၂၀၀၃ခု မေ၃၀ ဒီပဲယင်း အရေးအခင်း နေ့ ၆ နှစ် ပြည့် အထူး အစီအစဉ် (ပ၊ဒု)

ဒီပဲယင်းကိုယ်တွေ့ -ဦးဇင်း ဦးဝိမလ
မြန်မာနိုင်ငံသမိုင်းတွင် စစ်လက်နက်အားကိုးဖြင့်တိုင်းပြည်အာဏာကို မတရားရယူ၍ အစိုးရအမည်ခံ အုပ်ချုပ် နေသော နအဖ စစ်အာဏာရှင်တို့ ၏ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များစွာထဲမှ ထင်ရှားသော သွေးစွန်း လုပ်ရပ်တခုကို ထုတ်ပြပါဆို လျှင် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ကျည်ရွာအနီးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ ပြည်သား တို့အား နအဖ စစ်အုပ်စုက ၂၀၀၃ခုနှစ်မေလ ၃၀ရက်သောကြာ နေ့ ည လမိုက်ညတွင် တဘက်သတ် ခြုံခိုတိုက်ခိုက် ရိုက်နှက်သတ်ဖြတ်လုပ်ကြံကြသောသမိုင်းဝင် ကမ္ဘာသိ ဒီပဲယင်းအရေး အခင်းနေ့ ဟု ပြောရ ပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအဖွဲ့ ချုပ် ဒု-ဥက္ကဌ အဘဦးတင်ဦး၊လူကြီး လူငယ်တချို့  အသက်ဘေးမှ လက်မတင် လေး လွတ်မြောက်ခဲ့သော်လည်း၊ အပြစ်မဲ့ လက်နက်မဲ့ပြည်သူများ သေပွဲဝင်ခဲ့ရသော သွေးစွန်းနေ့  ဒီပဲယင်းနေ့ သည် ယခု နှစ် ၂၀၀၉ မေလ ၃၀ရက် နေ့ ဆိုလျှင်ဘာလိုလိုနှင့် ၆နှစ် ပတ်လည်ပင် ရောက်ရှိ ခဲ့ပေပြီ။ ထိုသို့ တနှစ် တနှစ် တိုးကာ ကြာမြင့် လာသော်ငြားနိုင်ငံတော်လုပ်ကြံမှုဖြစ်သော ထိုအရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသော မြန်မာ့သမိုင်း စစ်ရာဇဝတ် ကောင် ၊ရဲရာဇဝတ်ကောင်၊ကြံ့ဖွတ် စွမ်းအားရှင် ရာဇဝတ်ကောင် တို့သည် ယခု အထိ အမှုဖွင့် တရားစွဲဆိုခြင်း မခံရသေးဘဲ၊ လက်နက် မဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ကို လိုက်နာကြသော အပြစ်မဲ့ ပြည်သူတို့နှင့် တကွ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင် ဦး တို့ သည် တရားလိုအဖြစ်မှတရားခံအဖြစ်သို့ ရောက်နေကြရရှာသော ခေတ်ပြောင်းပြန် ခေတ်ပျက်ကြီးထဲက အမှန်တရား ပျောက်ဆုံးနေဆဲ ဒီပဲယင်းနေ့ ၆နှစ်ပတ်လည် ဟုပင် ဆိုလိုက် ချင်တော့သည်။

သမိုင်းမှန်လျှင် ဖျောက်ဖျက်မရ။ သမိုင်းကို လူလုပ်သဖြင့် သမိုင်းမှန်ထဲတွင် အမှန်တကယ် ပါဝင် ပတ်သက် ခဲ့သော သက်ရှိထင် ရှား အသိဉာဏ် မချို့ယွင်းကြသော လူတို့၏ အသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်ကာ ပျံ့နှံ့ နေမည် အမှန်ပင်တည်း။

စစ်အာဏာရှင် တို့က ဘယ်လိုပင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ် ပလေ့စေ။ မဝေးလှသော အနာဂတ်တွင် အမှန်တရား ၏ တရားစီရင်မှုခုံရုံးရှေ့ တွင် မျက်မြင်သက်သေများ၏ ခိုင်လုံသော ထွက်ချက် များကြောင့် သမိုင်းဘီး တပတ်ပြန်လည်လျှက် ပြည်သူ တို့ကို တရားမဲ့ စော်ကားခဲ့သော သွေးကြွေး တို့ကို ပြည်သူ့ ခုံရုံး ကြိုးစင် ထက်တွင် အာဏာရှင် ဆာဒမ်ဟူစိန် ကဲ့သို့ သန်းရွှေတို့ ငမိုက်သား တသိုက် လှလှကြီး ပြန်ပေးဆပ် ရဦးမည်ကို မြင်ယောင် နေမိတော့သည်။

သွေးစွန်း ခဲ့သော ဒီပဲယင်း အရေးအခင်း ကာလအတွင်း မျက်မြင် သက်သေ အဖြစ် ပါဝင် ပတ်သက်ခဲ့သူ၊ အရေးအခင်း မှာ ပြည်သူ ဘက်က ကူညီ ပါဝင်ခဲ့လို့ ထောင်ဒဏ် ကျခံခဲ့ရသူ၊၂၀၀၄ခုနှစ် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အိပ်ငိုက်ချင်းမှ ချက်ချင်း ထလော့ တိုက်ပွဲခေါ် သင်္ကြန် သံချပ်ခွေထဲမှာ ထည့်သွင်း စပ်ဆို ဂုဏ်ပြုခံခဲ့ရတဲ့ ဦးဇင်း တပါး ။

ယခုအခါ အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့ တွင် အခြေချနေထိုင်နေသူ၊ သာမန်လူမဟုတ်သော သံဃာတော် အရှင်သူမြတ် ဦးဇင်း ဦးဝိမလအား မိမိတို့ ဟစ်တိုင် အမေရိက သတင်းထောက်တဦးက လူတွေ့ အင်တာဗျူးလုပ်ကာ တင်ပြ ထားချက်များကို ယခု ဒီပဲယင်း ၆နှစ်ပတ်လည် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အတွက် ဟစ်တိုင် အထူး အစီအစဉ် အဖြစ် အောက်ပါ အတိုင်း တင်ဆက် လိုက်ရပါသည်။

ဟစ်တိုင်။ ။ဦးဇင်းဘုရား၊ဦးဇင်းကို ဒီပဲယင်းနေ့ အတွက် အင်တာဗျုးခွင့်ရတာ တပည့်တော်တို့ ဟစ်တိုင် မီဒီယာ အဖွဲ့ ကိုယ်စား တပည့်တော်က ဝမ်းမြောက်ကြောင်း ဦးတင်လျှောက်ထားပါတယ်ဘုရား။ဦးဇင်းဘွဲ့ တော်ကစလို့  ဦးဇင်း ကြုံတွေ့ ခဲ့ရတဲ့ ဝမ်း နည်းဖွယ်ရာဒီပဲယင်းအရေးအခင်း ဖြစ်ရပ်မှန်တွေကို အများတကာ သိရှိမှတ်သား အကျိုးများအောင် ဟစ်တိုင်မှတဆင့် ပြည့် ပြည့်စုံစုံလေး မိန့် ကြားပေးတော်မူပါဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းဘွဲ့ က ဦးဝိမလ ဖြစ်ပါတယ်။ဦးဇင်းဇာတိက စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ နယ်၊ဒီပဲယင်းနဲ့ လေးမိုင်အကွာ ကျည်ရွာဇာတိပါ။ ဒီပဲယင်းမြို့ နယ်၊စိုင်ပြင် အထကကျောင်းမှာ အလယ်တန်းအထိ လောကီပညာ သင်ခဲ့တယ်။၆တန်းမှာပဲ ကျောင်းကထွက်ပြီး၊ ဇာတိ ကျည်ရွာ၊မြောက်ကျောင်းကြီးမှာ ရှင်သာမဏေကိုရင် စတင်ဝတ်ခဲ့တယ်။အဲဒီနောက် ၁၉၉၄ခုနှစ် မှာ ရဟန်းဘောင်သို့ ဝင်ပြီး ၊မုံရွာမြို့ဓမ္မပါရဂူ ပါဠိတက္ကသိုလ်စာသင်တိုက်၊ရန်ကုန် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင် တိုက် ၊ရန်ကုန် သင်္ဃန်းကျွန်း ရွှေနားပန်ကျောင်းတိုက်တွေမှာ လောကုတ္တရာ စာပေတွေ လေ့လာသင်ယူခဲ့တယ်။၂၀၀၂ ခုနှစ် ထဲမှာ ကျန်းမာရေးချို့ တဲ့နေတဲ့ ဦးဇင်းဇာတိ ကျည်ရွာကျောင်း ဥပဇ္ဈယ်ဆရာတော်ကြီးကို ပြန်လည်ပြုစုဖို့  တပည့်တပါး အနေ နဲ့ အလှည့်ကျလာတာမို့ ၊ရွာကျောင်းမှာ ပြန်လည်သီတင်းသုံးခဲ့တယ်။

ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ ၃၀ရက်မှာ ဦးဇင်းတို့ ကျည်ရွာ ကားလမ်းမပေါ်မှာ နာမည်ကျော် ဒီပဲယင်း အရေးအခင်း ပေါ်ပေါက် လာပုံကို မိန့်ကြားပါဦး ဘုရား။

