ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

မနှင်းမေအောင် ခေါ် မနိုဘယ်လ်အေး

ယခုလဆန်းပိုင်းတွင် အီတလီနိုင်ငံ ဗီလာဆန်တာမြို့ (the City of VillaSanta)က မြန်မာပြည်မှ အကျဉ်းသားတဦးကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဂုဏ်ပြုခံရသူမှာ မုံရွာထောင်တွင် အကျဉ်းကျနေသူ မနှင်းမေအောင် ဖြစ်သည်။

ဒဂုံတက္ကသိုလ် ကျောင်းသူ၊ ယခုအခါ မုံရွာထောင် အကျဉ်းခန်းတခုတွင် ရောက်နေသူ မနှင်းမေအောင် ခေါ် မနိုဘယ်လ်အေး အကြောင်းကို သိရှိရန် မိုးမခက သူ၏ မိတ်ဆွေ မလဲ့လဲ့နွယ်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မိုးမခ - သူနဲ့ ဘယ်လို စပြီး တွေ့ခဲ့တာလဲ။

မလဲ့လဲ့နွယ် - ကျမနဲ့ နိုဘယ်လ်က ၁၉၉၈ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ အောင်သပြေ စစ်ကြောရေး စခန်းမှာ ကတည်းက သိခဲ့ကြတာပါ။ စစ်ကြောရေးစခန်းမှာ နေရပြီး နောက်ပိုင်းမှာလဲ အင်းစိန်ထောင်မှာ တတိုက်ထဲ နေရတယ်။

၁၉၉၉ ခုနှစ်၊ ဧပြီလ၊ ၆ ရက် အင်းစိန်ထောင်ကနေ နယ်ထောင်တွေ ပြောင်းတော့လည်း အတူတူပဲ။ အဲဒီတုန်းက မိန်းကလေး (၅)ယောက်၊ ယောကျာ်းလေးတွေကတော့ အယောက် (၅ဝ) ကျော်လောက် ရှိမယ်နဲ့ တူတယ်။ မကြည်ကြည်ဝင်း (ကြည့်မြင်တိုင်)၊ ဇင်မာအောင် (ယခုထက်ထိ မန္တလေးထောင်တွင် ရှိနေဆဲ)၊ မြတ်စံပယ်မိုး (ယခု နော်ဝေနိုင်ငံ)၊ နိုဘယ်ရယ်၊ ကျမ ရယ်ပေါ့။

မန္တလေးထောင်မှာ (၃)ညလောက်လည်း အိပ်ပြီးရော ကျမနဲ့ မြတ်စံပယ်မိုးက ရွှေဘိုထောင်၊ နိုဘယ်လ်က မြင်းခြံထောင် စသဖြင့် တနေရာစီ အပြောင်းခံလိုက်ရတယ်။ အဲဒီထဲက နိုဘယ်လ်နဲ့ ကွဲသွားခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၅ ခုနှစ်မှာ နိုဘယ်လ် ထောင်က ပြန်လွတ်လာတော့ ကျမတို့ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်တယ်။
လွန်ခဲ့သည့် ၁၁ နှစ်မှစတင်၍ အင်းစိန်၊ မန္တလေးအကျဉ်းထောင်တို့တွင် ရောက်ရှိနေသော မဇင်မာအောင်

ထောင်ထဲမှာ နေရတာ နှင်းမေအောင်က စိတ်ဓာတ် မကျဘူးလား၊ ဘယ်လို မြင်သလဲ သူ့ကို။

ထောင်ထဲမှာ နေရတယ်ဆိုတာ ဘယ်လ်လောက်ပဲ စိတ်ဓာတ် မာတယ် ပြောပြော လူတိုင်းကတော့ စိတ်ဓာတ် ကျတတ်ကြတာပဲ။ အစားအသောက်၊ အနေအထိုင်၊ ရေချိုးတာကအစ အဆင်မပြေဘူးလေ။ ဒါပေမဲ့ လူဆိုတာ ခံစားချက်၊ ခံယူချက်နဲ့ ဆိုတော့ ဘယ်လောက်ပဲ ဒုက္ခ အမျိုးမျိုးတွေ ရောက်ပါစေ၊ စိတ်ဓာတ်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားကြရတယ်။ အဲဒီအထဲမှာ နိုဘယ်လ်လည်း တယောက် အပါအဝင်ပေါ့။

