မြစ်ဝကျွန်းပေါ်မှ ရုန်းကန်နေရဆဲ ဘဝများ

မင်းခက်မောင် | ဒေါ်သိန်းသိန်း၏ အသေးစား မွေးမြူရေး လုပ်ငန်းလေးသည် တချိန်က သူအပါအဝင် မိသားစုဝင် ၆ ဦးအတွက် ဖူလုံသည့် လုပ်ငန်းလေး ဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် သူ၏ တနိုင်တပိုင် မွေးမြူရေး ပျက်စီးခဲ့သည်မှာ တနှစ် ကြာပြီ ဖြစ်သော်လည်း သူ၏ လုပ်ငန်းကို ပြန်လည် မထူထောင်နိုင်သေးပါ။

ဘဲကျောင်းနေသော ဖျာပုံမြို့နယ်၊ နောင်တော်ကြီး ကျေးရွာမှ ရွာသားများ။ အသေးစား ကြက် ဘဲ မွေးမြူရေး လုပ်ငန်းမှ ရသည့်ငွေသည် ရွာသားများအတွက် ရှင်သန်နေထိုင်လောက်ရုံ ၀င်ငွေသာ ဖြစ်သည် (ဓာတ်ပုံ-မင်းခက်မောင်/ ဧရာဝတီမဂ္ဂဇင်း)
၂၀၀၈ ခုနှစ် မေလက ရန်ကုန်မြို့ နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ်ဆိုင်ကလုန်း မွှေနှောက် တိုက်ခိုက်ချိန်တွင် သူ၏ ဒေါ်လာ ၃၀၀ ထက်မက တန်ဖိုးရှိသော ဘဲ ကောင်ရေ ငါးဆယ်ခန့် နှင့် ၀က်သုံးကောင် ဆုံးရှုံးခဲ့ရသည်။

“အိမ်နီးချင်းဆီကနေ အကြွေးနဲ့ ၀ယ်ထားတဲ့ ဒီဝက်ကလေးပဲ ရှိတယ်” ဟု ဒေါ်သိန်းသိန်းက ၀က်ခြံထဲတွင် အိပ်နေသော ၀က်တကောင်အား လက်ညှိုးထိုးပြပြီး ပြောသည်။ ဘဲခြံထဲတွင်မူ ဘဲတကောင်မျှ မရှိပေ။

ဒေါ်သိန်းသိန်း၏ ရွာသည် မုန်တိုင်းဒဏ် အခံရဆုံး ဒေသ တခုဖြစ်သော ဖျာပုံမြို့နယ် အတွင်းရှိ နောင်တော်ကြီး ကျေးရွာ ဖြစ်သည်။

ဒေါ်သိန်းသိန်းသည် အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပြီး ကလေးငါးယောက် မိခင်ဖြစ်သည်။ နာဂစ်မုန်တိုင်း မတိုက်ခတ်ခင် အထိ ခင်ပွန်းမရှိ အိမ်ရှင်မ တဦးတည်းအဖို့ မိသားစု ၀င်ငွေ ရှာရာတွင် မည်သည့်အခါမှ ဤမျှလောက် မခက်ခဲခဲ့ပေ။ ယခု အချိန်တွင် ဆန်ဖိုး အလုံအလောက် ရဖို့ပင် မောမော ပန်းပန်း၊ ခက်ခက် ခဲခဲ ရှာနေရသည်။

သူ၏ဘ၀ ပြောင်းလဲသွားချိန်မှစ၍ ဒေါ်သိန်းသိန်းနှင့် အသက် ၁၆ နှစ်အရွယ် အကြီးဆုံးသားသည် ရွာတွင် နေ့စား သူရင်းငှား (စာရင်းငှား) အဖြစ် လုပ်ကိုင်နေရသည်။

“ကျမတို့ အရင် လုပ်ခဲ့တဲ့ ဘဲမွေး၊ ဝက်မွေးတာကိုပဲ ပြန်လုပ်ချင်ပါတယ်။ ဒါပေမယ့် အကူအညီ ဘာမှမရှိတော့ ဘယ်လို လုပ်နိုင်မှာလဲ” ဟု သူက ပြောသည်။


ရွာသူ ရွာသားများသည် မွေးမြူရေး လုပ်ငန်းများ ပြန်လည် ထူထောင်ရန် အကူအညီ တစုံတရာ မရရှိသေးဟု ဒေါ်သိန်းသိန်းက ပြောသည်။

ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင်လည်း ဒေါ်သိန်းသိန်း ကဲ့သို့ပင် ၎င်းတို့၏ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများကို ပြန်လည် ထူထောင်နိုင်ခြင်း မရှိသော အသေးစား လုပ်ငန်းရှင် လယ်သမား ထောင်ပေါင်း များစွာ ရှိနေသေးသည်။

ကျေးရွာငယ်များ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက်မူ အိမ်နောက်ဖေး တနိုင်တနိုင် မွေးမြူရေး လုပ်ငန်းသည် အဓိက ၀င်ငွေရသော အခန်းကဏ္ဍတခု ဖြစ်သည်။

ကြက်၊ ဘဲ မွေးမြူခြင်းမှရသည့် ဥ နှင့် အသားက လူတို့အတွက် အာဟာရကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အပို ၀င်ငွေလည်း ရစေသည်။ ၀က်များကို ၀င်ငွေအတွက် မွေးမြူကြသကဲ့သို့ မင်္ဂလာဆောင် နှင့် ပွဲတော်များ ကဲ့သို့သော အထူးတလည် အခါသမယများ အတွက်လည်း မွေးမြူကြသည်။ ၀က်များကို နေအိမ်ဝင်းအတွင်း မွေးမြူနိုင်သောကြောင့် မွေးမြူရေးခြံ မရှိသော သူများအတွက် အရေးပါသည့် သတ္တဝါဖြစ်သည်။