ဦးဇင်းဦးဝိမလ။ ။အဲဒီအရေးအခင်းဖြစ်တော့ ဦးဇင်း ကျည်ရွာမှာ သီတင်းသုံးနေတယ်။ဦးဇင်းကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြ မယ်။ ၂၀၀၃ခု မေလဆန်းကတည်းက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးလှည့် လည်နေတယ် ဆိုတဲ့ သတင်းကို ရေဒီယိုတွေက တဆင့် ဦးဇင်းကြားသိနေခဲ့ရတယ်။ဒေါ်စုတို့ အဖွဲ့ ကို ပြည်သူတွေ သောင်း သောင်းဖျဖျ ကြိုဆို ကြတာတွေ၊ နအဖ စစ်တပ် ရဲ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင် တွေက ခရီးလမ်းမှာ အမျိုးမျိုးနှောက်ယှက် နေတဲ့ သတင်းဆိုးတွေလည်း ဦးဇင်းကြား နေခဲ့ရတယ်။ဦးဇင်းတို့  ဒီပဲယင်းကို လာမယ်လို့ လည်း သိရတယ်။ ဒီလိုနဲ့ ဒေါ်စုတို့ သတင်းနားစွင့်နေရင်း ရွာသူ ရွာသားတွေကလည်း ဒေါ်စုတို့ လာရင် သွားကြိုကြမယ် ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာကြား နေရတာ အားရှိ စရာပေါ့။ မေလ၂၆ ရက်နေ့ ရောက်တော့ မကောင်းတဲ့ သတင်းတခု ကြားရတယ်။ ရွာထဲက ဒကာတယောက် က ဦးဇင်းကို လာလျှောက်တယ်။ အားလုံးက လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပြည်သူ့ အချစ်တော် လူထု ခေါင်းဆောင် ဒေါ်စုတို့ကို တွေ့ချင်လို့ ဝမ်းသာ ပျော်ရွှင် နေချိန်မှာ၊ ဒေါ်စုတို့ကို မုန်းနေတဲ့ နအဖ လက်ပါးစေ အလိုတော်ရိ ပြည်သူ့ သစ္စာဖောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်း မြို့တော်ခန်းမ (ဆရာစံခန်းမ) မှာ စခန်းချပြီး လက်နက်ကိုင်သင်တန်း တွေပေးနေတာ တွေ့ ခဲ့ရတယ်ဘုရားလို့  လာလျှောက်တယ်။

နောက်တခု ကြားခဲ့ရတာကိုလည်း ဦးဇင်းကို လျှောက်တယ်။ ကျည်ရွာကားဂိတ်နဲ့  ကိုက် ၄၀ အကွာ လောက်မှာ ရှိတဲ့တဖက်ရွာ = ဘုရားထွက် ရွာစပ်က ဘောလုံးကွင်းထဲမှာ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်နဲ့ အဖွဲ့ ၊ရဲတပ်ဖွဲ့ တွေက လမ်းသွားလမ်းလာ ကားတွေကို ရပ်တန့် စစ်ဆေးနေတယ်။ကားပေါ်ပါ ခရီးသွားတွေကို မှတ်ပုံတင်စစ်၊ ဓါတ်ပုံ မှတ်တမ်းတွေ ရိုက်ယူရင်း လာမယ့် မေလ ၃၀ရက်နေ့ မှာ ကျည်ရွာကားဂိတ်သို ဘယ်သူမှ မလာကြဖို့ နဲ့ လာတဲ့သူကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုနေကြောင်းတွေကို ဦးဇင်းကို ပြောပြတယ်။
ဦးဇင်းလည်း ဒကာပြောတာ ဟုတ်မဟုတ် နောက်နေ့ မေလ၂၇ နဲ့ ၂၈ ရက်နေ့ တွေမှာ ကိုယ်တိုင် သွားကြည့် ခဲ့တယ်။ မေလ ၂၇ရက်မှာ ဆရာစံခန်းမမှာ လက်နက်ကိုင် သင်တန်း တက်နေသူတွေ သိပ်မစုံသေးပေမယ့်၊ မေလ ၂၈ရက်ရောက်တော့ လူ တော်တော်စုံနေတာတွေ့ ခဲ့ရတယ်။သင်တန်းသားတွေလက်ထဲမှာ လုံထိန်းတွေ ကိုင်တဲ့ နံပါတ်တုတ်တွေ ကိုယ်စီရှိနေတာတွေ့ ခဲ့ရတယ်။နောက်ထပ်ရောက်လာတဲ့သူတွေအတွက် နံပါတ်တုတ် ဝေပေးဖို့ မလောက်တော့လို့ ၊ဝါးရင်းတုတ်တွေ ဆက်ဝေ ပေးနေတာတွေ့ ခဲ့ရတယ်။သင်တန်း နားချိန်မှာ မူးရူး သောက်စား ကြပြီး ရွာထဲသို့ လျှောက်လည်တာ တွေ့ ခဲ့ရတယ်။တချို့က ဆရာစံ ခန်းမထဲမှာပဲ လေးခွ အပစ် လေ့ကျင့် နေကြတာ တွေ့ ခဲ့ရတယ်။(ဒေါ်စုကြည်- အမျိုး ဖျက်မ အလိုမရှိ။).. စသဖြင့် တိုင်ပေး သူက တိုင်ပေး၊ အော်သူတွေက အော်နေကြတယ်။ဦးစီးခေါင်းဆောင်နေသူက ဒီပဲယင်းမြို့ ကြံဖွတ်အတွင်းရေးမှုး ဝင်းသိန်း ဆိုတာ သိခဲ့ရတယ်။ မြို့ရွာနယ်စုံက လူတွေကို စားစရိတ်ငြိမ်း တနေ့ (၅၀၀) ကျပ်နဲ့ ခေါ်ယူ စုဆောင်းကာ သင်တန်း ပေးနေတာလို့ သိခဲ့ရတယ်။အလားတူ ဒေါ်စုတို့ လာရင် နှောက်ယှက်ဖို့ ဦးဇင်းတို့နဲ့ သိပ်မဝေးလှတဲ့ ရေဦးမြို့ မြို့တော် ခန်းမမှာ၊ ရေဦးမြို့ အထက(၁) ကျောင်းထဲ မှာလည်း စွမ်းအားရှင် သင်တန်းဆိုပြီး လက်နက်ကိုင် သင်တန်းတွေ ပေးနေ ကြတာ တွေ့ ခဲ့ ရတယ်လို့  သွားကြည့်ခဲ့တဲ့ ဦးဇင်းတပါးက ပြောပြလို့ လည်း သိနေခဲ့ရတယ်။

ဒါဆို သူတို့ တွေ လူစုနေကြတာဟာ ခရီးစဉ်သတင်းတွေမှာကြားနေရသလို ဒေါ်စုတို့ အဖွဲ့ ကို နှောက်ယှက်ဖို့ ဆိုတာ သေချာ ပြီဆိုတာ ဦးဇင်းအကဲခတ်မိခဲ့တယ်။ မေ၃၀ရက်နေ့ နေ့ လည် ၁နာရီမှာ ဒေါ်စုတို့ အဖွဲ့  ဦးဇင်းတို့ ကျည်ရွာကားဂိတ်ရှေ့  ကားလမ်းတဆင့် ခရီးဆက်သွားမယ် ဆို တဲ့သတင်းကို မနက်ပိုင်းကတည်းက စိုင်ပြင် ရွာက ဒကာနှစ်ယောက် က ရွာထဲ လာပြောသွားလို့  ရွာသူ ရွာသားတွေ နံနက် ၁၀ နာရီ ကတည်းက ကျည်ရွာ ကားဂိတ်မှာ စုဝေးပြီး ထွက်ကြိုနေခဲ့ကြတယ်။ ရွာသားတွေ ထွက်ကြို ကြတဲ့ သတင်းကို နအဖ လက် ကိုင်တုတ် ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်၊ လဝက ဦးမောင်ရှိန် ၊ကြံ့ဖွတ်တွေ၊ရဲတပ်ဖွဲ့ ဝင်တွေ သိသိချင်း ချက်ချင်း လိုက်လံ တားမြစ် ခြိမ်းခြောက် ခဲ့ကြတယ်။ ကျည်ရွာ ကားဂိတ်မှာ ဒေါ်စုကို ထွက်ကြိုတဲ့ သူတွေကို စစ်အာဏာရှင် ဘက်တော် သားတွေက ဝါးလုံးတွေ တန်းပြီး ထွက်မကြို ကြဖို့ ၊ ပြန်ကြဖို့၊ မပြန်တဲ့သူတွေကို အကုန် ဖမ်းပစ်မယ် စသဖြင့် ကြိမ်းမောင်း ပြောဆိုရင်း ဓါတ်ပုံရိုက်၊ စာရင်းမှတ် လုပ်နေကြတယ်လို့ အဲဒီ ကားဂိတ် က ပြန်လာတဲ့ ဒကာ နှစ်ယောက်က ဦးဇင်းကျောင်းမှာ နေ့ ဆွမ်းဘုန်းပေး နေတုန်း လာလျှောက်ကြတယ်။

