ဝသုံးလုံး တဘောင် ပေါ်ထွက်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေ

ဝက်တုပ်ကွေး ၊ ၀သုံးလုံးနှင့် တိုင်းပြည်ကံကြမ္မာ
စနေငချွတ် | စစ်တပ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များ အများဆုံး အားထား ယုံကြည် မေးမြန်းလေ့ ရှိသည့် ဆရာကြီး မင်းသိင်္ခ၏ တပည့်ရင်း ဗေဒင်ဆရာမတစ်ဦးက ၀က်တုပ်ကွေးရောဂါ မြန်မာပြည်သို့ ကူးစက်လာပါက ဆရာကြီး မင်းသိင်္ခမှ တပည့် သားသမီး များအား ပြောကြားခဲ့ဖူးသည့် ၀သုံးလုံး တဘောင်နှင့် ကိုက်ညီ သွားမည် ဖြစ်ကြောင်း ဆိုသည်။

“ (၀သုံးလုံးဆုံ ၊ ကဆုန်-နယုန်၊ မင်းဆိုးခန္ဓာကုန်လတ္တံ ) လို့ အဘ မထွက်ခင် ဟိုးအရင်ကတည်းက တဘောင် တစ်ခုမိန့်ခဲ့ဖူး တယ်။ မေးကြတော့ ကဆုန်နဲ့ နယုန်လ တွေထဲမှာ ၀ အက္ခရာပါတဲ့ ပြဿနာ သုံးရပ်ဆုံခဲ့ရင် နိုင်ငံအကြီးအကဲ ခန္ဓာကုန်မယ့် တဘောင်လို့ မိန့်ဖူးပါတယ်။ အစိုးရနဲ့ ၀နဲ့ အဆင်မပြေဘူး ၊ ၀ နယ်ဘက်ကို တပ်တွေ တင်နေတယ် ဆိုတဲ့သတင်းတွေကြားရတယ် ။ နောက်ပြီး ခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေး မှာ ၀မ်းရောဂါတွေ ဖြစ်တယ် ။ အဲ့ဒါကို အဘ သားသမီးတွေ မရမ်းတလင်းမှာ ပြီးခဲ့တဲ့ စနေနေ့ကတင် ပြောဖြစ် ကြသေးတယ်။ နောက်ထပ် ၀ အက္ခရာပါတဲ့ ပြဿနာ ပေါ်လာခဲ့ရင် ဗိုလ်ချုပ်မှူးကြီးတော့ ခန္ဓာပျက်ကိန်းပဲလို့။ ” ဟု အဆိုပါ အမျိုးသမီး ဗေဒင် ဆရာမက ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းတွင် တပ်မ (၂၂)၊ (၅၅) နှင့် (၉၉) အစရှိသော တပ်မများကို ၀နယ်ဘက်သို့ ရွှေ့ပြောင်းနေကြောင်း သိရသည်။ ယင်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၀ ဒေသ အာဏာပိုင် များနှင့် သဘောတူညီမှုရရှိရန် နအဖအစိုးရ၏ ကြိုးပမ်းနေမှုများ အထမမြောက်ခြင်းမရှိသည့် အနေအထား တစ်ရပ်ပင် ဖြစ်သည်။ ဗိုလ်ချုပ်မြ၏ သားဖြစ်သူ စောနေစိုးမြကို စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် KNU တစိတ်တပိုင်းကို ထိန်သိမ်းနိုင်ခဲ့ပြီဖြစ်သည့် နအဖစစ်အစိုးအနေဖြင့် ၀ ဒေသပြဿနာမှာ နှုတ်ရခက်သည့် ဆူးတစ်ချောင်းနှယ် ဖြစ်နေသည်။

