ဦးမင်းလွင်ဦး | ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး ၂ဝဝ၃ ခုနှစ်မေလ ၂၇ ရက်နေ့မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးခါစတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် အင်းစိန်ထောင်အတွင်းရှိ အထူးသီးသန့်ဆောင်တွင် ထိန်းသိမ်းထားခြင်းမှ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထားခဲ့ခြင်းဖြစ်သည်။
၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မပါ အချက်များကို လေ့လာဆန်းစစ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။
နိုင်ငံသားတဦး၏ မူလအခွင့်အရေးများကို ကန့်သတ်ရာတွင် လိုက်နာရမည့် မူများကို ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားရာတွင် ..
(က) အဖွဲ့ဖြင့်သာ ဆုံးဖြတ်၍ ကန့်သတ်မိန့်ကို ချမှတ်ရမည်။
(ခ) မူလအခွင့်အရေးများအနက် လိုအပ်သရွေ့သာ ကန့်သတ်ရမည်။
(ဂ) ကာလအပိုင်းအခြားအားဖြင့် အတိုတောင်းဆုံး ဖြစ်ရမည်။
(ဃ) ကန့်သတ်မိန့်ကို ပုံမှန် ပြန်လည်သုံးသပ်ရမည့်အပြင် ပုံမှန်အချိန်ထက်စော၍လည်း လိုအပ်သလို သုံးသပ်နေရမည်။
(င) အရေးယူခြင်း ခံရသူအား တရားစွဲဆိုနိုင်လောက်သည့် အချက်အလက် ပြည့်စုံလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း တင်ပို့ရမည်။
(စ) အရေးယူခြင်း ခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးမှအပ အခြေခံ ဥပဒေပါ အခြား မူလအခွင့်အရေးများကိုမူ ခံစားခွင့် ရှိစေရမည်။
(ဆ) ပုဒ်မ ၇ ပါ အကြောင်းတရပ်ရပ်ကို ထိပါးအန္တရာယ်ဖြစ်စေမည့် အကြောင်းမရှိတော့သည့် အချိန်တွင် ကန့်သတ်မိန့်ကို ချက်ချင်း ပယ်ဖျက်ရမည်။
(ဇ) ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူအား ပြန်လည်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့် ကိစ္စရပ်အပေါ် အခြေပြု၍ ဤ ဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်း မပြုရ။
အထက်ဖော်ပြပါ ပုဒ်မ ၉ ၏ ပြဋ္ဌာန်းချက်များကို အာဏာပိုင်များက လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
ထို့အပြင် ကြိုတင်ကာကွယ်ခြင်းအတွက် လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ပုဒ်မ ၁၁ တွင် ဗဟိုအဖွဲ့သည် ပုဒ်မ ၁ဝ (ခ) အရ အရေးယူခြင်း ခံရသူအား အောက်ပါအတိုင်း တားဆီးမိန့် ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
(က) မည်သည့်နေရာဒေသတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း။
(ခ) မည်သည့်နေရာဒေသတွင်သာ နေထိုင်ရမည်ဟု သတ်မှတ်ခြင်း။
(ဂ) သွားလာမှုကို လိုအပ်သလို တားဆီးခြင်း။
(ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးခြင်း။
အာဏာပိုင်များက အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ခဲ့သည်။
သတ်မှတ်တားဆီးချက်များ
(၁) နိုင်ငံခြားသံရုံးများနှင့် ဆက်သွယ်ခြင်း မပြုရ။
(၂) (က) နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊
(၃) (က) နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် ဆက်သွယ်ခြင်း မပြုရ
(ခ) ပြင်ပသို့ စာဖြင့် သော်လည်းကောင်း၊ ကြိုးမဲ့ကြေးနန်းဖြင့် သော်လည်းကောင်း၊ တယ်လီဖုန်း၊ မိုဘိုင်းလ်တို့ဖြင့် သော်လည်းကောင်း ဆက်သွယ်ခြင်း ဘယ်နည်းနှင့်မျှ မပြုရ၊ အကျယ်ချုပ်ချထားသည့် အိမ်ထဲတွင်သာ နေထိုင်ရမည်ဟူ၍ တားမြစ်ထားသည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ဆက်လက်၍ ဖမ်းဆီး ချုပ်နှောင်ရန် ကိစ္စနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ပုဒ်မ ၁၄။ ဝန်ကြီးအဖွဲ့သည် ဆက်လက် ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှု ပြုလုပ်ရန်ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက် ပေးရာတွင် တကြိမ်လျှင် တနှစ်ထက် မပိုစေဘဲ၊ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်သည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ၂၇ မေလ ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် စတင်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ရာ ၂ဝဝ၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဥပဒေပြဋ္ဌာန်းချက်ထက် ၁ နှစ်ပို၍ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်ကို အထင်အရှား တွေ့ရမည်ဖြစ်သည်။
ထိုသို့ အတည်ပြုပြဋ္ဌာန်းထားသည့် ဥပဒေကို အာဏာပိုင်များက ချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်ကြောင်းကို ကုလသမဂ္ဂ လက်အောက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်အောက်ရှိ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းကို စောင့်ကြည့်သည့် အလုပ်အဖွဲ့ (United Nations Working Group on Arbitrary Detention) က အတိအလင်း ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် ထပ်မံအရေးယူ၍ ပြစ်ဒဏ်ပေးနိုင်ရန် အာဏာပိုင်များက ထပ်မံ၍ စီစဉ်ခဲ့ပြန်သည်။
ပုဒ်မ ၂၂။ အရေးယူခြင်း ခံရသူတဦးဦးသည် ကန့်သတ်မိန့် သို့မဟုတ် တားဆီးမိန့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ မလိုက်နာလျှင်သော်လည်းကောင်း၊ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ဝဝဝ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံစေရမည်။
ဒေါ်အောင်ဆန်းစုကြည်သည် အထက်ဖော်ပြပါ ဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း ဥပဒေပြဋ္ဌာန်းချက်များကို ကြည့်ပါက ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။ ရေးကူးဝင်ရောက်လာသူအား ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။ မိမိနေအိမ်အား လုံခြုံရေးတာဝန် ယူထားသူများ၏ ချို့ယွင်းမှုများကြောင့် သို့မဟုတ် (ပူးပေါင်းဆောင်ရွက်မှုကြောင့်) ဝင်ရောက်လာနိုင်ခြင်း ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
အမှန်တကယ် အရေးယူရမည့်သူများသည် လုံခြုံရေးတာဝန် ယူထားသူများကိုသာ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြင့် သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူရမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားသည့် တားမြစ်ချက်တွင် နေအိမ်အတွင်း ဝင်ရောက်လာသူအား လက်မခံရဟူ၍ သတ်မှတ်ထားခြင်း မရှိ၊ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ ဆက်သွယ်ခြင်း မပြုလုပ်ရန်သာ ကန့်သတ်တားမြစ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် အာဏာပိုင်များအနေဖြင့် လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံး၍ မြန်မာနိုင်ငံ၏ တရားစီရင်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ပြသမည်လား၊ သို့မဟုတ် ဥပဒေပြဋ္ဌာန်းချက်များကို အာဏာပိုင်များက လိုက်နာရန်မလို၊ ဥပဒေ၏ အထက်တွင် အာဏာပိုင်များရှိသည်ကို အထင်အရှား ပြသမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
source by : မဇ္ဈိမ

Tags
ဆောင်းပါး