ရွာသူရွာသားတွေက ကြောက်ရွံ့ နေကြတယ်လို့  လည်း လျှောက်ကြတယ်။ဒါနဲ့ ဦးဇင်းလည်း ကိစ္စမရှိဘူး၊ ဆွမ်းစား ပြီးတာနဲ့ ရွာ ထဲ လှည့်ပြီး အသံချဲ့ စက်နဲ့  အားလုံးထွက်ကြိုကြဖို့ ဆော်သြလိုက်မယ်လို့ ပြန်ပြော လိုက်တယ်။ ဆွမ်းစား ပြီးတာနဲ့ ကျောင်းထိုင် ဆရာတော်ကြီးကို ရွာကအဖြစ်အပျက်တွေကို ဦးဇင်း မြင်ခဲ့ကြား ခဲ့ရတဲ့ အတိုင်း တင်ပြ လျှောက်ထားရင်း အသံချဲ့စက် သော့ယူရင်း ရွာထဲ ဆော်သြဖို့ ခွင့်ပြုဖို့ ဆရာတော်ကို လျှောက်ထားတော့ ဆရာတော်က .. အေး၊ ဒို့  မြန်မာလူမျိုးတွေ အချင်းချင်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ မဖြစ်သင့် တာတွေ မဖြစ်ဖို ၊့ ဒို့  တတ်နိုင်တဲ့ ဘက်က ကာကွယ်ရမယ်..လို့ ရွာထဲဆော်သြဖို့  ခွင့်ပြုရင်း မိန့် တာနဲ ၊့ ဦးဇင်း လည်း အသံချဲ့စက် ဆရာ ကိုသိုက်ထွန်းဝင်း နဲ့ အတူ အသံချဲ့စက်ကို နွားလှည်းပေါ် တင်ရင်း ၊ ရွာထဲလှည့်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်မရွံ့ ထွက်ကြိုကြဖို့ ၊ ဦးဇင်းး ကိုယ်တိုင် အသံချဲ့စက်နဲ့ လိုက်လံ ဆော်သြ ခဲ့တယ်။
ဟစ်တိုင်။ ။ ထွက်ကြိုကြတဲ့ရွာသားစုစုပေါင်းဘယ်လောက်လို့ ခန့် မှန်းပါသလဲဘုရား။ရှေ့  ဘာဆက်ဖြစ်သေးလဲ ဘုရား။မိန့် တော်မူပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းလိုက်လံဆော်သြလို့  နံနက်၁၀နာရီကစပြီး ကျည်ရွာကားဂိတ်မှာ ထွက်ကြိုသူပေါင်းဟာ ကျည်ရွာအပါ အဝင် ရွာနီးဝန်းကျင်ကျေးရွာတွေက ကြိုဆိုသူပေါင်းဟာ ၄ထောင်ကျော် ၅ထောင်နီးပါး ရှိမယ် ခန့် မှန်းရတယ်။ကျည်ရွာမှာ အိမ်ခြေပေါင်း ၁ထောင်ခန့် ရှိတယ်။ တအိမ် မိသားစု ၃ ယောက်နှုန်း ထွက်ကြို ကြရင်ပဲ ကျည်ရွာမှာ ကြိုသူ ၃ ထောင်ကျော်တယ်။ ဘုရားထွက်ရွာမှာ အိမ်ခြေ ၂၀၀ကျော်ရှိတယ်။မန်ကြီးအုပ်ရွာမှာ အိမ်ခြေ ၅၀ခန့် ရှိတယ်။ အခြား အနီးဝန်းကျင်က လာကြိုကြသူ တွေနဲ့ပါ ပေါင်းလိုက်ရင် ၄၀၀၀ ကျော်လောက် ရှိမယ် ခန့်မှန်း ရတယ်။ ဒေါ်စုကို ကြိုဆို ထောက်ခံသူတွေနဲ့ ဆန့် ကျင်ဘက် ၊ နအဖစစ်အုပ်စုက ငွေပေး စည်းရုံး လက်နက် သင်တန်းပေး ခေါ်ဆောင် ထားတဲ့ ဒေါ်စုအဖွဲ့ ကို ဆန့်ကျင် ကန့်ကွက် နှောက်ယှက်မယ့် ကြံ့ဖွတ်၊ စွမ်းအားရှင် တွေကလည်း ကျည်ရွာ အရှေ့ တမိုင်ခန့် ဝေးတဲ့ ရွာသစ်ရွာ ရဲစခန်းမှာ စုရုံးနေကြတာ လူဦးရေ လေးထောင်ကျော်ခန့် ရှိတယ်လို့ ကြားသိခဲ့ရတယ်။ရွာသစ်ရွာတောင်ဘက် (အများအခေါ် = ပတွင်း တံတား) ကနေ စပြီး လမ်းဘေး ဝဲယာ တဘက် တချက်မှာ ဒေါ်စုကိုတိုက်ခိုက်မယ့် အဖွဲ့ တွေကို သူ့အဖွဲ့နဲ့ သူ ရဲ တပ်သား တွေက ကြီးကြပ်နေရာ ချပေး နေခဲ့တယ်။ အစဉ်လိုက်ပြောရရင် ရှေ့တန်းမှာ ဝက်လက် အဖွဲ့ ၊ ဒုတိယတန်းမှာ ရွှေဘို အဖွဲ့ ၊တတိယ တန်းမှာ ခင်ဦး အဖွဲ့ ၊စတုတ္ထတန်းမှာ ရေဦး အဖွဲ့ ၊ပဉ္စမတန်းမှာ ခယက ဥက္ကဌ သန်းဟန် တို့အဖွဲ့ ။

ဒီလိုနဲ့ ကြိုဆိုသူနဲ့ နှောက်ယှက်သူဦးရေဟာ ဆတူ သဘောမျိုးရှိနေတာ တွေ့ ခဲ့ရတယ်။ကြိုဆိုသူတွေက မနက်ခင်း ကတည်းက ကားဂိတ်ကားလမ်း တဖက်တချက်မှာ တနေကုန် စောင့်လာခဲ့ကြတာ၊ ညနေပိုင်း ရောက်လာတဲ့ အထိပေါ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့  ကျည်ရွာ ထိပ်ကို မေ၃၀ရက် ည ၇ နာရီ ၁၅ မိနစ် လောက်မှ ရောက်လာကြတယ်။ ဒေါ်စုတို့ ကား ဆက်လက်မောင်းနှင်လာရင်း ကျည်ရွာကားဂိတ်မရောက်ခင် ကျည်ရွာအလွန် ကြည်ရွာတံတားဦးကျောင်းမှ ဦးဇင်း ဦးကောဏ္ဌည၊ဦးဇင်းဦးတေဇဓမ္မတို့ က ဒေါ်စုတို့ ကားကို တားကာ… ရွာသူရွာသားတွေက မနက်ကတည်းက ထွက်ကြိုနေကြ တာမို့ ရွာလူထု က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခေတ္တ မိတ်ဆက် စကား ဟောပြောပေးဖို့ တောင်းပန် စကားပြောခိုင်းလို့  ဦးဇင်းတို့ အနေနဲ့ လာရောက် မေတ္တာရပ်ခံတာပါ… လို့ ဦးဇင်းတွေက ပြောတဲ့ အခါ ဒေါ်စုကားပေါ် လုံခြုံရေး လိုက်ပါလာတဲ့ လူ ငယ်တွေက ညမိုးချုပ် နေပြီး ရှေ့ဆက်ရမယ့် ခရီးစဉ် တွေလည်း ရှိနေသေးတာမို့  ဟောပြောဖို့ အချိန် မရတော့တာကို နား လည်ပေးဖို့ တောင်းပန် လျှောက်ထား ကြတယ်လို့ သိရတယ်။

ဟစ်တိုင်။ ။ဦးဇင်းဘုရား။အဲဒီ လမိုက်ည သောကြာနေ့ ညမှာ လက်နက်မဲ့တဲ့ ဒေါ်စုနဲ့ ထောက်ခံသူ လူထူကို လက်နက်ကိုင် တွေက အကြမ်းဖက်တိုက်ခိုက်ကြတာ မြင်တွေ့ ခဲ့ရသလောက် မိန့် ပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ရွာလူထုရဲ့ တောင်းပန်ချက်အရ ဦးဇင်း၂ပါးက ဒေါ်စုတို့ ကားကို တားရင်း စကား ပြောဆို ကြတော့ နောက်က ကားတန်းကြီးလည်း ခေတ္တရပ်တန့် သွားတာပေါ့။ဒါကိုလည်းတွေ့ ရော စောင့်စား နေတဲ့ ရွာ လူထုကြီးကလည်း ဒေါ်စုတို့ ကို သောင်းသောင်းဖျဖျ ကြိုဆို ကြမယ်ဆိုတဲ့ ဝမ်းမြောက် စိတ်တွေနဲ့ ကားတန်း တွေနား စုပြုံ တိုးဝှေ့ရောက် လာကြတာပေါ့။ အလားတူ ဒေါ်စုကို နှောက်ယှက် တိုက်ခိုက်ဖို့ အသင့် စောင့်ဆိုင်း နေကြတဲ့ နအဖရဲ့ လက်မရွံ့  အာဏာပါးကွက်သားတွေ ကလည်း မူးရူးအော်ဟစ်ရင်း လူအုပ်ကြီးထဲကို လေးခွ များနဲ့ စတင် ပစ်ခတ် တိုက်ခိုက် ကြတယ်။ထို့ အတူ ဒေါ်စုတို့ ကားတန်း နောက်ကို နှောက်ယှက်ဖို့ မုံရွာမြို့ အထွက်ကတည်းက လိုက်ပါလာတဲ့ မှန်လုံကားတွေ၊ဒိုင်နာကားတွေ၊ဟီးနိုးကားကြီးတွေ ပေါ်က ကြံ့ဖွတ် စွမ်းအားရှင်တွေ၊ လူရမ်းကား တွေဟာ မူးရူးအော်ဟစ်ရင်း လမ်းဘေးမှာ ထွက်ကြို နေကြတဲ့ လူအုပ်ထဲကို လေးခွတွေနဲ့ စတင် ပစ်ခတ်ရင်း ရုန်းရင်း ဆန်ခတ် ဖြစ်အောင် စတင်လုပ်ကြပါတော့တယ်။

ရွာလူထုဟာ ရုတ်တရက် မထင်မှတ်ဘဲ ညအချိန်မှာ အဲသလို စတင် အတိုက်ခိုက်ခံရတော့ ထွက်ပြေးသူက ထွက်ပြေး၊ လဲကြ ကွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ တဆက်တည်း ကျည်ရွာကားဂိတ်မှာ ဒေါ်စုအဖွဲ့ ကို နွားလှည်းပေါ်က ထိုင်ရင်း ထွက်ကြို နေတဲ့ ဦးဇင်းတို့ ကျည်ရွာ ဆရာတော်ကြီးကိုပါ မကျန် လူရမ်းကားတွေက လေးခွနဲ့ ပစ်ပါတယ်။ "ဒီဘုန်းကြီးက ကြီးမှ နိုင်ငံရေး လုပ်တာ”ဟု ပြောရင်း လေးခွနဲ့ အပစ်ခံရလို့  ဆရာတော်ကြီး မှာ လက်ဖနောင့်မှာ တချက်၊ ဆီးခုံမှာ တချက် ထိမှန်သွားပြီး လှည်းပေါ်မှာ လဲကျသွားခဲ့တယ်။

ဟစ်တိုင်။ ။စစ်အာဏာရှင် ဒေါက်တိုင်တွေက သူတို့ ကို မထောက်ခံရင် ပြည်သူလူထုကို သာမက သာသနာ့ ခေါင်းဆောင် ဘုရား သားတော် ရဟန်း သံဃာတွေကိုပါ ကိုယ်ထိ လက်ရောက် စော်ကားရဲကြ၊ စော်ကား ရက်ကြတာ .. ကံကြီးထိုက်ပြီး.. အဝီစိ ငရဲလားမှာ… အရှင်လတ်လတ်မြေမျိုကြမှာတောင် မကြောက်ကြ တော့ပါလား ဘုရား။ ရှေ့ဆက် ဘာဖြစ်သေးလဲ မိန့်ပါဦး ဘုရား။

