A/H1N1 ကာကွယ်ဆေး Glaxo ကုမ္ပဏီမှ ထုတ်လုပ်

Planet
ဗြိတိန်ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီး Glaxoသည် A/H1N1ကာကွယ်ဆေး ထုတ်လုပ်ရေး လုပ်ငန်းများကို အကြီးအကျယ် အမြတ်ထုတ် ကိုယ်ကျိုးရှာခဲ့ကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။Glaxoမှ ထုတ်လုပ်သော GlaxoSmithKlineထိုးဆေးသည် ယူနစ်အားဖြင့် တစ်ယူနစ်လျင် (၁)ပေါင်သာ ငွေကြေးကျသင့်ခဲ့သော်လည်း ကုမ္ပဏီက ပြန်လည်ရောင်းချရာတွင် တစ်ယူနစ်ဈေးနှုန်း (၆)ပေါင်ဖြင့် ရောင်းချနေကြောင်း သိရသည်။ ဗြိတိန်အစိုးရသည် ထိုးဆေးယူနစ် သန်း(၆၀)ကို Glaxoထံမှ ၀ယ်ယူရန် အော်ဒါပေးထားရာ ထိုအနေအထားသည် Glaxoအနေနှင့် နောက်ထပ်ပေါင်စတာလင် သန်းရာနှင့်ချီ မြတ်စွန်းမည့် သဘောလည်း သက်ရောက်နေသည်။



(Glaxoမှထုတ်လုပ်သည့် A/H1N1ကာကွယ်ဆေး)

Glaxoသည် ယခုနှစ်အတွင်း A/H1N1ကာကွယ်ဆေးကို ကမ္ဘာအနှံ့ ရောင်းချခဲ့ရာမှ ပေါင်စတာလင် သန်း(၇၀၀)ဖိုး ရောင်းချထားရပြီး လက်ရှိအချိန်ထိ ရောဂါဆက်လက် ပြန့်ပွားနေမှုကြောင့် နိုင်ငံရပ်ခြား အစိုးရများကလည်း ၀ယ်ယူရန် စီစဉ်နေရာ ဆေးဝါးယူနစ် ဘီလျံနှင့်ချီ မြတ်စွန်းဖွယ် ရှိနေသည်။ ကုမ္ပဏီက ဇူလိုင်လ (၂၂)ရက်တွင် ကြေညာခဲ့ရာ အမြတ်အစွန်း ပမာဏသည် (၃)လအတွင်း ပေါင်စတာလင် (၂.၄)ဘီလျံ ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် Glaxoသည် Relenzaခေါ် တုပ်ကွေးကုသရေး ဆေးတစ်မျုးကိုလည်း ပေါင်စတာလင် သန်း(၆၀)ဖိုးထိ ရောင်းချထားနိုင်သေးသည်။ ထိုဆေးသည် တုပ်ကွေးဖြစ်ပွားချိန်ကို လျော့ချနိုင်ကြောင်း Glaxoက ကြေညာထားသည်။

(သြစတြေးလျနိုင်ငံတွင် ပထမဆုံးA/H1N1ကာကွယ်ဆေး ထိုးနှံပေးနေစဉ်)

Glaxoသည် GlaxoSmithKlineဆေးဝါးကို (၂၀၀၀)ပြည့်နှစ်ကတည်းက စတင်ရောင်းချနေခြင်းဖြစ်ပြီး A/H1N1တုပ်ကွေး ပြန့်နှံ့လာချိန်တွင် ထိုတုပ်ကွေးကို ကာကွယ်နိုင်စွမ်း ရှိသည်ဟုဆိုကာ ဈေးနှုန်းမြှင့် ရောင်းချလာခြင်းဖြစ်သည်။ ဗြိတိန်ရှိ လစ်ဘရယ် ဒီမိုကရက် ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နော်မန်လမ်းဘ်က “စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ အမြတ်အစွန်း ယူတာကို လက်မခံစရာ မရှိပါဘူး။ ဒါပေမယ့် Glaxoဟာ အလွန်အကျွံ ကိုယ်ကျိုးရှာနေပါတယ်။ သူတို့ဟာ အမြတ်ငွေကို မတရားယူပြီး လူတွေက A/H1N1ကို ကြောက်နေတဲ့အပေါ် အခွင့်အရေး ယူနေတာပါ”ဟု ဝေဖန်ခဲ့သည်။ ထိုသို့သော ဝေဖန်မှု အတော်များများ ပေါ်ထွက်လာခဲ့သော်လည်း GlaxoSmithKlineဆေးဝါး ထုတ်လုပ်ရေး တာဝန်ယူထားသည့် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၁)သန်း ရရှိနေသူ CEOအင်ဒရူးဝစ်တီကမူ ၎င်းတို့၏ ဆေးဝါးသည် အမှန်တကယ် လိုအပ်ချိန်တွင် ရောင်းချပေးနေခြင်းဖြစ်ပြီး ဆေးဝါး၏ အရည်အသွေး ကောင်းမွန်လာအောင် သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေခြင်းတို့ကြောင့် ယခုလို ဈေးနှုန်းတင် ရောင်းချနေရခြင်းဟု တုန့်ပြန်ပြောဆိုသွားသည်။
(ဗြိတိန်နိုင်ငံမှ National Pandemic Flu Service Centre)

“ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ အရမ်းကြိုးစားနေရတုန်းပါ။ နောက်ပြီးတော့ လွန်ခဲ့တဲ့ (၄)နှစ်တုန်းက တုပ်ကွေးကာကွယ်ဆေးအတွက် ကုမ္ပဏီက နည်းပညာ သုတေသနလုပ်ဖို့ ပေါင်(၁.၂)ဘီလျံလောက် သုံးခဲ့ရတာကိုတော့ လူတွေက မမြင်ကြဘူး”ဟု ၀စ်တီက ချေပခဲ့သည်။ “နောက်ပြီးတော့ ဆေးရဲ့အာနိသင်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အရမ်းဂရုစိုက်တာပါ။ ဒီဈေးကို ပေါတယ်လို့ မဆိုနိုင်ရင်တောင် ဈေးကြီးတယ်လို့လည်း ပြောလို့မရပါဘူး။ တုပ်ကွေးကို ကာကွယ်နိုင်စွမ်း တကယ်ရှိနေဖို့ဆိုရင် ပေးရတဲ့ဈေးက တန်ပါတယ်။ Glaxoဟာ ပြီးခဲ့တဲ့ (၁၈)နှစ်လုံးလုံး လူတွေအတွက် အကျိုးရှိမယ့် ဆေးတွေကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ ခုလိုမျိုး ကမ္ဘာ့ကပ်ရောဂါကြီး တစ်ခုအတွက် ကာကွယ်ဆေး ထုတ်နိုင်တာဟာ ကုမ္ပဏီက ထိန်းထားတဲ့ဂုဏ်ကို ပိုပြီး အရောင်ထွက်စေပါလိမ့်မယ်။ ကမ္ဘာမှာ လိုအပ်နေတဲ့ ကာကွယ်ဆေး အရေအတွက်အတိုင်း လုံလုံလောက်လောက်ဖြစ်အောင် ကျွန်တော်တို့ အသည်းအသန် ကြိုးစားနေရပါတယ်”ဟုလည်း ၀စ်တီက ပြောကြားခဲ့သေးသည်။
(ဗြိတိန်နိုင်ငံမှ National Pandemic Flu Service Centre website)

GlaxoSmithKlineကို ဆေးရုံဆေးခန်းများတွင် အစမ်းကာလအဖြစ် သတ်မှတ်သုံးစွဲနေဆဲ ဖြစ်သော်လည်း A/H1N1တုပ်ကွေးကို ကာကွယ်နိုင်စွမ်း ရှိနေကြောင်း သတင်းကြီးနေသဖြင့် ၀ယ်လိုအားမှာ အလွန်မြင့်တက်လာနေကြောင်းလည်း သတင်းရရှိသည်။ ဗြိတိန်နိုင်ငံတွင် A/H1N1 တုပ်ကွေးကပ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် မေးမြန်းနိုင်ရန် National Pandemic Flu Service centre (၁၉)ခုဖွင့်လှစ်ထားပြီး တုံ့ပြန်ဖြေကြား ပေးလျက်ရှိသည်။ ထို့အပြင် National Pandemic Flu Service ဝက်ဘ်ဆိုက်ကိုလည်း လွှင့်တင်ထားပြီး အဆိုပါဝက်ဘ်ဆိုက်မှာ တစ်စက္ကန့်လျင် ဝင်ရောက်သူပေါင်း (၂၆၀၀)ခန့်အထိ များပြားလျက်ရှိကြောင်း သိရသည်။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form