နိုဘယ်လ်က အပေါင်းအသင်းတွေကို တက်နိုင်သလောက် ကူညီတယ်။ အနစ်နာခံတယ်။ သဘောထား ကြီးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ခံယူချက်ပြင်းတယ်။ စိတ်ဓာတ် မာတယ်။ လူမှုရေး စိတ်ဓာတ်လည်း အပြည့်အဝ ရှိတယ်။ အမေကို ရိုသေတယ်။

နိုင်ငံရေး မလုပ်တော့ဘူး ဆိုပြီး ခံဝန်ချက် လက်မှတ် ထိုးခိုင်းတာမျိုး၊ အာဏာပိုင်တွေက ချည်းကပ်တာမျိုး ရှိသလား။

ထောင်ထဲမှာ (၇)နှစ်ကျော်ကျော် နေရပြီးနောက် လက်မှတ်ထိုးစရာ မလိုဘဲ နအဖ စစ်ထောက်လှမ်းရေးက လွှတ်ပေးလိုက်ပါတယ်။ တကယ်တမ်းကျတော့ လက်မှတ် ထိုးပြီး ထောင်က လွတ်လာတာပဲ ဖြစ်ဖြစ်၊ လက်မှတ် မထိုးဘဲ ထောင်ကနေ လွတ်တာပဲ ဖြစ်ဖြစ် နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့ လူတိုင်းဟာ အနိမ့်ဆုံးတော့ နယ်မြေခံ ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်တာကို ခံရပါတယ်။ နိုဘယ်လ်ဟာ ထောက်လှမ်းရေးက ဘယ်လ်လောက်ပဲ စောင့်ကြည့် စောင့်ကြည့်၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ နောက်ဆုတ်မသွားဘဲ ထောင်ကနေထွက်ပြီး နောက်ပိုင်းမှာလဲ ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ (၈၈) မျိုးဆက် အဖွဲ့နဲ့လည်း ဆက်စပ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တော်တော် များများမှာ ပါဝင်ခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းနှင့်အတူ တွေ့ရသော မနှင်းမေအောင်

ထောင်မှာ စားရသောက်ရတာ ဘယ်လိုရှိလဲ။

ထောင်ထဲမှာ အစားအသောက်အကြောင်း ပြောရမယ် ဆိုရင်တော့ ပုံစံဟင်း လို့ ခေါ်တဲ့ ပဲဟင်းကျဲကျဲ ဒါမှမဟုတ် ဟင်းနုနယ်ရွက် အရိုင်းတွေကို တုံးပြီး ပြုတ်ထားတဲ့ ဝက်ခေါင်းခါဟင်း (ဝက်တောင် မစားချင်လို့ ခေါင်းခါတဲ့ ဟင်းမို့လို့ ဝက်ခေါင်းခါဟင်းလို့ ခေါ်ပါတယ်။) ပြီးတော့ ဆီမပါဘဲ ကြော်ထားတဲ့ မျှင်ငါးပိ၊ ဒါပဲလေ။ ဆန်ကတော့ လုံးတီးဆန်ပါပဲ။ တခါမှတော့ မမြင်ဖူးဘူး။ ထောင်ထဲရောက်မှ မြင်ဖူး စားဖူးတာ။

နှင်းမေအောင် အိမ်က ထောင်ဝင်စာ ဘယ်လို လာသလဲ၊ ဘာတွေ ပါသလဲ။

အင်းစိန်ထောင်မှာ တုန်းကတော့ နိုဘယ်နဲ့ အန်တီအေး (နိုဘယ်လ်၏မိခင်) တို့ကို ညီမလေး နိုက်တင်ဂေးနဲ့ သူ့ အဖေက တလှည့်စီ ထောင်ဝင်စာ လာတွေ့ပါတယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ ကြာကြာထားလို့ ရတဲ့ ငါးပိကြော်ပေါ့။ သူ့အိမ်က စီးပွားရေး အဆင်မပြေတော့ အိမ်ကလာတွေ့တိုင်း စားစရာတွေ သိပ်တော့ ပါမလာတတ်ဘူး။ ဒါပေမဲ့ သူပါလာသမျှကို ကျမတို့တွေကို ခွဲကျွေးတတ်ပါတယ်။