ဦးဇင်းဦးဝိမလ။ ။စစ်အာဏာရူးတွေရဲ့ ခိုင်းဖက် စစ်ဘီလူးတွေဟာ သူတို့ ကို ဆန့် ကျင်ရင် ရဟန်းရော၊ ကိုရင်ရော၊ ဘာသာပေါင်းစုံက ပြည်သူတွေကိုရော အကုန်လုံးကို မိုက်ရိုင်း စော်ကားကြတာပဲ။ ဆရာတော်ကြီး သာမက လှည်းပေါ်မှာ ပါလာတဲ့ ကိုရင်လေး နှစ်ပါးကိုလည်း လေးခွထိမှန်ခဲ့တယ် ဒကာရေ။ ဦးဇင်းတသက်မှာ မျက်စေ့ ရှေ့မှာ သံဃာတွေကို ပြည်သူတွေကို လက်ရဲ ဇက်ရဲ ငရဲမကြောက် စော်ကားရဲကြတာ ဒီ စစ် အာဏာရှင် တွေပါလားလို့ ကိုယ်တွေ့ သိခဲ့ရတယ်။ ကိုရင်လေး တပါးက နောက်စေ့ကို ထိမှန်ခဲ့တယ်။ နောက်တပါးက ဦးခေါင်း ထိပ်မှာ ထိမှန် ခဲ့တယ်။လှည်းပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆရာတော်နဲ့ ကိုရင် နှစ်ပါးကို သွားကယ်တဲ့ ဦးဇင်းတို့ ကျည်ရွာသား ဒကာ ဦးဌေးအောင်ဟာ ကိုရင်တွေ ကိုပွေ့ထုတ် နေစဉ် ဦးဌေးအောင် ရဲ့ အနောက်ကနေ ဝါးရင်း တုတ်ကိုင်ထားတဲ့ နအဖ လက်ပါးစေ ပြည်သူ့ သစ္စာဖောက် အသားထဲက လောက်ထွက်တဲ့ လူရမ်းကား တဦးက ခေါင်းကို ရိုက်နှက်လိုက်လို့ ဦးဌေးအောင် ခေါင်းကွဲ သွားခဲ့တယ်။ ဦးဇင်း တို့လည်း ဆရာတော်၊ ကိုရင်တွေ ကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကယ် ထုတ်ခဲ့ရတယ်။ အဲဒီနောက် ဦးဇင်းကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်နေတဲ့ မြင် ကွင်းများကိုကုက္ကိုပင်များကို အကာအကွယ် ယူလိုက်၊ လယ်ကွင်း တွေထဲ ဖြတ်ပြေးလိုက်နဲ့ ကျည်ရွာ မြောက်ဘက် တံတား ကနေ တောင်ဘက် တံတားဆုံး အထိ ရောက်အောင် ပုန်းလျှိုး ကွယ်ရှိုး နဲ့ လိုက်လံ ကြည့်ရှု ခဲ့တယ်။အရိုက်ခံရသူ တွေဟာ လူမဆန် စွာ တိရစ္ဆာန်တွေကို ရိုက်နှက် သတ်ဖြတ် နေသလို ခံနေကြရတာ တွေ့ခဲ့ရတယ်။ အရိုက်ခံရ သူတွေဆီက ဆွဲကြိုး၊ နာရီ၊ လက်စွပ်၊ လက်ကောက်၊ နားကတ်၊ ရွှေငွေပစ္စည်းတွေကို လုယက် ဖြုတ်ယူ နေကြတာ တွေ့ ခဲ့ရတယ်။အခင်းဖြစ်နေချိန်မှာ ဒကာမလေး တယောက်ကို ရိုက်နှက်သူတွေက “ နင် ဝင်းမြမြလား၊ ဝင်းမြမြ ဆိုတာ နင်လား”လို့မေးရင်း ဦးခေါင်းကို ဝါးရင်းတုတ် နဲ့ရိုက် နေတာတွေ့ရတယ်။ ကောင်မလေးက ဘာမှပြန်မပြောတော့ ကတ္တရာလမ်းနဲ့ခေါင်းနဲ့ မေးလို့ မရမချင်းဆောင့်နေတာတွေ့ ခဲ့ရတယ်။ အဲဒီ ကောင်မလေး လှုပ်ရှားမှု မရှိတော့လို့ သေဖို့များမယ်လို့ ဦးဇင်း ထင်တယ်။ အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ လူပေါင်း များစွာ သေကြတာ တွေ့ ရတယ်။ ရိုက်နှက် သူတွေထဲမှာ လူဝတ်ကြောင် လူရမ်းကားများသာမက သင်္ကန်းပတ်စည်းထားတဲ့ ဘုန်းကြီးအတုတွေပါ ဝင်ရောက်ရိုက် နှက်နေတာကိုဦးဇင်း အံ့အားသင့်စွာ တွေ့ ခဲ့ရတယ်။

ဟစ်တိုင်။ ။သံဃာအတုတွေလို့ ဘယ်လို သိရပါသလဲဘုရား။

ဦးဇင်းဦးဝိမလ။ ။ရိုက်နှက်သူတွေထဲမှာ ဘုန်းကြီးအတုတွေလို့  ဘယ်လိုသိရသလဲဆိုတော့ ထိုသူတွေဟာ ပြည်သူတွေကို ရိုက်နှက်ရင်းနဲ့ သူတို့ ပတ်စည်းထားတဲ့ ခါးဝတ် သင်းပိုင် သင်္ကန်းတွေ ကျွတ်ကျ သွားတဲ့ အခါ စစ်ဘောင်းဘီ တိုများ၊ အရပ်ဝတ် ဘောင်းဘီတို (short pant) များ ဝတ်ထားကြတာကို ဦးဇင်းမြင်လို့ မို့  ဘုန်းကြီးအတုတွေလို့ ပြောလို့ ရတာပါ။

ဟစ်တိုင်။ ။ရဟန်း၊ကိုရင် အစစ်တွေဟာ အဲသလို အောက်ခံဘောင်းဘီတိုတွေ ဝတ်လေ့ဝတ်ထ မရှိဘူး မဟုတ်လား ဘုရား။

ဦးဇင်းဦးဝိမလ။ ။မရှိပါဘူး။ဦးဇင်းမြင်ခဲ့ရတဲ့ ဘုန်းကြီးအတုတွေဟာ သင်းပိုင်သင်္ကန်းများ ကျွတ်ကျပြီး ပြန်ဝတ် ကြတဲ့ အခါ ဦးဇင်းတို့ သံဃာအစစ်တွေ သင်းပိုင် ပြန်ဝတ်သလို ပြန်မဝတ် ကြတော့ဘဲ လူတွေ ပုဆိုးဝတ်သလို သင်္ကန်းတွေကို ပြန်ဝတ်ပြီး လိုက်လံ ရိုက်နှက်ကြတာ တွေ့ခဲ့ရတယ်။ တချို့ဆိုရင် သင်းပိုင် ကိုတောင် ပုဆိုးဝတ် သလို ပြန်မဝတ် တော့ဘဲ သင်္ကန်း အားလုံးကို ချွတ်ချပြီး ဘောင်းဘီတိုများ ဝတ်လျှက်နဲ့ ပဲ လိုက်လံ ရိုက်နှက် ကြပြန်တယ်။
ဟစ်တိုင်။ ။သံဃာကို ရိုက်နှက်တာက တပြစ်၊ သံဃာ ယောင်ဆောင် တာက တပြစ်၊လူသတ် ဓါးပြတိုက် ကြတာက တပြစ်၊ အဝီစိ ငရဲလားမယ့် အပြစ် ပေါင်းစုံကို ကန်ထရိုက် ဆွဲပြီး အာဏာရှင်တွေ အလိုကျ ကြိုးဆွဲရာ ကကြ ရရှာတဲ့  ထမင်းစားတဲ့ စက်ရုပ် ဘဝရောက်နေကြရသူတွေဟာ တပည့်တော်တို့ ကြားခဲ့ရသလောက် ၊ထောင်ထွက်တွေ စစ်တပ် ရဲ လုံထိန်းထဲက ကတုံးတုံး ရဟန်း အသွင်ပြောင်း မိုက်ကန်း ကြရတဲ့ ငမိုက်သား တွေလို့  ကြားသိခဲ့ရတာ ဖြစ်နိုင်တယ် ဘုရား။အင်း.. ရက်စက်မှု အပေါင်း သရဖူဆောင်းကြတဲ့ ဒီပဲယင်း လူသတ်ပွဲကြီး အကြောင်း ဆက်မိန့်ပါဦး ဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်း သွားကြည့်တာ ကျည်ရွာ မြောက်ဘက် တံတား အစွန်းကနေ ဟိုးဘက် တောင်ဘက် တံတားအစွန်း အထိရောက်သွားပြီး၊ အဲဒီ တောင်ဘက်ကနေ လိုက်ကြည့်ပြီး မြောက်ဘက်ကို ပြန်လာချိန်မှာ ညအမှောင်မှာ ဦးဇင်း မြင်ခဲ့ရသရွေ့ လူပေါင်း (၉၀) ကျော် လောက် သွေးသံ တရဲရဲနဲ့ တုံးလုံး ပက်လက် လဲနေကြတာ တွေ့ ခဲ့ရတယ်။ရုပ်ပျက်ဆင်းပျက်နဲ့ မအော်နိုင်တဲ့ သူတွေက များတယ်။ ဦိးခေါင်းနဲ့ မျက်နှာတွေကို အဓိက ရိုက်ခံထား ကြရလို့ ဒကာ ဒကာမတွေကို ဘယ်သူ ဘယ်ဝါ ခန့်မှန်းရ ခက်လောက် အောင်ကို ရုပ်လုံး မပီသူတွေ အဖြစ် စိတ်မကောင်းစွာ တွေ့ ခဲ့ရတယ်။ ဒကာမလေးနှစ်ယောက် ဆိုရင် ထပ်လျှက် မေ့လဲနေတာ တွေ့ခဲ့ ရတယ်။ အပေါ်ပိုင်း အဝတ်အစားတွေ မရှိကြတော့ဘူး။သူတို့ လုံချည်နဲ့ ပေါင်တွေမှာ သွေးစီး တွေနဲ့  ကပ်နေတာကို တွေ့ခဲ့ရတယ်။ အဲဒီအထဲက အသေအပျောက် (၆၀) ကျော်လောက် ရှိမယ်လို့  ခန့်မှန်း ရတယ်။
ဦးဇင်း တောင်မြောက် တံတား နှစ်စင်းကနေ ရွာဘက်ကို ပြန်လှည့် လာတော့ တံတားနဲ့ ရွာကြားက သောက်သုံး ရေကန်ဘေးမှာ လဲကျနေတဲ့ဆိုင်ကယ်တွေ၊လူတွေကို တွေ့ ခဲ့ရတယ်။သေနေသူ အတော်များမယ်လို့ ယူဆတယ်။ ရွာကို ဆက်လျှောက်လာရင်း ကျည်ရွာ ကားဂိတ်နဲ့ ကိုက် ၂၀ လောက် အတိုင်းအတာရှိမယ့် ရေကူး မြောင်းလေးမှာ ကားတစီး မှောက်နေတာ တွေ့ ရတယ်။ ကားခေါင်းထဲမှာ ဒကာတယောက် ဇက်ကျိုးပြီး မျက်လုံး တဖက် ထွက်ကျပြီး သေနေတာ တွေ့ ရတယ်။ အဲဒီကား အနောက်ဖက် ပိုင်း ကားဝမ်းဗိုက် ကြမ်းပြင် သံမြောင်းလေးတွေကြားထဲမှာ လူ့ သွေးတွေ လက်တဆစ်လောက် ပြစ်ခဲနေတာတွေ့ ခဲ့ရ တယ်။ အနီးအနား လယ်ကွင်း ဘက်တွေထဲက နေလည်း ကယ်ပါ၊ ယူပါ တစာစာနဲ့ အော်ဟစ် ညည်းတွားနေတဲ့ အသံတွေလည်း ကြား ခဲ့ရတယ်။