ကျွဲနှင့် နွားသည် မွေးမြူရန် အတွက် မြေနေရာ ပိုမို လိုအပ်ပြီး၊ ထွန်ယက်ခြင်း နှင့် သယ်ယူ ပို့ဆောင်ရေး အတွက် အရေးကြီးသည့် လယ်ယာသုံး တိရစ္ဆာန်များ ဖြစ်သည်။

နာဂစ် မုန်တိုင်းကြောင့် ပြည်သူပေါင်း ၁၄၀ ၀၀၀ နီးပါး အသေအပျောက်ရှိပြီး လူပေါင်း ၂ သန်းကျော် ဘ၀ ပျက်ခဲ့ရသည်။

ဆိုင်ကလုန်း တိုက်ခိုက်ပြီးနောက် ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ ၀က် အိမ်မွေး တိရစ္ဆာန် များစွာသည် ဆိုင်ကလုန်းသင့် ပြည်သူ များနှင့် အတူ သေကြေခဲ့ရသည်။ ထို့ကြောင့် ဘ၀ကို ပြန်လည် ထူထောင်ရန် ကြိုးစား နေဆဲ ဖြစ်သော အသက်ရှင် ကျန်ရစ်သူ ဒေသခံများအတွက် ကာလရှည်ကြာစွာ ရင်းနှီးမြှုပ်နှံရသော အဓိက လုပ်ငန်း ဆုံးရှုံးရလေသည်။

ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အဆိုအရ ဘဲ ကောင်ရေ ၅၂၅ ၀၀၀ (စုစုပေါင်း ကောင်ရေ၏ ၅၂ ရာခိုင်နှုန်း)၊ ကြက်ကောင်ရေ ၁. ၅ သန်း (၄၅ ရာခိုင်နှုန်း)၊ ၀က်ကောင်ရေ ၆၈ ၀၀၀ (၂၈ ရာခိုင်နှုန်း)၊ ဆိတ်ကောင်ရေ ၇၅၀၀ (၃၀ ရာခိုင်နှုန်း) နှင့် လယ်ယာသုံး ကျွဲနွား ကောင်ရေ ၂၂၇ ၀၀၀ (ကျွဲ ၅၁ ရာခိုင်နှုန်း နှင့် နွား ၂၃ ရာခိုင်နှုန်း)သည် ဆိုင်ကလုန်းကြောင့် သေကြေခဲ့ရသည်။

ဆုံးရှုံးသွားခဲ့သော တိရိစ္ဆာန်များကို ပြန်လည် အစားထိုးပေးရန်အတွက် စစ်အစိုးရ၊ ကုလ သမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အများ အပြားမှ အသေးစား လုပ်ငန်းရှင် လယ်သမားများသို့ ကြက်၊ ဘဲ နှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ လှူဒါန်းခဲ့သည်။

“အကူအညီ ဖြန့်ဝေပေးတဲ့ နေရာမှ ကျနော်တို့ ပစ်မှတ်ထားတာကတော့ အသက် မွေးဝမ်းကြောင်း လုပ်ငန်းကို ကိုယ့်ဘာသာကိုယ် ပြန်လည် ထူထောင်နိုင်ခြင်း မရှိတဲ့ ဆင်းရဲသားတွေ၊ မြေယာမဲ့တွေ၊ အမျိုးသမီး ဦးဆောင်တဲ့ မိသားစုတွေ ဖြစ်ပါတယ်” ဟု FAO အရာရှိတဦးက ဆိုခဲ့သည်။

အသေးစား အိမ်မွေး တိရစ္တာန် လုပ်ငန်းရှင် လယ်သမားများကို ကူညီခြင်းသည် လူသားချင်း ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်နေသည့် အေဂျင်စီများအတွက် ချက်ချင်း လက်ငင်း အရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းများအနက် တခု ဖြစ်သည်၊ ဤလုပ်ငန်းက အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်းကို မှီခိုနေရသူ လယ်သမားများအတွက် မရှိ မဖြစ် ၀င်ငွေရ လုပ်ငန်းတခု ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ထိုအရာရှိက ပြောသည်။ အကူအညီများ ပေးနေသော်လည်း ဆုံးရှုံးသွား သည့် တိရစ္ဆာန်များ၏ နေရာတွင် ရာခိုင်နှုန်း အနည်းငယ် ကိုသာ ဖြည့်ဆည်းနိုင်သေးသည် ဟု FAO အရာရှိက ဆိုသည်။

ဝက်ကောင်ရေ ၁၂ ရာခိုင်နှုန်း၊ ကျွဲ နှင့် နွား ကောင်ရေ ၃ ရာခိုင်နှုန်း၊ ကြက်ကောင်ရေ ၁ ရာခိုင်နှုန်း၊ ဘဲကောင်ရေ ၂၀ ရာခိုင်နှုန်းကိုသာ အစားထိုးပေးနိုင်သည်ဟု FAO ကိန်းဂဏန်းများအရ သိရသည်။

“ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကျနော်တို့ နိုင်ငံတကာ အကူ အညီတွေ ပိုပြီး လိုနေပါတယ်။ ဒါပေမယ့် အခုအထိတော့ ကျနော်တို့ ဘဏ္ဍာငွေ အနည်းအကျဉ်းပဲ ရပါသေးတယ်” ဟု သူက ပြောသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form