ပြည်တွင်းမှ လူငယ်များ ပေးပို့လာသော စာ။

လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ ခင်ဗျာ . . .

ကျနော်တို့သည် မြန်မာ ပြည်တွင်းမှ မြန်မာပြည်အနာဂါတ် တိုးတက် ကောင်းမွန်စေရန် ကြိုးစား ဆောင်ရွက် နေကြသော လူငယ်များ ဖြစ်ပါသည်။

မိဘပြည်သူများအား ယခုတင်ပြမည့် အကြောင်းအရာများမှာ မိမိတို့ လူငယ်များ၏ သဘောထားနှင့် စစ်အာဏာရှင်တို့ မှ မိမိတို့ လူငယ်များအား ကောက်ကျစ် ယုတ်မာစွာဖြင့် မတရား အမှုဆင် ဖမ်းဆီးကာ၊ သားသမီးခြင်း ကိုယ်ချင်းမစာနာပဲ ယုတ်မာသော နည်းလမ်း မျိုးစုံသုံးကာ ညင်းပန်း နှိပ်စက် နေကြပုံများကို မိဘပြည်သူများ သိရှိနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပထမဦးစွာ အနေဖြင့် မည်သည့် လူငယ်မဆို လူငယ်များသည် အနာဂါတ်တွင် တိုင်းပြည်ကို ပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် လာမည့် လူငယ်များ ဖြစ်သည်။ မိမိတို့၏ မျိုးချစ်စိတ်၊ ယုံကြည်ချက်၊ မတရားမှုကို ခေါင်းငုံ မခံတတ်သည့် လူငယ်တို့၏ မဟုတ်မခံ စိတ်တို့ကြောင့် မိမိတို့သည် အာဏာရှင် စနစ်ကို တော်လှန် နေကြခြင်းသာ ဖြစ်သည်။ ယခုလက်ရှိ စစ်အာဏာရှင်ကို တော်လှန် နေကြသော လူငယ်များ၏ အသက်အရွယ် အနေအထားမှာ အများအားဖြင့် အသက် (၁၆) နှစ်မှ (၂၀) ၀န်းကျင် အရွယ် များသာ ဖြစ်သည်။

ဤလူငယ်များသည် မိဘရင်ငွေ့ နှင့် ကင်းလွတ် ကာစ အရွယ်များ၊ ပညာသင် နေဆဲ လူငယ်များသာ ဖြစ်သည်။ သို့သော် ရဲရင့်သည့် စိတ်ဓါတ်နှင့် မတရားမှုကို ခေါင်းငုံ မခံတတ်သော စိတ်ဓါတ်တို့ကြောင့် ပါတီများ ၊ လူငယ်များ ဖွဲ့စည်းထားသော တော်လှန်ရေးအဖွဲ့များသို့ ၀င်ရောက် လာကြခြင်း ဖြစ်သည်။ ဤသည်မှာ တိုင်းပြည် အာဏာကို လက်နက် အားကိုးဖြင့် သိမ်းပိုက်ကာ ရဟန်း သံဃာပါ မချန် သတ်ဖြတ်နေသော ဘီလူးစိတ် ၀င်နေသည့် စစ်အာဏာရှင် တို့ကို တော်လှန်ရန် ဖြစ်သည်။

စစ်အာဏာရှင်တို့က ၎င်းတို့ အာဏာ တည်မြဲရေး အတွက် “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟုဆိုကာ အာဏာ လက်မလွတ်ရေး ဆောင်ရွက်နေချိန်တွင် မိမိတို့ လူငယ်များသည်လည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟု ရည်ရွယ်ကာ မိမိတို့ မိဘများ သဖွယ် ခင်တွယ် ချစ်မြတ်နိုးရသော အဖေအမေ ၊ အဘိုးအဘွား ပြည်သူများအတွက် အာဏာရှင်ကို တော်လှန်ခဲ့ကြခြင်း ဖြစ်သည်။

ယခုလက်ရှိ တော်လှန်နေကြသော မိမိတို့ လူငယ်များသည် အာဏာရှင် လက်ပါးစေတို့ ၏ အထက် အာဏာရှင်များ အကြိုက်လိုက်ကာ ၀ါဒ ဖြန့်ချီနေသော အရိုင်းအစိုင်း ပေတေ လေလွင့်နေသော ၊ စိတ်ရိုင်းဝင်နေသော လူငယ်များ မဟုတ်ကြပါ ။ မိဘပြည်သူတို့အတွက် အာဏာရှင်တို့ ၏ ဖိနှိပ်ညင်းပန်းခြင်း ခံနေရသော ဘ၀တို့ မှ လွတ်မြောက်ရန် မခံမရပ်နိုင်ဖြစ်ကာ အာဏာရှင်တို့ကို တော်လှန်နေ ကြခြင်းသာ ဖြစ်သည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ အကျဉ်းထောင်များအသီးသီးတွင် ကြီးလေးသော ပြစ်ဒါဏ်များဖြင့် အကျဉ်းကျခံနေကြရသော လူငယ်များ ဦးရေမှာ အရေအတွက် အားဖြင့် ( ၁၀၀ ) ကျော်ခန့် ရှိနေပြီး၊ လက်ရှိ အမှုရင်ဆိုင်နေရသော လူငယ်များသည်လည်း ရှိနေသေးသည်။

