ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့ အကြိုညက မန္တလေး၌ လုံခြုံရေး တင်းကြပ်။

ယနေ့ (၁၉၊ ဇွန်၊ ၂ဝဝ၉) သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါ အင်းစိန် အကျဉ်းထောင် အတွင်း၌ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီး တရားစွဲဆိုမှုကို ခံနေရလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ် ဘဝတွင် ဆယ်စုနှစ်ကျော် နေခဲ့ရသူလည်းဖြစ်သည်။

ပြီးခဲ့သည့်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် တောင်းဆိုသည့် စာရွက်စာတမ်း ဖြန့်ကြဲ၊ ဝေငှမှုများ၊ နံရံကပ် ပိုစတာ ကပ်လှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ပေးဝေမှုများ ဆက်တိုက် ဆိုသလိုပင် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြား မြန်မာပြည် မြို့များတွင် ဖြစ်ပွားခဲ့သည်။


(၁၆၊ ဇွန်၊ ၂၀၀၉) ညတွင်လည်း မန္တလေးမြို့ပေါ်တ၀ှမ်း (ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးအား ချက်ချင်းလွှတ်၊ စစ်အဆိုးရ မုချ ကျဆုံးရမည်) ဟု တောင်းဆို ကြွေးကြော် ထားသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ စာရွက်များကို လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစုမှ ဖြန့်ကြဲ ခဲ့ကြကြောင်း (၁၇၊ ဇွန်၊ ၂၀၀၉) RFA ညနေ (၇)နာရီ ရေဒီယို သတင်းအရ သိရှိရသည်။

ထိုသို့ နအဖစစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ မြန်မာပြည်တွင် ဆက်တိုက် ဆိုသလို ဖြစ်ပွားလာခဲ့သည့် အတွက် စစ်အဆိုးရမှာ ကျီးလန့်စာ စားဖြစ်လာခဲ့ကာ ပြည်တွင်းမြို့များ၌ လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ၊ ဖမ်းဆီးမှုများကို ယခုရက်ပိုင်း တင်းကြပ် လုပ်ဆောင် လာခဲ့သည်။

ယခုလည်း (၁၈၊ ဇွန်၊ ၂၀၀၉) တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့်မွေးနေ့ အကြိုည၌ စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ် ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်း ပါဝင်သည့် အဖွဲ့များက မကြာခဏ စာရွက်ဖြန့်ကြဲမှုများ ပြုလုပ်လေ့ရှိသည့် မန္တလေးမြို့ပေါ် နေရာများတွင် လုံခြုံရေး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်များ၏ ပြောပြချက် အရ မန္တလေး- ၃၅ လမ်း နှင့် ၆၂ လမ်းထောင့် မီးပွိုင့်၊ ၇၃ လမ်း- ၃၇ လမ်းတ၀ိုက် (မန္တလေးတက္ကသိုလ် မြောက်ဖက် ပေါက်သို့ ဦးတည်ရာလမ်း)၊ ၃၅ လမ်း ဘုန်းကြီးကျောင်းများ ပတ်ဝန်းကျင်၊ ၈၄ လမ်း၊ ကျုံးဘေး အစရှိသည့်နေရာများတွင် စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့် အဖွဲ့ (တစ်နေရာ လူအင်အား ၂၀ ခန့်နှင့်) လမ်းပေါ် ဖြတ်သန်း သွားလာသူများကို ရပ်တန့်စေကာ အိပ်များဖွင့် စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကားများအား ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်များ အဆိုအရ (၁၈၊ ဇွန်၊ ၂၀၀၉) တစ်ညလုံးနီးပါး (နံနက်လင်းအားကြီး ချိန်အထိ) မန္တလေး၌ စစ်ဆေး မေးမြန်းမှုများ၊ မှောင်ရိပ်ခို စောင့်ကြည့်မှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရသည်။

သို့သော် မှန်ကန်၊ ပါးနပ်၊ ဥာဏ်ထက်သော မန္တလေးမြို့မှ နအဖ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများကို ယခု သတင်း ရေးသားချိန် အထိ စစ်အဆိုးရမှ မဖမ်းဆီးနိုင် သေးကြောင်း သတင်းရရှိပါသည်။

(သတင်းပေးပို့သူ - မောင်မည်း)။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form