အင်ဒိုနီးရှားဟိုတယ်နှစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွား

ပလက်နက် | ပြင်းထန်သော ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် လူ(၉)ဦးထက်မနည်း သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဂျကာတာမြို့တော်ရှိ ဟိုတယ်နှစ်ခုတွင် ပေါက်ကွဲခဲ့သော အင်အားပြင်းထန်သည့် ဗုံးများက ဟိုတယ်မှန်ပြူတင်းပေါက်များကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကာ လမ်းမပေါ်တွင် ပြန့်ကြဲ သွားစေ ခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များသည် မဲရီယော့တ်ဟိုတယ်နှင့် ရစ်ဇ်ဟိုတယ်တို့သို့ ချက်ချင်းရောက်သွားသော်လည်း အကြမ်းဖက်သမားဟု ယူဆရသူများကို မတွေ့ရတော့ချေ။
ဇူလိုင်လ(၁၇)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ဗုံးခွဲမှုတွင် မဲရီယော့တ်က ဦးစွာပေါက်ကွဲပြီး (၅)မိနစ်အကြာမှ ရစ်ဇ်တွင်လည်း ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “ကြောက်စရာ ကောင်းလိုက်တာ။ အလောင်းတွေ မြေကြီးပေါ်ကို ပြုတ်ကျလာတယ်။ သူတို့ထဲက တစ်ယောက်ဆိုရင် ဗိုက်တစ်ခုလုံး အသား မရှိတော့ဘူး”ဟု ဟိုတယ်များအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းသည် အရေးပေါ်တပ်ဖွဲ့များ ရောက်မလာခင် ပေါက်ကွဲသည့် ဟိုတယ်များသို့ ဦးစွာရောက်ရှိခဲ့သူလည်းဖြစ်သည်။
မျက်မြင်တစ်ဦးဖြစ်ပြီး ဟိုတယ်များအတွက် ပစ္စည်းပို့သည့် တာဝန်ယူထားသူ အဲလက်စ်အက်စ်ဆူဘရက်တာက ဟိုတယ်နှစ်ခုသည် အချိန်ခြားပြီး ပေါက်ကွဲခဲ့သည်ကို ကိုယ်တိုင်တွေ့ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ လုံခြုံရေးဝန်ကြီး ၀ီဒိုဒိုအဒီ ဆူကီတိုကမူ ပေါက်ကွဲမှုနှစ်ခုကြား ကွာခြားချိန်သည် (၂)မိနစ်သာရှိကြောင်း ပြောခဲ့သည်။ ထို့အပြင် သေဆုံးသူများ စာရင်းတွင် နယူးဇီလန် နိုင်ငံသားများ ပါဝင်နေပြီး ဒဏ်ရာရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ခဲ့ကြောင်း ဆူကီတိုက အတည်ပြုခဲ့သည်။
အမေရိကန် သံရုံးကမူ ဒဏ်ရာရသူများတွင် အမေရိကန်တစ်ဦး ပါဝင်နိုင်ကြောင်း ပြောဆိုထားသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။ ရစ်ဇ်ဟိုတယ်သည် ဇူလိုင်(၁၈)နှင့် (၁၉)ရက်နေ့များတွင် ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း အရှေ့တောင် အာရှသို့ လာရောက်ခြေစမ်းစဉ် တည်းခိုရန် စီစဉ်ထားသော်လည်း ယခုဖြစ်ရပ်ကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိနေသည်။ ဂျကာတာ ရဲတပ်ဖွဲ့က ယခုကိစ္စကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အကြမ်းဖက်အဖွဲ့အစည်း လက်ချက်ဆိုသည်ကို မသိရသေးကြောင်း သတင်းရရှိသည်။
Source: Yahoo, ပလက်နက်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form