အချို့ဆိုလျှင် အရွယ်နှင့် မလိုက်ဖက်သော ကြမ်းတမ်းသည့် ရဲဘက်စခန်းများ အထိ ရောက်ရှိနေကြသော လူငယ်များပင် ရှိနေသည်။ ဤကဲ့သို့ လောကငရဲသို့ ရောက်ရှိနေကြသော လူငယ်များသည် သူတို့သည် မတုန်လှုပ်ကြောင်း ၊ မိဘပြည်သူတို့ လွတ်မြောက်ရေး အတွက် ကြိုးစားရင်း အာဏာရှင် လက်ပါးစေတို့ မတရားအမှုဆင် ဖမ်းဆီးခံရခြင်း အတွက် ဘယ်သော အခါမှ နောင်တရလိမ့်မည် မဟုတ်ကြောင်းနှင့် ကျန်ရှိနေသော တော်လှန်ရေး မျိုးချစ် လူငယ်များ အားလည်း ဆက်လက် တော်လှန်သွားကြရန်ကို အကျဉ်းထောင် များနှင့် ရဲဘက် စခန်းများမှ နေ၍ ဆက်သွယ် ရေးသားလာသော စာများတွင် ဖေါ်ပြထားသဖြင့် ဖတ်ရှူပြီး မိမိတို့သည် မျက်ရည်စို့ မိကြရပါသည်။

အဆိုပါ မိမိတို့၏ သူငယ်ချင်းများသည် သူတို့၏ ငယ်ရွယ် နုပျိုသော အချိန်များတွင် သံခြေကျင်း တချွင်ချွင်ဖြင့် ကြမ်းတမ်းသော အလုပ်ကြမ်းများ လုပ်ဆောင် နေကြရသော်လည်း ဘယ်သော အခါမှ နောင်တရမည့်သူများ မဟုတ်ပေ။

ဤသည်မှာ သူတို့၏ ခံစား နေရသော ဆင်းရဲဒုက္ခ အပေါင်းတို့သည် သူတို့ ကောင်းစားရေး အတွက် မဟုတ်ပဲ၊ မိဘ ပြည်သူတို့ အတွက် ကြိုးစား ဆောင်ရွက်ရင်း၊ ဘီလူးစိတ် သရဲစိတ် ၀င်နေကြသော အာဏာရှင် လက်ပါးစေတို့၏ လက်အတွင်း ကျဆင်း ခဲ့ရသောကြောင့်သာ ဖြစ်ပေသည်။
အကယ်၍ စာဖတ်သူ အနေဖြင့် မိမိ၏ သားသမီး တစ်ဦး၊ ညီအကို မောင်နှစ်မ တစ်ဦး၊ သူငယ်ချင်း တစ်ဦးသည် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ ခဲ့ရသည် ရှိသော် မည်ကဲ့သို့ ခံစားရမည်နည်း။
သို့သော် မိမိတို့ လူငယ်များသည် အမိအဖသဖွယ် သဘောထားသော ပြည်သူ တို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနေနိုင်ရေးအတွက် မိမိတို့ ဘ၀များကို ဆက်လက် ပေးဆပ်နေဦးမည် ဖြစ်သည်။

ကျွန်တော်တို့  လူငယ်တွေရဲ့  မြင့်မြတ်တဲ့ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ်ရှိရှိနဲ့ ကြိုးစားဆောင်ရွက်နေကြတာကို မိဘ ပြည်သူတွေ အနေနဲ့ အသိအမှတ ပြုစေချင်ပြီး၊ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ အသက်ကို ပဓါန မထားဘဲ ကြုံလာသမျှ အခက်အခဲ မှန်သမျှကို ရင်ဆိုင် နေကြချိန်မှာ မိဘ ပြည်သူတွေ အနေနဲ့လည်း ကျွန်တော်တို့နဲ့အတူ ၀ိုင်းဝန်းကူညီ ပါဝင် အားဖြည့်ကြပြီး အားလုံး ရင်ဆိုင် နေရတဲ့ လူမှုဘ၀ နိမ့်ပါးမှုတွေကနေ လွတ်မြောက်နိုင်ဖို့ အတွက် အတူတကွ ဆောင်ရွက်ပေးကြပါလို့  ပြောကြားလိုပါတယ်။

အာဏာရှင်တွေကို ကျွန်တော်တို့  လူငယ်တွေ အသက်ပေးပြီး အခက်အခဲတွေ ရင်ဆိုင်နေရင်းနဲ့  ဆက်လက် တော်လှန်နေပါမယ်။ မိဘပြည်သူ တွေကိုလည်း ပါဝင် ဦးဆောင်ပေးကြပါလို့  အနူးအညွတ် ပြောကြားလိုပါတယ်။

မြန်မာ ပြည်တွင်းမှ လူငယ်များ။

p.s - ကျွန်တော်တို့ရဲ့ မေတ္တာရပ်ခံ စာလေးကို ပြည်တွင်းပြည်ပ မိဘပြည်သူများ လက်ဝယ်သို့ ရောက်ရှိအောင် ၀ိုင်းဝန်း ကူညီပေး ကြစေလိုပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form