ဝ ဒေသသည် အထူးဒေသအဖြစ် သတ်မှတ်ထားသော်လည်း ဗဟို အစိုးရ အာဏာစက် မသက်ရောက်သော ဒေသတစ်ခုဖြစ်သည်။ နအဖစိတ်ကြိုက်ရေးဆွဲပြီး မတရား အတည်ပြုပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒေသအတွက် ဖယ်ဒရယ် အခွင့်အရေးများ မရရှိနိုင်ကြောင်း သဘောပေါက်သည့် ၀ တိုင်းရင်းသား ခေါင်းဆောင်များက ယင်း အခြေခံဥပဒေကို အသိအမှတ်မပြုခဲ့ပေ ။ ၀ ဒေသသည် စနစ်ကျနသော မြို့ပြ အင်္ဂါများဖြင့် ဖွံဖြိုး တိုးတက်လျှက် ရှိနေပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့ဖြင့် သီးခြား ပြည်နယ်တစ်ခု (၀ါ) သီးခြားနိုင်ငံသစ် တစ်ခုသဖွယ် ရပ်တည်နေသည်။ အဓိကအချက်မှာ ၀ ဒေသတွင် နိုင်ငံတကာ စစ်တပ်များ နည်းတူ ခေတ်မီ လက်နက်များ တပ်ဆင် ထားသော အင်အား နှစ်သောင်းရှိ အမြဲတမ်း တပ်မတော် ရှိနေသဖြင့် နအဖအစိုးရ အကျပ်တွေ့နေခြင်း ဖြစ်သည်။

သင်္ကြန်ကာလအပြီးတွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၀မ်းရောဂါ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ ဧပြီလ (၂၄) ရက်နေ့က မြောက်ဥက္ကလာ ဆေးရုံသို့ လူ (၂၀၀) နီးပါးမျှ ၀မ်းလျှော ရောဂါဖြင့် ရောက်ရှိလာခဲ့သဖြင့် အခြားဆေးရုံများသို့ လွှဲပြောင်း ပေးခဲ့ရ သော်လည်း အစိုးရမှ တရားဝင် သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အလားတူ မန္တလေးနှင့် အခြား ပြည်နယ်နှင့် တိုင်းများတွင် ၀မ်းရောဂါများ ယနေ့တိုင် ဖြစ်ပွားနေဆဲ ဖြစ်သည်။

” ၀ နှစ်လုံးတော့ ဆုံသွားပြီ၊ အခုဖြစ်နေတဲ့ ၀က်တုပ်ကွေးပဲ ကျန်တော့တယ်။ ဒီရောဂါ မြန်မာပြည်ကို ကူးစက် မလာပါစေနဲ့ ဆုတောင်း ရမလား၊ တဘောင်အတိုင်းဖြစ်ပါစေ ဆုတောင်းရမလားတောင် မသိတော့ပါဘူး။ ” ဟု အဆိုပါ နာမည်ကျော် ဗေဒင်ဆရာမက ပြောသည်။ ဆက်လက်၍ ယင်းက “ ကျွန်မကတော့ လာတဲ့လူတွေကို ပြောပြဖြစ်တယ် ။ ဒီ တဘောင် အကြောင်းကို ပြောပြတော့ သူတို့လည်း အမျိုးမျိုး ဆုတောင်း ကြတယ်။ ကျွန်မဆီကို လာတဲ့သူမှန်သမျှကလည်း အဘကို ယုံကြည်တဲ့၊ အဘ ကယ်မ ခဲ့ဖုတဲ့ သူတွေချည်း ပဲလေ။ ဒီနေ့မနက်လာတဲ့ xxxxxx ( မြန်မာပြည်သား လက်ဝှေ့ ကလပ်မှ ရွှေခါးပတ် ချန်ပီယံ) က ပြောတာတော့ မှော်ဘီမှာတောင် ဒီတဘောင်က ထွက်နေတယ်လို့ပြောတယ်။ လူတွေ တိုးတိုးတိတ်တိတ် ပြောနေတာနဲ့တင် တော်တော်ပြန့် နေပြီတဲ့ ။ ” ဟု ဆိုသည်။

ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများက အရှေ့တောင်အာရှတွင်ပင် Swine Flu ခေါ် ၀က်တုပ်ကွေး ရောဂါ ရောက်ရှိလာသေး မရှိကြောင်း ယမန်နေ့ (ဧပြီ-၂၉) အထိပြောဆိုနေဆဲ ဖြစ်သည်။ သို့သော် အင်္ဂါနေ့ ညနေပိုင်းက ၀က်သား ထုတ်လုပ် ရောင်းချသူများ အသင်း ၊ မွေးမြူရေး လုပ်ငန်းဦးစီးဌာန ၊ FAO (မွေး/ကု) တို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ယမန်နေ့ (ဧပြီ-၂၉) နေ့ နံနက်ပိုင်းတွင် တွံတေးရှိ ၀က် မွေးမြူရေးခြံ များရှိ ၀က်များ ထူးဆန်းစွာ အစုလိုက် အပြုံလိုက် သေဆုံးကြောင်း သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာ ခဲ့ပြီးနောက် နေ့လည် (၂) နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ တိုင်းမှူး အပါအ၀င်၊ ရန်ကုန် မြို့တော်ဝန် နှင့် အခြား ကျန်းမာရေး အရာရှိများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် (WHO) မှ အရေးပေါ်ကြေငြာချက်အဆင့် လေး အထိ တိုးမြှင့်သတ်မှတ်ပြီး နောက်ပိုင်း နိုင်ငံတကာတွင် အထူးသတိထား စစ်ဆေးထိန်းချုပ်နေသည့်ကြားမှ ၀က်တုပ်ကွေး ရောဂါပိုးသည် ကမ္ဘာ့ အရပ်ဒေသ အသီးသီးသို့ ဆက်လက် ပြန့်ပွားနေသကဲ့သို့ သေဆုံးသည့် ဦးရေမှာလည်း တိုးပွားလာ နေဆဲပင် ဖြစ်သည်။ ထိခိုက်မှုဆိုးကျိုး ပြင်းထန်သည့် အဆိုပါ ရောဂါပိုး ဖြစ်ပွားနေသည့် အချိန်တွင် မြန်မာ ပြည်တွင် ၀က်များသေဆုံးသည့် သတင်း များထွက်လာခြင်း ကြောင့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေပင် ဖြစ်သည်။ လက်ရှိအချိန်အထိ ကျန်းမာရေးဌာနများမှ ယင်းဝက်တုပ်ကွေး ရောဂါပိုး အတွက် မည်သို့ ကြိုတင် ပြင်ဆင် ထားကြောင်း ထုတ်ပြန်ချက် တစုံတရာ မရှိသေးချေ။

နအဖအစိုးရလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းပြည် GDP ၏ (၀.၀၁) ရာခိုင်နှုန်းမျှ ပင် ကျန်းမာရေး အသုံးစရိတ် မရှိသော အနေအထားဖြင့်ရပ်တည်နေခြင်း ဖြစ်သည်။ အကယ်၍ မြန်မာပြည်၌ အဆိုပါ Swine Flu ခေါ် ၀က်တုပ်ကွေး ရောဂါပိုး ကူးစက် ခံရပါက ကျန်းမာရေးဌာနများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည့် အနေအထားမှာ သံသယဖြစ်ဖွယ်၊ ရင်လေးဖွယ်ရာပင်ဖြစ်သည်။

သို့သော် သာမာန်လူများနှင့်မတူ ထူးခြားသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် အများက သတ်မှတ်ထား ကြသော ဆရာကြီး မင်းသိင်္ခ မကွယ်လွန်မီ မိန့်သွားခဲ့ဖူးသည့်အတိုင်း ၀ သုံးလုံး ပြဿနာ တကယ်တမ်း ဖြစ်လာခဲ့ပါကလည်း တဘောင်ပါ စာသားများ အတိုင်း …………………..။

ယင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ကံကြမ္မာ တစ်ရပ်ပင် ဖြစ်ပေမည်။ စာဖတ်သူများ နှင့် တဘောင်ကို ကြားမိသည့် မြန်မာ နိုင်ငံသားများ အနေဖြင့် ဆုတောင်းမှန်ကြရန်သာ အရေးကြီးပေမည်.။ဆရာကြီး မင်းသိင်္ခ မိန့်ခဲ့ဖူးသည့်တဘောင် စာသားဝသုံးလုံးဆုံ ၊
  • ကဆုန်-နယုန်၊
  • မင်းဆိုး ခန္ဓာကုန်လတ္တံ

နောက်ဆုံး ရရှိသော သတင်းများအရ လူမှလူသို့ ကူးစက်နိုင်သော အခြေအနေကို WHO မှ သုံးသပ်ပြီးနောက် ၀က်တုပ်ကွေး ရောဂါအား အရေးပေါ် အခြေအနေ အဆင့် (ငါး) သို့ တိုးမြှင့် သတ်မှတ် လိုက်ပြီ ဖြစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form