Swine Flu(H1N1)ဗိုင်းရပ်စ် ကာကွယ်ရေး သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ထား

ပလက်နက် | ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က လက်ရှိ ဖြစ်ပွားနေသော Swine Flu(H1N1) ကူးစက်မှု သတိပေးချက်ကို အဆင့်(၅)အဖြစ် သတ်မှတ် လိုက်ကြောင်း ဧပြီလ(၂၉) ရက်နေ့က ကြေညာခဲ့ပြီး နိုင်ငံတကာ အစိုးရများကို သက်ဆိုင်ရာ နိုင်ငံအလိုက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပြုလုပ်ရန်၊ ပြည်သူများအား သတိပေးချက် ထုတ်ပြန်ကြရန် နှိုးဆော်လိုက်သည်။ ထိုအဆင့်သည် ကမ္ဘာလုံးဆိုင်ရာ ကပ် ရောဂါကြီး အဖြစ် သတ်မှတ်ရမည့် အဆင့်(၆)သို့ ရောက်ရှိရန် (၁)ဆင့်သာ လိုတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များမှ Swine Flu(H1N1) အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားပြီဟု သိရသည်။ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်သူ လူထုသို့ သတိပေး နှိုးဆော်ချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။

(ကြေးမုံသတင်းစာပါ သတိပေးနှိုးဆော်ချက်)


(ရန်ကုန်လေဆိပ်တွင် စစ်ဆေးမှုများပြုလုပ်နေစဉ်) (ဓာတ်ပုံ-ဂျေမောင်မောင်“အမရပူရ”)
Swine Flu (H1N1)ဗိုင်းရပ်စ်အတွက် Foxသတင်းဌာန၏ အကြံပြုချက် (၁၀)ချက်

ကမ္ဘာနှင့်တ၀ှမ်းတွင် ခြိမ်းခြောက်နေသည့် ဝက်တုပ်ကွေးခေါ် Swine Flu(H1N1)ဗိုင်းရပ်စ်အား ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်း(၁၀)ခုကို Foxသတင်းဌာနက ယခုကဲ့သို့ အကြံပြု ဖော်ပြထားသည်။

၁။ Swine Flu(H1N1)ကို ကာကွယ်ဖို့ အခြေခံအကျဆုံးမှာ လက်ဆေးရန်ဖြစ်သည်။ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ စက္ကန့်(၂၀)မျှကြာအောင် လက်ကြိုလက်ကြား နေရာများအထိ ဆပ်ပြာသုံးပြီး သန့်စင်သော ရေဖြင့် ဆေးကြောပါ။ ထိုအခါ လက်တွင် ကပ်ငြိနေနိုင်သော ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပြီးသား ဖြစ်သွား လိမ့်မည်ဟု လောင်းအိုင်းလန်း ကောလိပ်ဆေးရုံမှ လက်ထောက်ပါမောက္ခ ဒေါက်တာကလစ်ဖို့ ဘတ်ဆက်က ပြောကြားခဲ့သည်။



၂။ ရေမရှိလျင် (သို့မဟုတ်) ရေ အလွယ်တကူ မရလျင် အယ်လ်ကိုဟော ပါဝင်သည့် Sanitizer တစ်မျိုးဖြင့် လက်ကို ခဏခဏ ပွတ်ပေးပါ။ ထိုဂျယ်သည် ရေရှားသော အရပ်များတွင် လက်ကို ဆေးကြောရန် အသုံးဝင်သော ဓာတုဓာတ်ပေါင်းမျိုး ဖြစ်သည်။ လက်ကိုဂျယ်နှင့် ပွတ်ပြီးချိန်တွင် လေထဲတွင် ခါယမ်းပြီး လေသလပ်ကာ အခြောက်ခံပါ။ ထိုဂျယ်တွင် ပါသော အယ်လ်ကိုဟော ဓာတ်က လက်တွင်ရှိသော တုပ်ကွေး ရောဂါ ပိုးများကို သတ်ဖြတ် နိုင်ပါလိုက်မည်။ သို့သော်လည်း လက်တွင် လိမ်းသည့် ဆေးရည်တိုင်း ပိုးသတ်နိုင်သည့် အစွမ်း သတ္တိ မရှိကြောင်း သတိပြု သင့်ပါသည်။

