိန်မှာ ကမ္ဘာကြီးကလည်း ရက်ရက်ရောရော တုံ့ပြန်ခဲ့ပါတယ်။

မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ အံ့သြစရာကောင်းလောက်အောင် ကြိုးပမ်းအား ထုတ်ခဲ့ကြတဲ့ အတွက် အခုတက်ရောက်လာကြသူ အားလုံးကို ကျနော့် အနေနဲ့ အထူး ကျေးဇူးတင်ရှိပါတယ်။

လူကြီးမင်းတို့ဟာ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ လူ့ အဖွဲ့အစည်းကို ပြန်လည်ရှင်သန် နိုးထစေခဲ့ပါတယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အာရှတိုက်သား တဦးအနေနဲ့ကော၊ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ပါ ဆိုင်ကလုန်း နာဂစ်ရဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို ကျနော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။

ကျနော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ ပထမ အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ မြန်မာနိုင်ငံက ဦးသန့်ပါ။ ကျနော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို လေးစား ကြည်ညို သူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောက်မေ့ မိပါတယ်။

ဦးသန့်က“လူသားတဦးရဲ့ တန်ဖိုးဟာ တန်ဖိုးထားအပ်သမျှ အရာအားလုံးထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံး ကြိုးပမ်းအားထုတ်မှုများရဲ့ အစလည်းဖြစ်သလို အဆုံးလည်းဖြစ်ပါတယ်။ အစိုးရများ၊ စနစ်များ၊ အတွေး အခေါ် အယူ အဆများနဲ့ အဖွဲ့အစည်းများဟာ ဖြစ်တည်ပြီး ပျက်စီးနိုင်ပါတယ်။ သို့ပေမယ့် လူသားမျိုးနွယ် ကတော့ ဆက်လက် တည်ရှိနေပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ကျနော် အခုလို မြန်မာနိုင်ငံကို ပြန်လည် လာရောက်ရခြင်းအကြောင်းရင်းကလည်း အဲဒီအချက်ပါဝင်ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တ ပိုင်ခွင့်ရှိတဲ့ အရာတွေကို ရရှိစေဖို့အတွက် အကူအညီပေးရမယ့် ကိစ္စဟာ အရေးအကြီးဆုံး လုပ်ငန်းတရပ်ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ ဘ၀တွေနဲ့ လူ့ဂုဏ်သိက္ခာာရှိရှိ နေထိုင်နိုင်စေဖို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နေခြင်းဟာ ရွေးချယ်ထားတဲ့ နည်းလမ်းတခုမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ တာဝန်ဝတ္တရားသာ ဖြစ်ပါတယ်။

အခု ကျနော် မြန်မာနိုင်ငံကိုလာရောက်ခြင်းဟာ ကုလသမဂ္ဂက မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ မယိမ်းယိုင်တဲ့ သံန္နိဌာန်ကို ပြသဖို့အတွက်ဖြစ်ပါသည်။

ဒီနေ့ ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ မြန်မာပြည်သူများခင်ဗျား ခင်ဗျားတို့ဟာ အထီးကျန်နေသူများ မဟုတ်ပါဘူး။

စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ခင်ဗျားတို့နဲ့ အတူတကွ ကျနော်တို့လည်း ပါဝင်ချင်ပါတယ်။

ဆင်းရဲမွဲတေမှုကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် ခင်ဗျားတို့ကို ကျနော်တို့ ကူညီချင်ပါတယ်။

မြန်မာနိုင်ငံဟာ လေးစားထိုက်ပြီး တာဝန်သိတတ်တဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်း ကြားမှာ ရပ်တည်လာနိုင်စေဖို့ ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူ ဆောင်ရွက်ချင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိစေဖို့အတွက် ကျနော် တို့လည်း ခင်ဗျားတို့နဲ့ အတူတကွ ဆောင်ရွက်ချင်ပါတယ်။

ဒါပေမယ့် ကျနော် အလေးအနက်ထား ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာခြင်း မရှိဘဲ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ခြွင်းချက်မဟုတ်ပါဘူး။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

စိန်ခေါ်မှုတွေ ကတော့ အများအပြား ရှိနေပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေဟာ ဖြေရှင်း မရနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။

ငြိမ်းချမ်း သာယာတဲ့၊ ဒီမိုကရေစီ ထွန်းကားတဲ့၊ ကြွယ်ဝ ချမ်းသာတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ ဆိုတာ အလွန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တခု ဆိုတာကို အတွေ့အကြုံတွေ ကတဆင့် ကျနော်တို့ သိရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘယ်ပြဿနာ ရပ်မဆို ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူ့အခွင့်အရေးတွေဟာ တခုနဲ့တခု အပြန်အလှန် နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။