ဦးဇင်း ဆက်လျှောက် လာရင်းနဲ့  ရွာနားရောက်တော့ လမ်းတနေရာမှာ ကျည်ရွာက အသက် ၂၀ ကျော် ဒကာလေး သက်နိုင် က “ကယ်ပါ၊ ကယ်ပါ “ လို့  အော်နေလို့ ၊ ဦးဇင်းက ရွာသားတချို့ကို လူနာ နားမှာ အစောင့်ထားပြီး ၊ ကျန်သူတွေကို ရွာပြန်ကာ လှည်း သွားယူခိုင်း လိုက်တယ်။ ဦးဇင်းက လမ်းဆက်လျှောက် လာရင်းနဲ့ ၊ လှည်းနဲ့အတူ လှည်းယူခိုင်း လိုက်တဲ့ ဒကာတွေကို ရွာဦး ဘုရားနားမှာ မျက်နှာချင်းဆိုင် ပြန်တွေ့ ကြလို့၊ ဦးဇင်းက လူနာကို ရွာကို အမြန်သယ်လာဖို့  ထပ်မှာလိုက်တယ်။

ဦးဇင်းရွာကျောင်းကို ရောက်တယ်ဆိုရင်ပဲ လေးခွဒဏ်ရာရထားတဲ့ ဆရာတော်က ဦးဇင်းပြန်မလာလို့ စိတ်ပူ နေတာလို့ ဆို တယ်။ဦးဇင်းက အခု ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပြီဘုရားလို့  ဦးချ လျှောက်ထား လိုက်တယ်။ ဒကာလေး မောင်သက်နိုင် ကတော့ လမ်းမှာ ဒဏ်ရာတွေနဲ့ ညည်းညူနေလို့ ရွာကလှည်းနဲ့ သွားသယ် နေကြပြီ ဘုရားလို့ လျှောက်ထား နေရင်း၊ ကြံ့ဖွတ် ဒကာတယောက်ကို ရွာသားတွေက ဖမ်းဆီးလာပြီး၊ ဦးဇင်း ထံကို လာအပ်ကြတယ်။ ကျောင်းထိုင် ဘုန်းကြီးက စစ်မေးခိုင်းလို့ ဦးဇင်းက အဲဒီ ဒကာကို မေးမြန်းတော့သူက ရေဦးမြို့ နယ်၊ ရေဦးကုန်းရွာ ကတဲ့။သူက အရက်မူးနေလို့ သည်းခံ ခွင့်လွှတ်ပါ ဘုရားလို့ တောင်းပန်ရင်း သူတို့ ကြံ့ဖွတ် အဖွဲ့တွေကို စရိတ်ငြိမ်း ၅၀၀ ကျပ် ပေးပြီး အရက်တိုက်တယ်။ အရက်တွေ ပါတဲ့ ကားတွေ နဲ့ ဟိုခေါ် ဒီခေါ် ခေါ်သွားပြီး ဒေါ်စုကြည်နဲ့ အဖွဲ့ ကို ရိုက်နှက် ခိုင်းတယ်။ တပည့်တော်လည်း မူးမူးနဲ့  ဒေါ်စုကြည်တို့ ကားတန်း ကို ရိုက်နေတုန်း ၊ လူသုံးယောက်က ဖမ်းချုပ်ပြီး ၊ ကြိုးတုတ်ကြီးတွေနဲ့ တုတ်ထားပြီး ဘုရားဝင်းထဲမှာ ထားထားတယ် ဘုရား၊ ဦးဇင်း ၂ ပါးက တွေ့တော့ ဒီကောင် ဘယ်ကကောင်လဲလို့ ပြောနေချိန် ၊သူ့ဒကာ နှစ်ယောက် ရောက်လာပြီး၊ ဒီကောင့်ကို ဦးဝိမလဆီ ပို့မယ် ဆိုပြီး ဒီကျောင်းကို ခေါ်လာတာပါ ဘုရားလို့ လျှောက်တယ်။
အဲဒီလို စစ်မေးနေရင်း လူနာ မောင်သက်နိုင် ကို တင်လာတဲ့လှည်း ကျောင်းထဲဝင်လာတယ်။
ဒါနဲ့စစ်မေးတာ ခဏရပ်ရင်း..ဒီကြံ့ဖွတ်ဒကာကို..ကျောင်းအောက်မှာ အစောင့်တွေနဲ့ ခဏထားပြီး၊ စစ်တာ မပြီးသေးဘူး၊ သူ့ကို ဘာမှ မလုပ်ကြနဲ့ လို့မှာရင်း ၊ ဒဏ်ရာတွေနဲ့ မောင်သက်နိုင်ကို အရက်ပျံ တွေနဲ့ ဆေးကြော ပြုစုပေးရတယ်။ သူ့ ဒဏ်ရာတွေက သိပ်ကြီးကျယ်တယ်။ ခြေထောက် အောက်ပိုင်းတွေ အရိုက် ခံထားရတယ်။ ဦးခေါင်း အလယ်ခေါင် တည့်တည့် အရိုက်ခံထားရတယ်။ နဖူးထိပ် တည့်တည့် အရိုက်ခံထားရတဲ့ ဒဏ်ရာက အတော် ကြီးတယ်။ ဦးဇင်း ကိုယ်တိုင် ချုပ်ပေး ခဲ့ရတယ်။ မျက်လုံး နှစ်လုံး စလုံး အထက်အောက် ဝါးချွန်နဲ့ အထိုး ခံရတယ်။ဘယ်ဘက် လက်ခုံမှာလည်း ဝါးချွန်နဲ့ အထိုးခံရတဲ့ ဒဏ်ကြောင့် ၊ ဝါးချွန်ဆိပ် တက်လွန်းလို့၊ သူ အခံရ ခက်လွန်းလို့  သူ့လက်ကို ဖြတ်ခိုင်းတဲ့ အထိ ဒဏ်ရာ ပြင်းထန် ခံစားနေခဲ့တာ ဦးဇင်း မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ ရတယ်။ ကျောင်းပေါ်မှာ ဆေးကု နေတဲ့ လူနာကို ကြည့်နေတဲ့ ဒကာမကြီး တယောက် ရုတ်တရက် မူးလဲ သွားလို့ ၊ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့သေးတယ်။

ကျောင်းပေါ်မှာ ဆူညံနေသလို ကျောင်းအောက် မှာလည်း ရွာသားတွေက ဖမ်းချုပ်ထားတဲ့ ကြံ့ဖွတ်ကောင်ကို .. လူတွေကို သေအောင်ရိုက်တဲ့ ကောင်ကို ပြန်သတ်မယ်.. လုပ်နေကြလို့ ဦးဇင်းက ဒီကောင့်ကို ဘာမှမလုပ်ကြဖို့  ဟန့် တားရင်း၊ ဆယ် အိမ်မှူး ကို အခေါ် ခိုင်းပြီး ဒီကောင့်ကို ကျုပ်တို့ ဒဏ်ရာ ရအောင် ဘာမှ မလုပ်ခဲ့ဘူး လို့ ပြောပြပြီး ပြန်လွှတ် ပေးလိုက်တယ်။

