မလေးရှားနိုင်ငံ ကေအယ်လ်ရှိ ပြည်မြန်မာသံရုံး အတွင်း မသမာ စီးပွားရေး ဈေးကွက်နှင့် စီးပွားရှာသူများ


(ဓာတ်ပုံ - ဘီဘီစီ)
မလေးရှား နိုင်ငံမှာ မြန်မာပြည်မှ တရားဝင် အလုပ်သမား မြောက်များစွာ လာရောက် အလုပ်လုပ်ကိုင် နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက် နုတ်ရ ပါသေးတယ်။ ပြီးတော့ နေ့စဉ် စားသောက် စရိတ် ချိုးခြံ ချွေတာ စားမယ် ဆိုလျှင် တစ်လကို ၁၅၀-၂၀၀ လောက်တော့ ကုန်ပါတယ်။

ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံ လိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူ စရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာ စီးပွားရှာနေသော သူများ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာ စောင့်ကြည့်နေသူ တစ်ဦးမှ သတင်းပေးပို့ ခဲ့ပါတယ်။ သံရုံး အတွင်း၌ ဖြစ်ပေါ်နေသော မသမာ စီးပွားရေးသမား တစ်စုမှာ မြန်မာနိုင်ငံကူး လက်မှတ်ကို သံရုံး ကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ(ပွဲစားများ)ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀ သာ ပိုပေးရပါတယ်။

ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။ တရားဝင် သက်တမ်း တိုးကြေးမှာ ရင်းဂစ် ၆၀၀ ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်း တိုးပြီးသား စာအုပ်ကို ရရှိ နိုင်ပါတယ်။ အကယ်၍ Passport စာအုပ် ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည် ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ် ပျောက်ဆုံး လျှောက်ထား ချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ ပေးရပါတယ်။ ထို့အပြင် စာအုပ် စာမျက်နှာ ကုန်ဆုံး၍ စာအုပ် အသစ် လျှောက်လျှင် ၁ပတ်မှ ၂ပတ် အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ်၇၀၀တိတိ ပိုပေးရ ပါတယ်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထား သဖြင့် ပွဲစားများအား စာအုပ် အမြန်ရလိုသူများ က ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့တွင်းချင်း ရရှိ နိုင်ပါတယ်။

ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ် နေရခြင်းမှာ ဘာကြောင့် ဖြစ်နေ သလဲဆိုတာ လူတိုင်း တွေးဆ ကြည့်နိုင် ပါလိမ့်မည်။ ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေး လိုက်ပါတယ်။ ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချ ပြောဆိုခြင်း မဟုတ်ပါ။ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံး ကောင်တာ အတွင်း၌ ဖြစ်ပေါ် နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။ သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့ စဉ်ကိစ္စအ၀၀ကို လာရောက် ဆောင်ရွက် ကြသူများနှင့် စကားမပြောခြင်လဲ အတင်းဝင်ရော ပြောဆိုပြီး အလုပ် ကိစ္စများကို ဖျားရောင်း သွေးဆောင်ပြီး "ဆောင်ရွက် ပေးမယ်။ ဘယ်လောက် ကျမယ်။ သူတို့ ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူ တွေကို ဒီလို မြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စ ရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။ မြန်မာ အလုပ်သမားပေါင်း ၃၀၀ ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှား ချပေးထားသော အလုပ်သမား များထဲမှ စာအုပ် သက်တမ်း တိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင် သက်တမ်း တိုးကြေး အပြင် ၀န်ဆောင်ခ အတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်း ခံရကြောင်း သိရပါတယ်။

ဘာကြောင့် အဖြတ်ခံရတာလဲ ရင်းဂစ် ၃၀၀ ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက် ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထို ကုမ္ပဏီမှ လိုက်လံ ဆောင်ရွက် ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။ ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသော နည်းလမ်း များဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။ စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများ ကိုယ်တိုင် ဆောင်ရွက်လျှင် နာမည် ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိ အကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့ အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ် အမြန်ထုတ် ၅၀၀၊ အခွန်မဆောင် လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက် နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက် ဆောင်ရွက်ပေးလျှင် ပွဲစား လက်မခံဘူးဟု ပြောဆို မောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့် ကိစ္စမဆို လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း များကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်း လေ့လာမိသူ တစ်ဦးမှ အမှန်ကို ဖော်ထုတ် လိုက်ပါတယ်။

သူငယ်ချင်းတယောက်ရေးပို့ထားတာပါ။တကယ့် ဖြစ်ရပ်မှန်ပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form