အဲဒီ ပြဿနာ ရပ်တွေကို တန်းတူ အလေးထား ဖြေရှင်း ဆောင်ရွက်ဖို့် ပျက်ကွက်တာဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးတို့ရဲ့ အလားအလာတွေကို ဆိတ်သုဉ်းအောင် လုပ်နေသလို အန္တရာယ် ရှိပါတယ်။

ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အမှန်တကယ် စိတ်ဆန္ဒ ရှိမယ်ဆိုရင် အခက်အခဲ အားလုံးကို ကျော်လွှား နိုင်မယ် ဆိုတာကို ကျနော်တို့လည်း သိရှိပါတယ်။

ဒီနေ့ မေးရမယ့် မေးခွန်းရှိနေပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့် အရေးတွေကို အပြည့်အ၀ လေးစား လိုက်နာရေးတို့ အတွက် မြန်မာနိုင်ငံဟာ အချိန်ဘယ်လောက် ကြာကြာ စောင့်ဆိုင်း နိုင်မလဲ ဆိုတဲ့ မေးခွန်းပါပဲ။

နှောင့်နှေး ကြန့်ကြာခြင်း အတွက် ပေးဆပ်ရမှု တွေကတော့ ပြည်သူတို့ရဲ့ ဘ၀တွေ အချည်းအနှီး ဖြစ်ခြင်း၊ အခွင့်အလမ်း များ ဆုံးရှုံးခြင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက ကာလကြာရှည် ဖယ်ကျဉ် ထားခြင်းတို့ ဖြစ်ပါလိမ့်မယ်။

ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တဲ့ အချက်ကတော့ မြန်မာပြည်သူ အားလုံးဟာ အမျိုးသား အကျိုးစီးပွား အတွက် လုပ်ဆောင် ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကို ရွေးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေကို မနေ့ကတွေ့ဆုံစဉ်က ဒီအချက်ကို ကျနော် ပြောခဲ့ပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ဒီအဖွဲ့အစည်းတွေက သံန္နိဌာန်ချ ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်း ခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အဓိက တာဝန်ရှိသူကတော့ မြန်မာအစိုးရဖြစ်ပြီး တိုင်းပြည်ကို သူတို့ဖော်ပြထားခဲ့တဲ့ ရည်မှန်းချက် တွေဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးဆီကို ခေါ်ဆောင် သွားသင့် ပါတယ်။

ဒီလို မြန်မာ ပြည်သူတွေရဲ့ အလားအလာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေကို လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး၊ ပိုမို ကျယ်ပြန့်တဲ့ လွတ်လပ်မှုနဲ့အတူ ကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်း တွေကို ရရှိစေဖို့ ငြင်းဆန်တာနဲ့ အတူတူပါပဲ။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းစည်းကမ်းတွေရဲ့ ပထမဆုံးစကားလုံး ကလည်း“ကျွန်ုပ်တို့ ပြည်သူများ”ဆိုတာပဲ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီလို မွန်မြတ်တဲ့ ဝေါဟာရကို ထပ်တူ ဖော်ပြ ထားခဲ့ပါတယ်။ ဒီ မူဝါဒ စည်းမျဉ်းတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်မှာလည်း အသေအချာ ထည့်သွင်းထားဖို့ ကျနော်တို့ အတူတကွ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါတွေကို အလေးအနက် ထားပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောလိုတဲ့ အဓိကအချက် သုံးချက် ကျနော့်မှာ ပါလာခဲ့ပါတယ်။

ပထမ အချက်ကတော့ လူ့ ဂုဏ်သိက္ခာကို လေးစားခြင်းဟာ ဘယ်အရပ် ဒေသမှာ မဆို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြိုတင် လိုအပ်ချက် တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပထမဦးဆုံး အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လွတ်လပ်မှုနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာခြင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှု များအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ် ဆိုတာကို အားလုံးရဲ့ သဘောဆန္ဒနဲ့ အဲဒီကြေညာချက်က အာမခံ ထား ပါတယ်။

ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ အဲဒီကတိက၀တ်က လက်တွေ့လုပ်ဆောင်ချက်နဲ့ ကိုက်ညီမှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေအဖြစ် အေးချမ်းတည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တွေကို ပြောဆိုထားတာရှိပါတယ်။

လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲတခုဖြစ်ချင်ရင် အင်အားစုအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့၊ အများပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ ထင်သာမြင်သာရှိဖို့ ဆောင်ရွက် ပေးရပါမယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုအပေါ်မှာ အခြေတည်ရပါမယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို အချိန်မဆွဲဘဲ ပြန်လည် လွှတ်ပေး သင့်တယ်လို့ ကျနော် ပြောဆိုနေခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့ မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ သူက ငြင်းဆန်လိုက်တဲ့အတွက် ကျနော် အလွန်အမင်း စိတ်ပျက်ခဲ့ရပါတယ်။

မြန်မာ့ နိုင်ငံရေး ခေတ်သစ်တခု ပွင့်လန်းလာစေမယ့်သံန္နိဌာန်ကို ပြသဖို့ အကောင်းဆုံး အခွင့်အလမ်းတခု မြန်မာအစိုးရ လက်လွှတ်ဆုံးရှုံးခဲ့ပြီလို့ ကျနော် ယုံကြည်လိုက်ပါတယ်။

၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ယုံကြည်ထိုက်ခြင်း ရှိမရှိဆိုသည့်အချက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးတဲ့အပေါ်မှာမူတည်ပါတယ်။ ဒီအချက်ဟာ မရှိမဖြစ်အရေးကြီးတဲ့၊ အစိုးရရဲ့ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသရမယ့် အရေးကြီးသင်္ကေတ တခုဖြစ်ပါလိမ့်မယ်။

နောက်ထပ် အချိန်ဆွဲ မနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဖြစ်စဉ်တွေ ထဲမှာ ပါဝင် ဆောင်ရွက် ခွင့်ပြုရပါမယ်။

အမှန်တကယ် အားဖြင့် မြန်မာနိုင်ငံသား အားလုံးကို တိုင်းပြည်ရဲ့ အနာဂတ် အကျိုးအတွက် အပြည်အ၀ ပါဝင်ကူညီ ဆောင်ရွက်ပိုင်ခွင့် ပေးရပါမယ်။

ဒီလို ပါဝင် ကူညီချင်သူ အားလုံး လွတ်လွတ် လပ်လပ်၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မှာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေ အားလုံးနဲ့ တိုင်းရင်းသား လူနည်းစုများအပါအဝင် အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ် တခုကို မြန်မာနိုင်ငံမှာ စတင် အကောင်အထည် ဖော်ဖို့ လိုပါတယ်။

ပြည်သူတွေ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လွတ်လပ်စွာ ပါဝင်ငြင်းခုံပိုင်ခွင့် ရှိရပါမယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်ထဲ မှာ မြန်မာပြည်သူတွေ အဓိပ္ပာယ် ရှိရှိနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခွင့်၊ သက်ဆိုင်တဲ့ သတင်း အချက်အလက် တွေကို လွတ်လပ်စွာ ရယူနိုင်ခွင့်တွေ ရှိရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အသွင်ကူးပြောင်းရေး ကာလတွေဟာ ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံမှသည် အသိမ်းပိုက်ခံ ကိုလိုနီနိုင်ငံအဖြစ်မှ အခုအခါ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အသွင် ကူပြောင်းရေး ကာလ တွေကို ကြုံတွေ့ခဲ့ဖူး ပြီးဖြစ်ပါ တယ်။

ဒီသမိုင်းကြောင်းဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေး ထွက်ပေါက်မ ရှိခြင်းဆိုတဲ့ အမွေနှစ်ရပ်ကို သယ်ဆောင်ခဲ့ပါတယ်။ နိုင်ငံရေး ထွက်ပေါက် မရှိခြင်းဆိုရာမှာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှု၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲ ရလဒ်ကို ပယ်ဖျက်မှုနဲ့ ဒီနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နှင်းမှု စတဲ့ စိတ်ထိခိုက်စရာကောင်းလှတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ အသိအမှတ်ပြုသင့်တဲ့ အပြုသဘောကြိုးပမ်းအားထုတ်မှုတချို့လည်း ရှိခဲ့ပါတယ်။

ခိုင်မြဲခြင်းမရှိသေးပေမယ့် အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေဟာ ပဋိပက္ခတွေကို လျော့ပါးစေခဲ့ပါတယ်။ ဒီလို ရလဒ်တွေ နောက်ကြောင်းပြန် မသွားစေဖို့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂဟာ အတွေ့အကြုံအများအပြားရှိခဲ့ပါတယ်။

အချုပ်အခြာအာဏာ ပိုင်နက် နယ်မြေကို လေးစားခြင်းနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးဆိုတာဟာ အစိုးရတိုင်းရဲ့ တရားမျှတတဲ့ စိုးရိမ်မှုတွေဖြစ်ပါတယ်။