ဟစ်တိုင်။ ။ဦးဇင်းတို့ က သဘောထား ကြီးပြခဲ့တာပေါ့။ ဦးဇင်းက ဘယ်လောက် သည်းခံခွင့်လွှတ်ပေမယ့် ဦးဇင်းကို အာဏာ ရှင်တွေက နောက်ပိုင်း လာဖမ်းပြီး စစ်ကြောရေးမှာနှိပ်စက် မတရား ထောင်ဒဏ် ချမှတ် ခဲ့တယ်လို့ ကြားရတယ် ဘုရား။ အသေးစိပ် ရှင်းပြပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ဒီပဲယင်းအရေးအခင်းလို့ ဆိုတဲ့ ဦးဇင်းတို့ ကျည်ရွာအနီး နိုင်ငံတော်ကစီစဉ်လုပ်ကြံတဲ့ ကျည်ရွာ လူသတ်မှု ကြီး၊ လူသတ် ပွဲကြီးကို ဆက်ပြော ပြရရင်.. အဲဒီ မေ၃၀ ညမှာပဲ ဒေါ်စု စီးတဲ့ ကားဟာ လူရမ်းကားတွေ ရိုက်နှက် နေတဲ့ ကြားကပဲ ဒရိုင်ဘာရဲ့ ကျွမ်းကျင်မှု၊ ဒေါ်စုတို့ရဲ့သေဘေး ကလွတ်တဲ့ ကံ၊ ပြည်သူတို့ ပို့သတဲ့ စစ်မှန်တဲ့ မေတ္တာ ဓါတ်တွေကြောင့် ရေဦးမြို့ မရောက်ခင် ရွာသစ်ရွာ ရဲစခန်းဂိတ် တွေကို တိုက်ထွက် မောင်းနှင် နိုင်ခဲ့လို့  ရိုက်နှက် သတ်ဖြတ် ခံရတဲ့ အဖြစ်ဆိုးက လွတ်ထွက် ခဲ့တယ်။
ရွာသစ်ရွာ ရဲစခန်းမှာ နအဖ ဘက်က ပါဝင် ဦးဆောင် သူတွေက ခယက ဥက္ကဌ ဗိုလ်မှူး သန်းဟန်၊ စခန်းမှူး ဦးစိန်ဝင်း၊ မြို့နယ်မှူး ဦးသောင်းဝင်း၊ ဒီပဲယင်း တောင်ပြင် ရပ်ကွက်ကချက်ကြီး (ခ) စိုးတင့်၊ ဦးမြဝင်း၊ ရေဦးမြို့ မယက ဥက္ကဌ ဦးစိန်မောင်ဝင်း၊ ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်းတို့ ဖြစ်တယ်။ မြို့နယ်မှူး သောင်းဝင်းရဲ့ လူယုံတော် ချက်ကြီး (ခ) စိုးတင့်ဟာ အခင်းဖြစ်မယ့် နေ့ လည်ကတည်း … ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချစေရဘူး.. လို့  မြို့ထဲမှာ လျှောက်အော် ခဲ့တယ်။ ဒီပဲယင်း အရေးအခင်းမှာ အဲ ဒီအခင်း ဖြစ်တဲ့ညမှာ ဒေါ်စုတို့ ကားတန်းကို ရွာသစ် ရဲစခန်းဘက် ကနေ မီးဆလိုက်တွေ ထိုးပြီး၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် တယ်လို့ ကြားရတယ်၊ ဗိုလ်မှူး သန်းဟန် ကိုယ်တိုင် သေနတ် ပစ်မိန့် ပေးတယ်။ သူကိုယ်တိုင်လည်း ဝင် ပစ်တယ်လို့ ကြား ရတယ်။ ဒါ့ကြောင့် စစ်အုပ်စုက ဒေါ်စုကို လုပ်ကြံဖို့ ကြိုတင် ကြံစည် ခဲ့တယ် ဆိုတာ အရမ်း ထင်ရှားတယ်။ အရေးအခင်း အပြီးမှာ လူသတ် လုယက်လို့ ရွှေငွေ အများဆုံး ရသူဟာ ချက်ကြီး လို့ နာမည်ကြီး လာခဲ့တယ်။ ဒါပေမယ့် အခုထိ ဒီလူသတ် တရားခံတွေကို အရေး မယူဘဲ၊ အခံဘက်က ခံခဲ့ကြရတဲ့ ဒေါ်စုအပါ အဝင် ဦးဇင်းတို့ကို ထောင်ချ ခဲ့တယ်။

နောက်ဒုတိယပိုင်း မကြာမီတင်ပြပါမည်။


မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အင်တာဗျူး (ဒုတိယပိုင်း)

ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ၃၀ရက် ဒီပဲယင်း အရေးအခင်းဖြစ်တဲ့ ညက လမိုက်ည၊ မြန်မာလို ၁၃၆၅ခုနှစ် ကဆုန်လကွယ်ည လို့ သိရတယ် ဘုရား။အဲဒီ လမိုက်ညကိုမှ အာဏာရှင်တွေက ရွေးပြီးဒေါ်စုတို့ ကို စနစ်တကျ လုပ်ကြံခဲ့တာလို့ အများကပြော နေကြ တယ်ဘုရား။ ဦးဇင်းအနေနဲ့ ဘယ်လို ထင်မြင်ချက် ပေးချင်ပါ သလဲဘုရား။

ဦးဇင်းဦးဝိမလ။ ။ ဦးဇင်းအမြင်ကတော့ သူတို့ စနစ်တကျ ကြိုတင် ကြံစည်ခဲ့တာ ဖြစ်တယ်။ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် တို့အဖွဲ့ ဦးဇင်းတို့ ကျည်ရွာကို ရောက်ရမယ့် အချိန်ဟာ နံနက်ပိုင်း ဖြစ်ရပေမယ့်၊ ဒီပဲယင်းမှာ ကုလားမယား ခြေ မချရဘူးဆို တဲ့ စီမံချက် တွေကြောင့် နအဖ က ဒေါ်စုတို့ အဖွဲ့ကို ညဘက်ကျမှ ရောက်စေချင်ခဲ့တာ သိပ်သိသာတယ်။ သတ်ကွင်းထဲကို တမင် မောင်းသွင်း သလို… စီမံ ချက်ချ၊ အကွက် ကျကျ…. ကြိုတင် ကြံစည် ရွေးချယ်… လုပ်ကြံ ခဲ့ကြတာ ဖြစ်တယ်။ ဒီပဲယင်းမှာ အသေ လုပ်ကြံမယ်လို့ ဗိုလ်ချုပ်မှူးကြီး ဆီက အမိန့် အော်ဒါ ရပြီး ထားပုံရတယ်။ ဒါ့ကြောင့် ဒီပဲယင်း အရေးအခင်းကို ညဘက်မှာ ဖန်တီး ချင်လို့ ဒီပဲယင်း မရောက်ခင် ဘုတလင်မြို့မှာ ကတည်းက အချိန်ဆွဲ နှောက်ယှက် ဟန့်တား နည်းဗျုဟာတွေနဲ့ ဒီပဲယင်းမြို့ အဝင်ကို နံနက် မဝင်စေဘဲ ညဘက် ဝင်ဖြစ်အောင် ကြိုတင် ကြံစည်ခဲ့ကြတာပဲ။

လမိုက်ညဖြစ်သွားတော့ အတိုင်းထက်အလွန်ပေါ့။ ဒေါ်စုတို့ ကို လုပ်ကြံမယ့် သတ်ကွင်းနေရာကို ကျည်ရွာ(သို့ မဟုတ်)ရွာသစ်ရွာ ရဲစခန်းသစ် နေရာလို့ နအဖက မေ ၃၀ မတိုင် ခင် ရက်အနည်းငယ် ကတည်းက ကြိုစီစဉ်ထားခဲ့ပုံရတယ်။ ဦးဇင်းတို့ ကျည်ရွာ အလွန် ရွာသစ်ရွာစိုက်ပျိုးရေးစခန်းလို့ အများခေါ်နေကြတဲ့  ရွာသစ်ရွာ ဆည်မြောင်းဦးစီးဌာနခြံဝင်းကို အ ခင်း မဖြစ်ခင် ရက်အနည်းငယ် ကတည်းက ယာယီ ရဲစခန်းအဖြစ် သတ်မှတ်ကာ လုံခြုံရေး ရဲတွေ တိုးမြှင့် ချထားခဲ့တယ်။ ခြံဝင်းထဲကို ဘောက်စာ (bowser) ကားကြီးများ၊ မြေညှိစက် ကားကြီးများ၊ စစ်ထရပ် ကားများ၊ အလောင်းကောက်မည့် ကားများ ကြိုတင် ရောက် ရှိနေရာယူထားခဲ့တယ်လို့ သိရတယ်။ စခန်းအနီး ကားလမ်းဘေးက သစ်ပင်ကြီးတပင်ကိုလည်း အခင်း ဖြစ်မယ့်နေ့မှာ ပြတ်လု ပြတ်ခင် လွှနဲ့ တိုက်ထားပြီး၊ သံကြိုးတွေနဲ့  လဲမကျအောင် ယာယီ ထိန်းထားခဲ့တယ်လို့ ကြားသိခဲ့ရတယ်။ ကားလမ်းတဘက် တချက်က သစ်ပင်ကြီး တွေပေါ် မှာလည်း ညကြည့် မီးဆလိုက် ကြီးတွေ ကြိုဆင်ထား ခဲ့တယ်လို့ သိရတယ်။ ဒါ့အပြင် အခင်းဖြစ်မယ့်နေ့ ညနေ (၃) နာရီ လောက်မှာ နအဖတွေက အဲဒီရွာသစ်ရွာ ဂိတ်စခန်းထဲကို ဆရာတော်တွေကို ပင့်ပြီး သီတင်းသုံး နေထိုင် ခိုင်းပြီး နောက်နေ့မှ ပြန်ကြွ စေတယ်လို့ သိရတယ်။ စစ်ကိုင်းတိုင်း သံဃာ့ မဟာနာယက ဆရာတော် (၂) ပါး၊ ရေဦးမြို့ နယ်သံဃနာယက ဆရာတော်တွေ၊ ဒီပဲယင်းမြို့ နယ် သံဃာ့ နာယက ဆရာတော် ဦးနန္ဒော။ ခွန့်တောင်း (ဒေသအခေါ် = ခတောင်း ) ကျေးရွာ သံဃာ့ နာယက ဆရာတော် ဦးနန္ဒောဘာသ။ အင်ပင်ကုန်းထဲ ကျေးရွာ သံဃာနာယက ဆရာတော် ဦးနန္ဒိ အစရှိတဲ့ ဆရာတော်တွေကို ပင့်ထားပြီး အခင်းဖြစ်ပြီး နောက်နေ့မှာ ဆရာတော် တွေကို သက်သေ အဖြစ် လက်မှတ် အတင်း ထိုးခိုင်း ခဲ့တယ်လို့ ကြားသိရတယ်။ လက်မှတ်ထိုးရတဲ့ စာရွက်မှာ (အဓိ ကရုဏ်း ဖြစ်ပွားရခြင်းမှာ ဒေါ်စုကြည် ယာဉ်တန်းက သူတို့ကို စတင်တိုက်ခိုက်တဲ့ အတွက် သူတို့က ပြန်လည်တိုက် ခိုက်ရိုက် နှက်ရတာဖြစ်တယ်)လို့ ရေးထားပြီး၊ ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးခိုင်းတာလို့ သိရတယ်။ ၂ပါးတည်းသာ လက်မှတ် ထိုးပေးခဲ့တယ်လို့ သတင်း ထွက်လာတယ်။ နအဖအလိုကျ လက်မှတ် ထိုးပေးခဲ့တဲ့ ၂ ပါး ကတော့.. ဒီပဲ ယင်းမြို့နယ် သံဃာ့ နာယက ဆရာတော် ဦးနန္ဒောနဲ့ ခွန့်တောင်းကျေးရွာ သံဃာ့ နာယက ဆရာတော် ဦးနန္ဒောဘာသ တို့ဆိုပြီး သတင်းထွက်လာတယ်။

