ပျောက်ဆုံးသားငယ် တပ်ထဲရောက်နေဟု မိဘများ ပြောဆို

ကိုဝိုင်း မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ၅ လကျော် ပျောက်ဆုံးသော ၁၇ နှစ်သားအရွယ် သားငယ်၏ လက်ရေးနှင့် ရေးသား ထားသည့် စာတစောင်အား မိဘများက ရရှိမှသာ သားဖြစ်သူသည် မွန်ပြည်နယ် သထုံမြို့ရှိ စစ်တပ်ထဲတွင် ရောက်ရှိနေကြောင်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာအုပ်စုရှိ လက်ပံသုံးခွရွာသစ်မှ မိဘများ အပြောအရ သိရသည်။

ယခုအခါ သူတို့က သားရှိနိုင်သည့် သထုံမြို့ ခြေလျင်တပ်ရင်း - ခလရ ၁၁၈ သို့ သွားရောက်စုံစမ်းရန် စီစဉ်နေကြပြီဖြစ်သည်။

‘မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ’ ဖွဲ့စည်းထားပြီး ဥပဒေထုတ်ပြန်၍လည်း မြန်မာစစ်အစိုးရက တားဆီး ပိတ်ပင် ထားသည်။ သို့သော် လက်တွေ့တွင်မူ မြန်မာတပ်မတော်ထဲတွင် ကလေးစစ်သား အမြောက်အမြား ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ဖော်ပြကြသည်။

မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ပျောက်ဆုံးနေသည့် ကလေး၏ မိဘနှစ်ပါးထံသို့ ဆက်သွယ်ကာ ကလေးငယ်ပျောက်ဆုံးပုံ၊ ပေးစာတစောင် ရောက်ရှိလာပုံနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်များကို သိရှိနိုင်ရန်အတွက် မေးမြန်း ထားသည် များကို တင်ပြလိုက်ပါသည်။

(ဖခင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်)


ကလေးပျောက်သွားပုံလေး မှတ်မိသလောက် ပြောပြ ပေးပါလားဗျာ။

ဒိုက်ဦး သံတံတား သူ့အဒေါ်တွေအိမ်ကိုလေ ဆွမ်းလောင်းဖို့ ဝက်သား ၆ ပိဿာကို စက်ဘီးနဲ့ သွားပို့ခိုင်းတာ။ သားသတ်က ဖမ်းပြီးတော့ စည်ပင်ရုံးကို ပို့လိုက်တာ။ ဝက်သားကိုက ရပ်ကွက် လူကြီးက ရောင်းစားလိုက်တယ်လေ။ စက်ဘီးက ဒိုက်ဦးမြို့ စည်ပင်ရုံး မှာပဲ ရှိတယ်။ ကလေးက အစအန မရတာ။ ကျနော် တို့ကို ဘာသတင်းမှလည်း မပို့ဘူး။ ပြီးခဲ့တဲ့နှစ် ၂၆ ရက်နေ့ ၁၂ လပိုင်းကနေ ဖမ်းသွားတာ။ ၂၈ ရက်နေ့ကျမှ ဟိုမေးဒီမေးနဲ့ အဲဒီ သတင်းရတယ်။

ကလေးက အသက်ဘယ်လောက်ရှိလဲ။ ကလေးကိုရော စည်ပင်ရုံးမှာ မတွေ့ဘူးလားခင်ဗျာ။


သူက ၁၇ နှစ်ပေါ့၊ ပျောက်သွားတုန်းက။ စည်ပင်ရုံးမှာ ကလေးက မရှိဘူး။ ဘယ်ရောက်မှန်း မသိဘူး။ ဒီလ ၂ ရက်ပိုင်း ကျတော့မှ ကျနော်တို့ဆီ စာတစောင်တော့ ရထားပေါ်က ပစ်ချသွားတယ်။ ၁၁ နာရီလောက်က။ ကျနော့်ဆီကို ရောက်တာက ညနေ ၅ နာရီလောက်မှ။ အဲဒီရထားက မွန်ပြည်နယ် သထုံဘက်ကို သွားတဲ့ရတား၊ နေပြည်တော်ဘက်က။

အဲဒီစာကရော အိမ်ကို ဘယ်လိုလုပ် ရောက်လာလဲဗျာ။


စာအိတ်နဲ့ ပိတ်ပြီးတော့ ရောက်လာတယ်။ ကျနော့်သားနာမည်က မောင်ကျော်ပို ပေါ့။ သူ့ရဲ့ နာမည်အရင်း ကျော်မျိုးပိုင် ဆိုပြီး စာပို့ထားတယ်။ တပ်နံပါတ်က ခလရ ၁၁၈ သထုံ၊ ကိုယ်ပိုင်နံပါတ်က တ-၄ဝ၆ ၂၉ဝ။ အဲဒီမှာ ရောက်မယ့် သဘောပေါ့။ ဒိုက်ဦး ဒရယ်မြီးရပ်ကွက်ကနေ ဈေးထဲသွားတဲ့ လမ်းကုန်းပေါ့လေ။ ကုန်းပိတ်ထားတာ။ ရထားပေါ်ကနေ စာပစ်ချသွားတာ။ အဲဒီနားက ဆိုက်ကားသမားနဲ့ ကယ်ရီသမားတွေက တွေ့တယ်။ ကျနော်တို့ လက်ပံသုံးခွ ရွာက ကယ်ရီသမားက ယူလာခဲ့ပေးတော့ ညနေ ၅ နာရီထိုးမှ ကျနော့်ဆီကို စာရောက်လာတယ်။

အဲဒီ သထုံမြို့က တပ်မှာ ရောက်တယ်ဆိုတာ အဲဒီစာအရ သိရတာပေါ့နော်။ စာထဲမှာ ဘာတွေ ရေးထားလဲ ခင်ဗျာ။