နိုင်ငံရေးမျက်နှာစာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးမယ် ဆိုရင် အင်အားစုတိုင်းနဲ့ လူတဦးချင်းစီဟာ ပိုမိုကြီးမားတဲ့ အားလုံးပါဝင်လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တခုရဲ့ အစိတ်အပိုင်းဖြစ်လာမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ကျနော်တို့ အခိုင်အမာပြောချင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသား လူနည်းစုတွေ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားတိုင်း တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးမှာ အခန်းကဏ္ဍတရပ်ကနေ ပါဝင်ရပါမယ်။

အပြန်အလှန် အပေးအယူ ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုရှိခြင်း တို့ကသာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အခြေခံအုတ်မြစ်တွေကို ချပေးနိုင်ပါတယ်။

ကျနော် ပြောလိုတဲ့ ဒုတိယ အချက်ကတော့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ တွေကို ဖြေရှင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှု တွေကို တခေါက် ပြန်လည် လာရောက်ကြည့်ရှုခွင့် ရတဲ့ အတွက်တော့ ကျနော် ၀မ်းသာပါတယ်။ လူပေါင်း ၁၃၀၀၀၀ လောက် ပျောက်ဆုံး သေကြေ ခဲ့ရတဲ့ အဲဒီ အဖြစ်အပျက်ဟာ အလွန် ၀မ်းနည်း ကြေကွဲစရာပါ။ ဒါပေမယ့် ဒီနေ့ ကျနော် မြင်တွေ့ခဲ့ရတဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ ကတော့ အသိမှတ်ပြုရမှာဖြစ်ပါတယ်။

ဒီ ဝမ်းနည်း ကြေကွဲစရာ ဖြစ်ရပ်ဟာ မြန်မာ ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းအားကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား မှာ ရှိတဲ့ ပြည်သူတွေကလည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဘယ်လောက် နက်နက် ရှိုင်းရှိုင်း ဂရုစိုက်တယ် ဆိုတာကို ဒီဖြစ်ရပ်က ပြသခဲ့ပါတယ်။

ခြုံပြောရမယ် ဆိုရင် ဆိုင်ကလုန်း နာဂစ် သဘာဝ ဘေးဒုက္ခ အပေါ် အရေးယူတုံ့ပြန် ဆောင်ရွက်မှုဟာ အထီးကျန် ဖြစ်နေခြင်းကို ကျော်လွှားနိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ တန်ဖိုးကို သက်သေပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အလှူရှင် နိုင်ငံတွေရဲ့ထောက်ပံ့ ကူညီမှုတွေနဲ့ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂနဲ့ အာဆီယံ အသင်းကြီးတို့ရဲ့ သုံးပွင့်ဆိုင် အဖွဲ့က တဆင့် အရင်က မရှိခဲ့ဘူးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့ရပါတယ်။ လူသားချင်း စာနာ ထောက်ထားတဲ့ အလွန် အရေး ကြီးတဲ့ လုပ်ငန်းတွေဟာ အချုပ်အခြာ အာဏာဆိုတဲ့ စည်းမျဉ်း သဘောတရားနဲ့ ဆန့်ကျင်ခြင်း မရှိဘူး ဆိုတာကို ပြသခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံကိုပေးတဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေဟာ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုတွေမှာ ဓားစာခံမဖြစ်သင့်ပါဘူး။ လူသားချင်းစာနာတဲ့ အထောက်အပံ့နဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့ တွေကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ပြည်သူအားလုံး ရရှိနိုင်စေဖို့ ကျနော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင် သွားနိုင် ပါတယ်။ တကယ်လည်း ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒါတွေဟာ ကျနော်ပြောလိုတဲ့ တတိယမြောက်အချက်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာတွေကို ဖွင့်ပေးရမယ့် အချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက် စီးပွားရေးဇုန်ရဲ့ အလယ်မှာ အံသြဖွယ်ရာ ရှိနေပါတယ်။ နိုင်ငံရဲ့ ပတ်လည်က အလျင်အမြန် တိုးတက်နေတဲ့ လမ်းကြောင်းထဲ မြန်မာနိုင်ငံကို ထိန်းကျောင်းမောင်းနှင်သွားမယ်ဆိုရင် ပြည်သူတွေရဲ့ လူနေမှု အဆင့် အတန်း မြင့်မားလာမယ့် အသေချာဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။