ဟစ်တိုင်။ ။သံဃာတွေထဲမှာလည်း ပြည်သူ့ ဘက်က၊ အမှန်တရားဘက်က လိုက်ပါကြတဲ့ သံဃာတွေ ရှိသလို ၊ စစ်အာဏာရှင် နအဖအလိုကျ အဂတိလိုက်စားကြတဲ့ သံဃာတွေလည်း ရှိသေးတယ် ဆိုတာ သိလာရတယ် ဘုရား။ဦးဇင်းတို့ လို ပြည်သူတွေကို ကူညီကယ်တင်ဆေးကုပေးတဲ့ သံဃာတွေကျတော့ ဘာ့ကြောင့် ဘယ်လို အဖမ်းခံရပြီး ဘာပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲဆိုတာ့ နားမလည်နိုင်လို့ ရှင်းပြပါဦးဘုရား ။

ဦးဇင်းဦးဝိမလ။ ။အခင်းဖြစ်စဉ်ကို သူ့ ရက်နဲ့ သူပြောပြနေတာဆိုတော့ ဦးဇင်းထောင်ကျတဲ့အကြောင်းက မရောက် နိုင်ဘူးဖြစ် နေ သေးတာပေါ့။ လာမယ် ကြာမယ်။ တဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့ နားထောင်။ ဦးဇင်း ပြောပြရင်းနဲ့ လိုရင်း ရောက်လာပါလိမ့်မယ်။

ရွာသစ်ရွာရဲဂိတ်မှာ ဒေါ်စုတို့ ကို အပြီးသတ် ကားနဲ့ တိုက်သတ်ဖို့ အထိ ကြိုတင်စီစဉ်ခဲ့တာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာ တဦး ကိုယ်တိုင် ဦးဇင်းနဲ့ ထောင်ထဲမှာ တွေ့ လို့  သူပြောပြလို့ သိခဲ့ရတယ်။ ဒေါ်စုကားကို မျက်နှာချင်းဆိုင်တိုက်ခိုင်းတဲ့ကားက ရွှေဘိုနဲ့ ကျောက်မြောင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဒိုင်နာ အဝါတစီးနဲ့ ဒီပဲ ယင်းမြို့နယ်၊ ညောင်လှကျေးရွာက ယာဉ်မောင်းသူ သိန်းမြင့်(ခ) မြင့်သိန်း မောင်းတဲ့ ရိန်းဂျားကား အပြာ တစီးတို့ ဖြစ်တယ်။ ဝင်တိုက်တဲ့ အချိန်မှာ ဒေါ်စုတို့ သွားမယ့် ယာဉ်ကြော ကားလမ်းကို သံဆူးကြိုးဂိတ်တွေနဲ့ အထပ်ထပ်ပိတ်ထားပြီးမှ လမ်း ဘေး တဘက်တချက်က ရပ်ထားတဲ့ကားတွေက ကားရှေ့ မီးကြီးတွေ ကို ဒေါ်စုတို့ ကားတန်းကို ထွန်းပေးထားချိန် ဝင်တိုက်ခိုင်း ခဲ့ တာဖြစ်တယ်။နအဖ စစ်အာဏာရှင်တွေက ဒေါ်စုတို့ ကို မေ၃၀ ညမှာ ဒီပဲယင်းအရေးအခင်း ဖန်တီးပြီး အစဖျောက်လုပ် ကြံခဲ့ ပေမယ့် ၊ ဒေါ်စုတို့ ကား ဒီပဲယင်းမြေကနေ လွတ်မြောက် သွားခဲ့တယ်။ ရေဦးမြို့မှာ ဒေါ်စုတို့ အဖမ်းခံရ၊ အခုထိ မလွတ်သေး၊ ဒါ တွေ အားလုံးသိနေကြပြီးပြီ။ မေ၃၀ညနဲ့ မေ၃၁ရက်နေ့  မနက် ဝေလီဝေလင်းအချိန်တွေမှာ နအဖစစ်အာဏာရှင်တွေ ဘယ် လို ကြိုတင်ကြံစည်ကာ အလောင်းတွေကောက်၊အလောင်းတွေ အစဖျောက်ခဲ့သလဲဆိုတာ ဦးဇင်းမြင်တွေ့ ကြားခဲ့ရသမျှတွေ ဆက်ပြောပြချင်တယ်။

ဟစ်တိုင်။ ။မိန့် ပါဘုရား၊ဇာတ်ရှိန်မြင့်လာပြီဘုရား။သာမန်လူသတ်မှုမှာတောင် မသတ်ခင် ကြိုတင် ကြံစည်၊ သတ်ပြီး အလောင်း ဖျောက်တာတောင် ပြစ်မှုထင်ရှားရင် ဥပဒေအပြစ်အရမ်းကြီးတယ်လို့  မှတ်သားဖူးတယ် ဘုရား၊ပြစ်မှုကျူးလွန်တဲ့ယောက်ျား တဦးက တခြားယောက်ျားတဦးကို သတ်တာထက် မိန်းမတဦးကို ကြိုတင် ကြံစည် သတ်ဖြတ် အလောင်းဖျောက် သတ်ရင် လူ သတ်မှု အပြင် မုဒိန်းမှုပါ အပိုဆု အဖြစ် ဆွဲချက် အတင် ခံရတယ်လို့  မှတ်သားဖူးတယ်ဘုရား။အခုဒီပဲယင်းမှာ မိန်းမယောက်ျား အလောင်းတွေကို ဖျောက်ပစ်တယ် ဆိုတော့ နိုင်ငံတော်လူသတ်မှု၊မုဒိန်းမှုတွေအဖြစ် ဦးဇင်း ရှုမြင်မိပါသလားဘုရား။

ဦးဇင်းဦးဝိမလ။ ။စစ်အာဏာပိုင်တွေက သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရာဇဝတ်မှုကြီးဆိုတာ သိနေလို့ လူရမ်းကားတွေ..အပြီး သတ်.ရိုက်နှက်သတ်ဖြတ်ပြီးချိန်လို့  သတ်မှတ်ယူဆလိုက်တဲ့ မေ၃၀ ညသန်းခေါင် လောက်က စပြီး ၊ သူတို့  အခင်းဖြစ်တဲ့နေရာ ကို ရှင်းလင်းဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့သန့် ရှင်းရေးအဖွဲ့ ကားတွေ၊ မီးသတ်ကားတွေ ရောက်လာပြီး ကားလမ်းပေါ်က သွေးတွေကို ဆေးကြတယ်၊ အလောင်းတွေ ကောက်ကြတဲ့ နေရာ မှာတောင် အသက် မသေဘဲ မျောနေတဲ့ သူတွေတွေကိုလည်း ကောက်သွားတယ်လို့  အလောင်းကောက်ရာမှာပါဝင်ခဲ့တဲ့ ဒကာတယောက်နဲ့ ဦးဇင်း ထောင်ထဲမှာ တွေ့ ခဲ့တုန်းက သူပြောပြလို့ သိခဲ့ရတယ်။

သူတဦးတည်း ကိုယ်တိုင်ကောက်ပြီး ကားတွေပေါ်တင်ပေးခဲ့ရတဲ့ အလောင်းပေါင်းဟာ (၈၇) လောင်း တိတိ ရှိတယ်လို့ ဦးဇင်း ကို ပြောပြတယ်။တခြားသူတွေ ကောက်တင်တာ မပါသေးဘူးနော်။ အသေအပျောက် ဘယ်လောက် ဆိုတာ ခန့် မှန်းကြည့်နိုင်ပြီ ပေါ့။ အလောင်းတင်တဲ့ ကားကြီးရဲ့ အရောင်က ငွေရောင်၊ သားစိမ်း ငါးစိမ်းတွေ တင်တဲ့ အနောက်ပေါက် တပေါက်တည်းပါတဲ့ ကားကြီး ပုံစံနဲ့ တူတယ်။အလောင်းတွေ အကုန် တင်ပြီး တာနဲ့ အဲဒီကားကြီးဟာ ရွာသစ်ရွာ ရဲစခန်းထဲမောင်းဝင်သွားတယ်။ ဘယ် နေရာမှာ အလောင်းတွေကို ဖျောက်ဖျက် ပစ်လိုက်တယ် မသိဘူး.. အလောင်းကောက်သူတွေ၊ အလောင်း ကားပေါ် တင်ပေးရသူတွေရဲ့လက် မောင်း ဘယ်ညာ နှစ်ဖက်လုံးမှာ အဖြူရောင် လက်ပတ်တွေ ပတ်ထားခိုင်းပြီး ၊ ရင်ဘတ် မှာလည်း တံဆိပ် အဝိုင်း တွေကို အမှတ် အသားတွေအဖြစ် တပ်ခိုင်းထားတယ်လို့ …

