တုပ်ကွေးသတင်းလိုက်သူ သတင်းထောက် ဆေးရုံပို့ခံရ


သတင်းထောက် ကိုဝင်းမြင့်ကျော်
( photo: weekly eleven )
မိုးမခ | တုပ်ကွေးရောဂါ သတင်းနောက် လိုက်သူ ရန်ကုန်မှ သတင်းထောက် တဦး ကူးစက်ရောဂါကု ဆေးရုံသို့ ရောက်ရှိသွားကြောင်း Weekly Eleven ဂျာနယ် အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

အဆိုပါ သတင်းထောက်မှာ Weekly Eleven ဂျာနယ် အကြီးတန်း သတင်းထောက် (Senior Reporter) ကိုဝင်းမြင့်ကျော် ဖြစ်သည်ဟု ဆိုသည်။

ကိုဝင်းမြင့်ကျော်သည် မြန်မာနိုင်ငံတွင် ပထမဆုံး A/H1N1 တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူ၏ သတင်း ရရှိရေးအတွက် ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ သွားခဲ့ကြောင်း၊ သို့သော်လည်း လူနာရှိသည့် အခန်းမှ ၁၂ ပေခန့် အကွာအဝေးအထိသာ ချည်းကပ်ပြီး ဓာတ်ပုံရိုက်ယူခဲ့ကြောင်း ဂျာနယ်က ဆိုသည်။

ဆေးရုံမှ အပြန် ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ လူနာနေအိမ်အနီးသို့ သွားရောက်ပြီး ဓာတ်ပုံ ရိုက်ယူခဲ့ရာ ရပ်ကွက်အာဏာပိုင်အချို့က မေးမြန်းသဖြင့် စာနယ်ဇင်းသမား ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ဆိုသည်။

“ပြန်လာပြီး နောက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ မေတ္တာ ရပ်ခံချက်ကြောင့် ကိုဝင်းမြင့်ကျော် အား ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ Weekly Eleven ၏ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်” ဟု Weekly Eleven ၀က်ဆိုက်တွင် ဖော်ပြထားသည်။

ယခုအခါ ဝေဘာဂီကူးစက်ဆေးရုံတွင် ရောက်ရှိနေသည်ဟု ဆိုသည်။

သတင်းထောက် ကိုဝင်းမြင့်ကျော်တွင် A\H1N1 ရောဂါကူးစက် ခံရခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိ ရသော်လည်း ၁၀ ရက် ကြာ စောင့်ကြည့် ပြီးမှ ပြန်ခွင့် ပေးမည်ဟု ဆိုသည်။

ဆေးရုံကြီး နှင့် လူနာ၏ နေအိမ်သို့ သွားရောက် သတင်းယူသူမှာ ကိုဝင်းမြင့်ကျော် တဦးတည်း မဟုတ်ပေ။ သူနှင့်အတူ သတင်းထောက် တဦးလည်း ပါဝင်သည်ဟု သိရသည်။ သို့သော်လည်း ထိုသတင်းထောက်က လူနာ၏ အခန်း အနီးသို့ ရောက်ရှိခဲ့ခြင်းမရှိဟု ဆိုသည်။

source by : မိုးမခ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form