ယနေ့ အင်းစိန်ထောင်ရှေ့ထိုင်သပိတ်၌ လေးဦး အဖမ်းခံရ သော်လည်း အောင်မြင်စွာ ပြီးဆုံး


အတားအဆီးတစ်ခုစီတိုင်းတွင် ရဲအရာရှိ တစ်ဦးစီစောင့်ကြပ်နေရ
(AP Photo/Khin Maung Win)
စနေငချွတ် | ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ထားသော အမှုကို မနက်ဖြန် မနက် ၁၀နာရီတွင် ထပ်မံ စစ်ဆေးရန် အင်းစိန် ထောင်တွင်းရှိ အထူး တရားရုံးမှ ရုံးချိန်း ထပ်မံပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအား ယနေ့ အင်းစိန်ထောင်တွင်းစစ်ဆေးနေစဉ်အတွင်း ထောင်အပြင်တွင် သူမအား ထောက်ခံသူ ရာပေါင်းများစွာက ငြိမ်သက် ငြိမ်းချမ်းစွာဖြင့် ထိုင်သပိတ် တိုက်ပွဲ ဆင်နွဲ ခဲ့ကြသည်။ သူမအားထောက်ခံသူလူငယ်များနှင့်အတူ ဦးဝင်းတင်လည်း အတူရှိနေခဲ့သည်။

မနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံးဉ် ရုံးထုတ်ကာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူများမှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်တရားစွဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူနေသော ဒေါ်ခင်ဝင်းနှင့် သမီးဖြစ်သူ တို့ကိုလည်း အမှုကို အားပေး ကူညီမှုဖြင့် တရားစွဲဆို ထားသည့် အမှုကို ယနေ့ စတင်စစ်ဆေးခြင်းဖြစ်သည်။

ယနေ့ အင်းစိန်ထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွင် ရွှေပြည်သာ မြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် နှစ်ဦးကို ဖဲကြိုးနက်များ ဝေငှမှုဖြင့် ဖမ်းဆီးလိုက်ပြီး အခြားနှစ်ဦး ကိုမူ ပိတ်စအနီများ နှင့်ဆေးစုတ်တံများရှာဖွေ တွေ့ ရှိမှုဖြင့်ဖမ်းဆီးထားသည်။

ယနေ့ အင်းစိန်ထောင် တစ်ဝိုက် သာမက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများတွင် လုံခြုံရေး အထူး တင်းကျပ် ထားပြီး လမ်းဆုံလမ်းခွ တိုင်းတွင် ရဲလုံထိန်းကားနှင့် စစ်ကားများ ချထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုသည့် သတင်းကို ပြည်တွင်းရှိ ဂျာနယ်များတွင် ဖေါ်ပြခွင့် မရသလို တရားစီရင်မှု ကို အများပြည်သူ ကြည့်ရှု ခွင့်မပြုကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အပြစ်မရှိဘဲ တရားစွဲဆို ထားခြင်း အတွက် နိုင်ငံတကာရောက် မြန်မာများက ထိုနိုင်ငံများရှိ မြန်မာ သံရုံးများ ရှေ့တွင် ဆန္ဒပြကြသည်။

မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်ချိန်တွင် အင်းစိန်မြို့နယ်တွင်းရှိ လိုင်းဖုန်းများနှင့် မိုဘိုင်းဖုန်းလိုင်းများအား ဖြတ်တောက် ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား စစ်အစိုးရမှ အချိန်ဆွဲ၍ စစ်ဆေးပြီး အချိန်ကြာမြင့် လာသည်နှင့်အမျှ ပြည်သူလူထု ၏ အာရုံစိုက်မှု လျှော့ကျအောင် လုပ်နိုင်သည် ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုသော သတင်းအား မြန်မာ စစ်အစိုးရ မီဒီယာများတွင် ဖေါ်ပြခြင်း မရှိသည့် အတွက် ပြည်သူများက ရေဒီယို နားထောင်၍၎င်း၊ အင်တာနက် ဆိုင်များတွင် သွားရောက် ကြည့်ရှု၍၎င်း၊ စုံစမ်း သတင်းရယူရသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form