မန္တလေး ကျွတ်ကျွတ်အိတ် အော်ပရေးရှင်းကြောင့် စားသုံးသူများအခက် တွေ့နေ

ပလတ်စတစ် အိတ်မသုံးစွဲရစီမံချက်ကြောင့် လက်ဖက်ရည်ဆိုင်များက
ပါဆယ်သယ်လို သူများ ထည့်စရာယူလာပါရန် ပန်ကြားထားပုံ
ညွန့်သက်ထားဦး | မန္တလေးမြို့တော်ဝန်က ထုတ်ပြန် ထားသည့် ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း ပလတ်စတစ်အိတ် မသုံးစွဲရ စီမံချက်ကြောင့် မြို့သူ မြို့သားတို့မှာ နေ့စဉ် လူမှု ဘ၀များတွင် အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သတင်း ရရှိသည်။

ပလတ်စတစ် မသုံးစွဲရ စီမံချက်ကြောင့် အခက်အခဲ တွေ့နေသော အိမ်ရှင်မ တစ်ဦး က “ကန်စွန်းရွက်လို ဟာမျိုးကျတော့ ဈေးခြင်းထဲ ထည့်လာလို့ ရတာပေါ့ အသားငါး ၀ယ်ပြီးတဲ့ အခါကျတော့ အခုလို ဆိုင်တွေက ကျွတ်ကျွတ်အိတ် ထည့်မပေးတော့ အိမ်က ဗူးတွေ ခွက်တွေ ထည့်လာရတော့ အတော် ဒုက္ခရောက် တာပေါ့ ”ဟု Freedom News Group သို့ ပြောသည်။


လက်ဖက်ရည် ဆိုင်များနှင့် စားသောက် ဆိုင်များတွင်လည်း ပါဆယ် နှင့် စားသောက်ဖွယ်ရာများ ၀ယ်ယူ သွားသည့်သူများ အတွက် အိမ်မှ ဗူး၊ ခွက်၊ ဇလုံ စသည့် ထည့်စရာ ပစ္စည်းများ ယူဆောင် လာရန် အသိပေးထားသည်။

မန္တလေးမြို့တွင်း ပလတ်စတစ်အိတ် ကင်းစင်ရေး စီမံချက်အတွင်း ကျွတ်ကျွတ်အိတ် သုံးစွဲခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း တို့ကိုတွေ့ ရှိပါက အရေးယူ ခံရမည် ဖြစ်သည်။

မန္တလေး စည်ပင်သာယာရေး ကော်မတီ က ဈေးချိုအနီးရှိ LED ကြော်ငြာ ဆိုင်းဘုတ်တွင် ပလတ်စတစ်အိတ် အစား စက္ကူ၊ အင်ဖက်၊ ကြာရွက်၊ ဗာဒံ ရွက် ၊ ငှက်ပျောရွက် များကို သုံးစွဲသွားရန် တိုက်တွန်း နှိုးဆော်ထားသည်။

ယခုကဲ့သို့ ပလတ်စတစ် အိတ်များကို သုံးစွဲခွင့် မပြုခြင်းမှာ မိုးရာသီတွင် ရေမြောင်းများ၌ ပလတ်စတစ်အိတ် အညစ်အကြေးများ ပိတ်ဆို့ နေသောကြောင့် ဖြစ်သည် ဟု သိရသည်။ ၁၉၉၃ ခုနှစ်ခန့်က ရန်ကုန်တွင် ကွမ်းယာ မရောင်းရစီမံချက် လုပ်ခဲ့သော်လည်း မအောင်မြင် သောကြောင့် ယခု မန္တလေး ကျွတ်ကျွတ်အိတ် အော်ပရေးမှာလည်း မကြာခင် နတ္ထိတံ သွားနိုင်ကြောင်း မန္တလေးမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦးက သုံးသပ်သည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form