အဲဒီ ဒကာပြောပြလို့ သိခဲ့ရတယ်။အလောင်းကောက် သန့် ရှင်းရေးလုပ်ကြတာ မေ၃၁ မနက် ၃နာရီလောက်မှာမှ သိမ်းကြ တယ် လို့ သိရတယ်။ ဦးဇင်းကိုယ်တိုင် နောက်နေ့ မနက်လင်းတော့ ပေါက်ပြားတလက်ထမ်းရင်း အခင်းဖြစ်တဲ့ လယ်ကွင်းတွေဘက် သွားကြည့် ခဲ့တယ်။စစ်သားတချို့  မြေကွက်လပ်တခုမှာ အမှိုက်တွေ မီးရှို့ နေတာတွေ့ ခဲ့ရတယ်။ သင်္ကန်းအစုတ်၊ ပုဆိုး ထမီ အစုတ်တွေ၊ အမျိုးသား အမျိုးသမီးဝတ် အင်္ကျီအစုတ်တွေ၊ ပင်နီအင်္ကျီနဲ့ အန်အယ်လ်ဒီ ရင်ထိုးတံဆိပ် တွေကို ကောက်ယူစုပုံ မီးရှို့ နေတာ တွေ့ ခဲ့ရတယ်။

ဦးဇင်းကြားဖူးသလောက် တဘက်သတ်လုပ်ကြံမှုတွေမှာ အလောင်း၁၀လောင်းကျော်ရင် နိုင်ငံတော် လူသတ်မှု မြောက်တယ် လို့မှတ်သား ခဲ့ရဖူးတယ်။

ဟစ်တိုင်။ ။ဦးဇင်းကို ဘယ်နေ့ မှာ လာဖမ်းတာလဲဘုရား။

ဦးဇင်း ဦးဝိမလ။ ။ ဒီပဲယင်းအရေးအခင်းမှာ ပြည်သူဘက်က ကူညီသူတွေ၊ မသေဘဲကျန်ခဲ့သူတွေ ဇွန် လဆန်း မှာပဲ စတင်အ ဖမ်း ခံကြရတယ်။ဇွန်လ ၂ရက်နေ့ မှာ ပျံကျကျေးရွာက ဦးသန်းထွန်းရဲ့ သား ကိုမောင်ထွန်း အဖမ်းခံရတယ်။အကြောင်းက အရေး အခင်းမှာ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ကျောင်းသူ ကျောင်းသား တွေကို ကူညီမှု နဲ့တဲ့။ သူနဲ့ ဦးဇင်း ဒီပဲယင်းရဲ စခန်း အချုပ် ထဲမှာ ဆုံခဲ့လို့  သူပြောပြလို့ သိခဲ့ရတယ်။လာဖမ်းတဲ့ အာဏာရှင်တွေက သူ့ အဖေ လယ်တဲထဲက ဓါတ်မြေသြဇာ မြေဆီ ၂အိတ် ကို ရေမြောင်းထဲ ကန်ချပြီး လယ်တဲကိုလည်း မီးရှို့ သွားခဲ့တယ်လို့ ကိုမောင်ထွန်း ပြောပြလို့ သိခဲ့ရတယ်။

ဦးဇင်းနဲ့ ဦးဇဝန(၂၀၀၄ခုနှစ် အိန္ဒိယရောက်မြန်မာသံချပ်ခွေတွင် ဂုဏ်ပြုစပ်ဆိုခြင်းခံရတဲ့ ဦးဇင်း) တို့ ကို လာဖမ်းတဲ့ရက်က ဇွန် လ ၆ရက်နေ့ ။ဦးဇင်းကျောင်းကို ဒီပဲယင်းလူသတ်ပွဲ ခေါင်းဆောင် ရွှေဘိုခရိုင် ခယက ဥက္ကဌ ဒု ဗမက သန်းဟန်။မြို့ နယ်ရဲ မှုး သောင်းဝင်း။ကျေးရွာ ရယက သိန်းဇော်။ရဲတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီး၊ ခေတ္တမေးမြန်းစရာရှိလို့ လိုက်ခဲ့ပါတဲ့။ဦးဇင်းတို့ ကို ဒီပဲယင်း အချုပ်မှာ ချုပ်ထားတယ်။ပြီးတော့ ဦးဇင်းတို့ နဲ့ အမှုတွဲ =ကျည်ရွာက ကိုကြီးညိုနဲ့ ကိုခင်မောင်လွင်(၂၀၀၄ခုနှစ် အိန္ဒိယရောက် မြန်မာ သံချပ်ခွေတွင် ဂုဏ်ပြု စပ်ဆိုခြင်း ခံခဲ့ရသူ ၂ ယောက်)။ ပြီးတော့ ဘုရားထွက်ရွာက ကိုတိုက်မင်းနဲ့ ကိုစက်ငွေ တို့  ဖမ်းဆီးခံရတယ်။ ဦးဇင်းတို့ အားလုံးကို (၃၆နာရီ ကျော်) ဆွမ်းထမင်းမကျွေး၊ရေ မတိုက်ဘဲ ချုပ်ထားတယ်။ ဦးဇင်းကို ၂ ညတိတိ အိပ်ခွင့်မပေးဘဲ စစ်ကြောရေး လုပ်တယ်။ အဲဒီအချုပ်မှာ နေစဉ် မိသားစုတွေနဲ့ ဆက်သွယ်ခွင့် မပေးခဲ့ဘူး။ လူတွေကို ညှင်းပန်းနှိပ်စက်တာ ပိုဆိုးတယ်။

ကိုစက်ငွေ ကို ရိုက်နှက်နှိပ်စက်ပြီး ၊ယောက်ျားတန်ဆာကို မီးရှို့ ၊အပ်နဲ့ ထိုး စစ်ဆေးတယ်။ ကိုကြီးညိုကို သံကြိုးနဲ့ ရိုက်နှက် စစ်ဆေးတယ်။ စစ်ဆေးတဲ့ စစ်ခွေးတွေဟာ အရက်မူးရူးသောက်စားပြီး စစ်ဆေးတယ်။ ဦးဇင်း ဒီပဲယင်းအချုပ်မှာရှိစဉ် စစ်ကြောရေး ဝင်ရလွန်းလို့  ဘယ်လောက်ထိ ကြာသွားတယ်။ ရက်စွဲတွေ မမှတ် မိတော့ဘူး။ ဒီလိုနဲ့ ရွှေဘိုထောင်ကို မိုးရွာနေတဲ့ ညပိုင်းမှာ ရောက်တာပဲ မှတ်မိတော့တယ်။ ထောင်ဗူးဝ ရောက်တော့ ဦးဇင်းကို သင်္ကန်းချွတ်၊ ဖိနပ် ချွတ်ခိုင်းတယ်။ ထောင်ဝါဒါတွေက ကျောနဲ့ ရင်ဘတ်ကို လက်သီးနဲ့ ဝိုင်းထိုး ကြတယ်။ မိန်းဂျေးလ် ရုံးမှာ တခါ ဦးဇင်းရဲ့ခေါင်းကို နံပါတ်တုတ်နဲ့  အရိုက်ခံရတယ်။ ရွှေဘိုထောင် ရောက်ပြီး ၃ ရက် မြောက်နေ့ မှာ ထောက်လှမ်းရေးတွေက ထောင်ဗူးဝရုံးခန်းကိုခေါ်ပြီး နံနက် ၈နာရီ ကနေ ညနေ ၃နာရီအထိစစ်တယ်။ ဒီပဲယင်း ဖြစ်စဉ်တွေ ပြန်မေးတယ်။ ဘယ်သူက စ ရိုက်တာလဲ ။ရွာသားတွေက စ လုပ်တာလား လို့ မေးတယ်။ ဦးဇင်းက … ကြံ့ဖွတ်၊ စွမ်းအားရှင် လူရမ်းကားတွေနဲ့ ဘုန်းကြီး အတုတွေက လေးခွနဲ့ အရင်ပစ်ခဲ့တယ်.. ရွာသားတွေမှာ ဘာလက်နက်မှ မပါဘူး၊.. လို့ ဖြေလိုက်တယ်။

ထောက်လှမ်းရေး တယောက်က ဦးဇင်းကို မိုက်မိုက် ရိုင်းရိုင်းမေးတယ်.. “ကားမီးရှို့ တာ မင်းဦးစီးပြီး ရှို့တာ မဟုတ်လား။ ငါတို့ မှာ အထောက်အထားတွေရှိတယ်။မငြင်းနဲ့ ” လို့ ဖြဲခြောက်တယ်။ ဦးဇင်းက…”ကျုပ်တို့ က ဦးဇင်းတွေ။ အကျိုးမဲ့တဲ့ အလုပ်ကို အရင်ကလည်း မလုပ်ခဲ့ဘူး။ အခုလည်းမလုပ်ဘူး။ နောင်လည်းလုပ်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေလိုက်တယ်။ မင်း ဘာဖြစ်လို့ အသံချဲ့ စက်နဲ့ ရွာထဲ လိုက်အော်တာ လဲလို့ မေးတယ်။ ဦးဇင်းက.. ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ မြန်မာပြည် ကောင်းစားရေး ကိုယ်ကျိုးစွန့် လုပ်နေတဲ့ ဗိုလ်ချုပ် အောင်ဆန်း သမီး ဒေါ်အောင် ဆန်းစုကြည် ကို ရွာကလူတွေ မြင်ဖူးအောင် ကြည့်ကြဖို့ ဆော်သြ ခဲ့တာလို့ ဖြေလိုက်တယ်။ မင်းရော မြင်ဖူးလို့လားလို့ ထပ်မေးတယ်။ ကျုပ်လည်း မမြင်ဖူးလို့  ထွက်ကြည့်တာပေါ့ .. လို့ ပြန်ပြောလိုက်တယ်။

ထွက်ကြည့်ချင်ရင် မင်းတယောက်တည်း ထွက်ကြည့်ပေါ့။ အသံချဲ့စက်နဲ့  --ီး မို့ လို့ အော်ရတာလားလို့ ဦးဇင်း ကို ဆဲတယ်။ လူ ဘယ်နှစ်ယောက် သေလဲလို့ ထပ်မေးတယ်။

တတိယပိုင်း မကြာမီတင်ဆက်ပါမည်။

source by : ဟစ်တိုင်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form