ဟုတ်ပါတယ်။ အဲဒီ စာအရ သိရတာပါ။ သား အဲဒီတပ်ကို ရောက်နေတဲ့အကြောင်းပေါ့လေ။ မိဘတွေ စိတ်မပူဖို့ဟာကို သူက ရေးထားတယ်။ နယ်မြေကြမ်းတယ်ပေါ့လေ။ သူသွားတဲ့နေရာက။ ကျနော်တို့ကို မလိုက်လာပါနဲ့ဘဲ အဲဒီလိုရေးတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်ကလေး ဘယ်လိုဖြစ်လဲ၊ ကျန်းမာရေးရော ကောင်းရဲ့လား၊ ဘယ်လို နေရထိုင်ရလဲဆိုတာ ကျနော်တို့လည်း သိချင်လို့။ သွားတွေ့ချင်တယ်။

စာထဲက လက်ရေးကရော သူ့လက်ရေး သေချာလားဗျာ။

ဟုတ်ကဲ့။ သူ့လက်ရေး သေချာတယ်။ သူကိုယ်တိုင် ပစ်ချတာလား၊ တခြားလူက ပစ်ချပေးတာလားတော့ ကျနော်တို့လည်း သေချာ မသိဘူး။

အခုရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို စီစဉ်ထားလဲဗျာ။

ကျနော်တို့က ကလေးကို သွားတွေ့ချင်တယ်လေ။ သွားတွေ့ဖို့ အစီအစဉ်တော့ ဆွဲနေပါပြီ။

ရဲစခန်းမှာ အမှုဖွင့်ထားတာတွေ ဘာတွေ ရောရှိလားခင်ဗျာ။

ပထမတုန်းကတော့ အရင်နှစ်ပေါ့၊ ၂၇ ရက်နေ့မှာတော့ မတွေ့သည့်အဆုံး ကျနော်တို့လည်း ဘယ်လိုဖြစ်မှန်းမသိဘူး။ အဲဒါနဲ့ လူပျောက်တော့ ဒိုက်ဦး ရဲစခန်းမှာ တိုင်ချက်တော့ လုပ်ထားသေးတာပေါ့။ ၂၈ ရက်နေ့ကျမှ ဘေးက ပြောစကားအရနဲ့ ကျနော်တို့က သိရတာကိုး။

(မိခင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်)

စည်ပင်ကနေ ကလေးကို ဖမ်းပြီး ဘာလုပ်သေးတယ် ကြားသေးလဲဗျာ။

စည်ပင်ကို မိဘတယောက်အနေနဲ့ ကျမသွားတဲ့အခါမှာလေ။ အလုပ်အမှုဆောင် ဒေါ်ခင်အေးဝင်းက ကျမကို ပြောပြပါတယ်။ အမသားကိုတဲ့ ကျမက မေးမြန်းတဲ့အခါမှာတဲ့ သားရဲ့အဖေက ဘယ်သူလဲဆိုတော့ ဦးတင်မျိုးနိုင် သားတို့ အသား သတ်တာက တောမှာလုပ်တာမှန်တယ်။ မြို့တက်လာရင် ဖမ်းတယ်ပေါ့နော်။ အဖမ်းခံရရင်၊ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်ဒဏ် တနှစ် ကျမယ်လို့ ကလေးကို ခြိမ်းခြောက်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့၊ သူတို့ဘက်က။ အဲဒါနဲ့ မိဘကို သွားခေါ်ခိုင်းတဲ့အခါမှာ သားသတ်ဒိုင်က ချက်ကြီးဆိုတဲ့ အကောင်ကို ဆိုင်ကယ်နဲ့ ဒရယ်မြီးရပ်ကွက်ကုန်းကို ပို့ခိုင်းတယ်တဲ့။ ပို့ခိုင်းတဲ့ အချိန်မှာ ကလေးက အစကို ရှာမရဘူး။ သူတို့ဘက်ကနေ ကျမတို့ကို သတင်းမပေးလို့။ ကျမတို့လည်း တခါမှ မရောက်ဖူးဘူးပေါ့နော်။

ဒီဝက်သားလေး ၆ ပိဿာနဲ့ကို ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်တာပေါ့နော်။ ကျမတို့လည်း ဘယ်လိုတွေ ဖြစ်မှန်းကို မသိဘူး။ စဉ်းစားရခက်နေတယ်။ ဒီကလေး အတိုင်းအတာကိုလည်း။ ကလေးက ပျောက်တဲ့အချိန်မှာ ၁၇ နှစ်ပါ။

ကလေးဘယ်ရောက်သွားတယ် ဆိုတာကိုရော စည်ပင်ရုံးက ဘာပြောလိုက်သေးလဲဗျာ။

သူတို့ မသိဘူးဘဲ ပြောတယ်။ မိဘကို အမြန်ရောက်စေချင်ဇောနဲ့တဲ့ ကလေးကို ခေါ်ခိုင်းလိုက်တာတဲ့။ သူ့အဖေကို ခေါ်ခိုင်းလိုက်တယ်ပေါ့နော်။ ကြားမှာ ပျောက်သွားတယ်။ ကျမတို့ဆီလည်း မရောက်ဘူး ကလေးက။ စာရမှပဲ စစ်တပ်ထဲ ရောက်နေတယ်ဆိုတာ သိရတာပါ။

လက်ပံသုံးခွရွာနဲ့ ဒိုက်ဦးနဲ့က ဘယ်လောက်ဝေးလဲဗျာ။

၃ မိုင်လောက်တော့ ဖြစ်မယ်။ စက်ဘီးနဲ့ပဲ သွားကြတာပဲ။






source by : မဇ္ဈိမ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form