ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချ သတ်သေခဲ့တဲ့ မြန်မာ နိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူး ဖြစ်သူ ဦးမြင့်လွင်ရဲ့ အဖြစ်အပျက် အကြောင်း။

(၂၃-၆-၀၉) ရက်နေ့  နံနက် ၁၀း၁၅နာရီက ဦးမြင့်လွင် (မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၊ ရုံးအဖွဲ့မှူး) ဟာ စာပေဗိမာန် အဆောက်အဦး ပေါ်ကနေ ခုန်ချ သတ်သေခဲ့ပြီး ထိုသို့ ပြုလုပ်ရခြင်းမှာ အထက်လူကြီး၏ ဖိအားကြောင့်ဟု သေတမ်းစာရေးခဲ့သည်ဟု သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖ အထက် လူကြီးများကနေ သဘာဝဘေး အန္တရာယ်ကြောင့် ခုန်ချသွားခြင်း ဖြစ်တယ်လို့ သတင်း လွှင့်ခိုင်း ထားပြီး ပြည်တွင်း စာနယ်ဇင်းများကို သတင်း ရေးသား ဖော်ပြခြင်း မပြုရန်လည်း တားမြစ် ထားကြောင်း သိရှိရပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ ဦးမြင့်လွင်ဟာ သေဆုံးချိန်တွင် အသက် (၆၈) နှစ် ရှိပြီ ဖြစ်ပြီး မြောင်းမြ ခရိုင် ရန်မြင်နိုင် ကျေးရွာနေ (ဦးမောင်သင် + ဒေါ်သိန်းတင်) တို့ရဲ့ သားကြီး ဖြစ်ကြောင်း၊ မကွယ်လွန်မီ အချိန်ထိ ဝေဘာဂီမြို့သစ် (၆) ရပ်ကွက်၊ သပြေလမ်း၊ အမှတ်(၁၉၇) မှာ နေထိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ရဲ့  အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထပ်မံသိရှိရသော အချက်များမှာ - နီးစပ်ရာ အသိုင်းအ၀ိုင်း များထံမှ ပြောကြားချက်အရ ဦးမြင့်လွင်ဟာ မောင်ဆုရှင် (ဦးမျိုးသန့်) နှင့် ပတ်သက် ဆက်နွှယ်နေသည့် အချက်အလက်များကို သိမ်းဆည်း ထားရသူ တစ်ဦး ဖြစ်ပြီး၊ မောင်ဆုရှင် ကွယ်လွန်ပြီးနောက် ၎င်းအချက်အလက်များကို ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှ ပြန်လည် တောင်းယူခြင်းမှ စတင်၍ ယခု ကဲ့သို့ မိမိကိုယ်ကို သတ်သေရသည့် အဆင့်ထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့တောင်းခံစဉ်တွင် ဦးမြင့်လွင်က ၎င်းအချက်အလက်များမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ပြောဆို သော်လည်း လက်မခံပဲ၊ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှာ အထက်လူကြီးကို အကြောင်းပြ ချိန်းခြောက်တောင်းခံခြင်းများ အကြိမ်ကြိမ်ပြုခဲ့ကြောင်း၊ မောင်ဆုရှင်နှင့်ပတ်သက်သည့် အချက်အလက်ဆိုသည်မှာ မည်သည့်အချက်အလက်များဖြစ်သည်ကိုမူ မသိရှိရကြောင်း၊ အရေးကြီးအချက်အလက်များ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဦးမြင့်လွင်နှင့် နီးစပ်သူအသိုင်းအ၀ိုင်းက ပြောဆိုကြောင်း သိရှိရပါတယ်။

ဦးမြင့်လွင်သည် စာပေဗိမာန်အဆောက်အအုံပေါ်မှ မခုန်ချမီ ပထမအကြိမ်က ကြိုးဆွဲချသေရန် ကြံစည်ခဲ့သော်လည်း ကြိုးပြတ်ကျသဖြင့် အထမမြောက်ခဲ့သည့်အတွက် ယခုလို ဒုတိယအကြိမ် သုံးထပ်တိုက်ပေါ်မှ ခုန်ချခြင်းဖြစ်ပြီး ခုန်ချစဉ်တွင် အသက်မသေဆုံးသေးဘဲ ဆေးရုံရောက်မှ သေဆုံးသွားခြင်းဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။

ဦးမြင့်လွင်အား မိမိကိုယ်မိမိ သေကြောင်းကြံစေရန် လုပ်ဆောင်ခဲ့သူ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) သည် ယခင်က ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သက်ပြည့်ပင်စင်ရရှိပြီးနောက် နေ့စားဝန်ထမ်းအဖြစ်လုပ်ရန် ကြံစည် ခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးမှ ပယ်ချခဲ့သူဖြစ်ပြီး၊ ထို့နောက် အပြင်စာနယ်ဇင်းတစ်ခုတွင် အယ်ဒီတာရာထူးဖြင့် ၀င်ရောက် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး၊ ထို့နောက်မှ ဒုတိယ အကြိမ် ပြန်ကြားရေးတွင် တာဝန် ထမ်းဆောင် နိုင်ရန်ကြိုးစားခဲ့ရာ ၀န်ကြီးထံမည်သို့ ၀င်လုံးခဲ့သည် မသိ ယခု ဒုတိယအကြိမ်တွင် ၀န်ကြီးမှ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း၊ စာပေဗိမာန်တွင် အကြံပေးဖြစ် တာဝန် ထမ်းဆောင် စေကြောင်း သိရှိရပါတယ်။

ထိုမှစတင်၍ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှာ ၀န်ကြီးဝိတ်ကို နေရာတကာတွင် အသုံးချကာ အောက်လက်ငယ်သားများကို မညှာမတာ ခိုင်းစေခြင်း၊ ဟိန်းဟောက်ခြင်း စသည့် ဟောက်စားအလုပ်ကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း၊ ယခု ဦးမြင့်လွင် သေဆုံး ခဲ့ရခြင်းမှာလည်း ၀န်ကြီး၏ ၀ိတ်ကို သုံးကာ နေ့စဉ်နှင့်အမျှ ပြောဆိုချိန်းခြောက်နေရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

(သတင်းပေးပို့ သူ - အစိမ်းရောက်လွင်ပြင်) ။

source by : ကိုနစ်နေမန်း

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form