ပြင်ပ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြုပ်နှံမှုတွေကို ဖွင့်လှစ်ပေးတဲ့ မြန်မာအစိုးရရဲ့ မူဝါဒကို ကျနော် ကြိုဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေ အောင်မြင် ပြည့်မီစေဖို့ ကြိုးပမ်း အားထုတ်မှုတွေ၊ HIV ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးတွေ၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးနဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျှော့ချ ရေးတို့မှာ အစိုးရရဲ့ ကြိုးပမ်းမှု တွေကိုလည်း ကြိုဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်ရပ်က ပြည်သူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုထဲ ဆက်လက်နေထိုင်နေရတဲ့ အခြေအနေ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အာရှတိုက်ရဲ့အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

မြန်မာ ပြည်သူတွေဟာ အလုပ်အကိုင်နဲ့ အစားအစာအတွက်၊ လုံခြုံမှုနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ အတွက် လိုအပ် နေပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာ့ စီးပွားရေးလုပ်ငန်းတွေက အကျိုးအမြတ်တွေ ရရှိခံစားနိုင်ရေးအတွက် မြန်မာပြည်သူတွေ ပါဝင် လုပ်ဆောင်နိုင်ဖို့ ကျနော်တို့ အတူလက်တွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အေးချမ်း တည်ငြိမ်တဲ့ ဒီမိုကရက်တစ် မြန်မာ နိုင်ငံကနေ ကြွယ်ဝ ချမ်းသာမှု အကျိုးကျေးဇူး တွေကို ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာကြီး အတွက် ရရှိနိုင်မယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက် အတွက်လည်း ကျနော်တို့ အတူလက်တွဲ လုပ်ဆောင်ကြရပါမယ်။

မြန်မာ အစိုးရ အနေနဲ့လည်း ဒီအချိန်အခါ သမယကို လက်လွတ် မခံဘဲ အမိအရ ဆုတ်ကိုင်ရပါမယ်။

နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ ပြည်သူတွေကို ကူညီဖို့အတွက် ကမ်းလှမ်းလာမယ့် အခွင့်အလမ်း တွေကိုလည်း အမိအရ ဆုပ်ကိုင် ရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

ကျနော်ဟာ မိတ်ဆွေတယောက်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ တာဝန်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စံနှုန်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ဖြစ်ပါတယ်။

အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လူနည်းစုတွေ၊ လူထု အခြေပြု လူ့အဖွဲ့အစည်း တွေဟာ နိုင်ငံတနိုင်ငံ၊ ပြည်သူ တရပ်အသွင်နဲ့ အနာဂတ်ခရီးလမ်းကို အတူတကွ လျှောက်လှမ်းနိုင်ဖို့ အတွက် ခင်ဗျားတို့ အားလုံးကို အားပေး တိုက်တွန်းဖို့ လည်း ကျနော့်ရဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကွဲပြားခြားနားမှုတွေရဲ့ အထက်မှာ ထားနိုင်မယ်ဆိုရင် မဖြေရှင်းနိုင်တဲ့၊ မဖြစ်နိုင်တဲ့ အရာ ဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။

ကမ္ဘာကြီး နဲ့ ဒေသတွင်း က လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ မြန်မာနိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုး အမြတ်ရရှိဖို့ ရပ်တည်ရပါလိမ့်မယ်။ မိမိနိုင်ငံရဲ့ အပြောင်းအလဲ တွေကနေ အကျိုးအမြတ် ရရှိဖို့ ဆောင်ရွက်ရပါလိမ့်မယ်။

ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအနေနဲ့ အရေးကြီးတဲ့ အခြေခံ အုတ်မြစ် ဖြစ် တယ်လို့ မြန်မာအစိုးရက ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။

မြန်မာ အစိုးရနေနဲ့ စကားနဲ့ အလုပ်ညီညွတ်စေဖို့ ကျနော်တို့ ပြောလိုပါတယ်။

နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်လေလေ နိုင်ငံရဲ့အချုပ်အချာအာဏာက ပိုမို ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ်။

အဲဒီလိုပဲ မြန်မာပြည်သူ အားလုံးရဲ့ လူ့အခွင့်အရေး တွေကို အပြည့်အ၀ လေးစား လိုက်နာရင်း စည်းလုံး ညီညွတ်တဲ့၊ ငြိမ်းချမ်း တည်ငြိမ်တဲ့၊ ကြွယ်ဝချမ်းသာတဲ့၊ ဒီမိုကရေစီ အနာဂတ် ဆိုတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ အကူအညီ ပေးခြင်းဟာ နိုင်ငံတကာ အသိုင်းအ၀န်း တခုလုံးရဲ့ တာဝန် ဖြစ်တယ်လို့ ကျနော် ပြောလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

source by : ဧရာဝတီ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form