၃။ နှာစေးလျင်၊ ချောင်းဆိုးလျင် နှာခေါင်းနှင့်ပါးစပ်ကို ကာထားပါ။ ဒေါက်တာ ဘက်ဆက်က နှာစေးနေသည့် အချိန်များတွင် လက်ကို မျက်နှာနှင့် နှာခေါင်းများအား မကြာခဏ မပွတ် သင့်ကြောင်း အကြံပြုခဲ့သည်။ လက်တွင် ကပ်နေသည့် တုပ်ကွေး ဗိုင်းရပ်စ်များသည် မျက်နှာတွင်ရှိသည့် အစိတ်အပိုင်းများမှ တဆင့် ခန္ဓာကိုယ်ထဲ ပြန့်နှံ့ ၀င်ရောက် သွားနိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် နှာစေး၊ နှာရည်ယိုသဖြင့် နှပ်ညှစ်ပြီးလျင်လည်း လက်ကို စင်စင် ကြယ်ကြယ် ဖြစ်အောင် သတိပြု ဆေးကြောရန် ဒေါက်တာ ဘက်ဆက်က သတိပေးခဲ့သည်။

၎။ ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါရှင်များ ရှိနေသည်ဟု သံသယရှိပါက နှာခေါင်းနှင့် ပါးစပ်များကို ကာကွယ် ပေးသည့် မျက်နှာဖုံး(Mask)များအား အသုံးပြုသင့်ပါသည်။







၅။ အကယ်၍ တုပ်ကွေး ရောဂါ ဖြစ်ပွားနေသည့် လက္ခဏာများ ပေါ်ပေါက်လာပြီး ဖျားနာ နေပြီဆိုလျင် အိမ်တွင် နားနေသင့်ပါသည်။ လူများသော နေရာများနှင့် အလုပ်ခွင်သို့ သွားရောက်ခြင်း မျိုးကို ရှောင်ကြဉ်ရပါမည်။





၆။ ဗီတာမင်စီ(C)ကို ဖြည့်ဆည်း ပေးနိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကို မှီဝဲရပါမည်။ ဗီတာမင်စီ(C)သည် တုပ်ကွေးကို ဟန့်တားနိုင်သည်ဟု ပညာရှင်များက လက်ခံယုံကြည်ထားသည်။







၇။ ညီညွတ်မျှတသော အစာအာဟာရကို ဖြည့်တင်း စားသောက်ပါ။ အာဟာရ ပြည့်အောင် စားသောက်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့သည် လူ့ကိုယ်ခံအားကို တိုးတက် ကောင်းမွန်စေသည်။ များများ အနားယူခြင်းသည် တုပ်ကွေးကို ချေဖျက် နိုင်မည့် အကောင်းဆုံး လုပ်ဆောင်မှု တစ်ခုဆိုသည်ကို သိထားသင့်ပါသည်။




၈။ ကလေးငယ်များကို ကျန်းမာရေးနှင့်လျော်ညီအောင် နေထိုင် ကျင့်ကြံ တတ်သည့် အလေ့အကျင့် ပျိုးထောင် ပေးပါ။ ၎င်းတို့အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးသည် မည်မျှ အရေးပါကြောင်း ကလေးများ သိရှိသင့်ပါသည်။





၉။ ပရိဘောဂ အသုံးအဆောင်များ၊ ခန္ဓာကိုယ်နှင့် ထိတွေ့မှုများမည့် နေရာများကို သန့်ရှင်းစွာထားပါ။ ပိုးသတ် ဆေးဖြန်းပါ။ တုပ်ကွေးဗိုင်းရပ်စ်များသည် စားပွဲ မျက်နှာပြင်များ၊ ကွန်ပျူတာ ကီးဘုတ်များ စသည့် လူ့လက်နှင့် မကြာခဏ ထိတွေ့ နိုင်သည့် နေရာများတွင် နာရီ အတန်ကြာ ရှင်သန် နေနိုင်သည့် အစွမ်းရှိသည်။




၁၀။ ရောဂါဖြစ်ပွားနေကြောင်း သေချာခဲ့ပြီဆိုလျင် နီးစပ်ရာ ကျန်းမာရေးဌာန များဆီသို့ အမြန်ဆုံး သွားရောက်ပြီး လိုအပ်သော ဆေးဝါး ကုသမှုများ ခံယူသင့်ပါသည်။







source by : ပလက်နက်
source by : FoxNews

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form