မလဲ့လဲ့နွယ်ကရော ဘယ်တုန်းက ဘာကြောင့် အကျဉ်းချခံရတာလဲ။

ကျမက ၁၉၉၈ခုနှစ် စက်တင်ဘာမှာ အဖမ်းခံရတယ်။ ၁၉၉၈ခုနှစ်၊ သြဂုတ်လမှာပဲ ထောင်ချောက်အတွင်းမှ အရိုးခံ ခြင်္သေ့များ ရုန်းထွက်ကြလော့ ဆိုတဲ့ လက်ကမ်းစာစောင်ကို စာစီစာရိုက် လုပ်ပေးတယ်။ မိတ္တူ ကူးတယ်။ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ကျမတို့ သူငယ်ချင်းတွေ ဖြန့်တယ်။ လိုင်းကားပေါ်ကနေ စာရွက်တွေကျဲချတယ်။

အဲဒီကိစ္စကြောင့်ပဲ ကျမကို ၅ ညပုဒ်မ၊ ၁၇/၂၁ ပုဒ်မနဲ့ ထောင်ဒဏ် (၂၁) ချလိုက်တယ်။ ထောင်ချပြီး သိပ်မကြာခင်မှာပဲ ရွှေဘိုထောင်ကို ပြောင်းလိုက်တယ်။ နအဖ စစ်ထောက်လှမ်းရေးက ကျမ မိဘတွေကို ကျမ ဘယ်မှာရှိမှန်း အကြောင်း မကြားပေးခဲ့လို့ အဖမ်းခံရပြီး (၈)လခွဲလောက်မှ အိမ်နဲ့ တွေ့ခွင့်ရတယ်။

မလဲ့လဲ့နွယ် ဘယ်တုန်းက ပြန်လွတ်လဲ။ ဘယ်လ်ထောင်ကနေ လွတ်တာလဲ။

၎ နှစ် အကြာ (၂ဝဝ၂ခုနှစ်)မှာပဲ ရွှေဘိုထောင်ကနေ ပြန်လွတ်လာပါတယ်။

နှင်းမေအောင်က ဘာဖြစ်လို့ ခဏခဏ အဖမ်းခံရ၊ ထောင်ကျရတာလဲ။

၁၉၉၈ ခုနှစ်မှာ ပြည်သူ့လွှတ်တော် ခေါ်ယူဖို့ နအဖ စစ်အစိုးရကို တောင်းဆိုတဲ့ အနေနဲ့ ရန်ကုန်တက္ကသိုလ် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အတွက်ကြောင့် ပထမအကြိမ် ထောင်ကျတယ်။ အဲဒီတုန်းက သူက (၄၂)နှစ် ကျတယ်။ (၇)နှစ်ကျော်ကျော်မှာ ထောင်ကနေ ပြန်လွတ်တယ်။

ဒုတိယအကြိမ်ကတော့ လူမှားပြီး အဖမ်းခံရတာ။ လူမှားပြီး အဖမ်းခံရပေမဲ့ နအဖ ထောက်လှမ်းရေးက ပြန်မလွှတ်ပေးဘူး။ ဥပဒေလမ်းကြောင်းအရ ပြောမယ်ဆိုရင် စွဲချက် တင်လောက်စရာ ကိစ္စကလည်း မထင်ရှားဘူး၊ မရှိဘူးလေ။ ဒါပေမဲ့ သူ့ကို ကိုမင်းကိုနိုင်တို့ အုပ်စုနဲ့ တွဲလို့ ဆိုပြီး ထောင်ပါ ချလိုက်တာ။

အခု သူ ကျတာ ထောင်ဒဏ် (၁၁)နှစ်လေ။ အင်းစိန်ထောင်ကနေ မုံရွာထောင်ကို ပြောင်းလိုက်ပြီ။ အရင်တခေါက် ထောင်ကျတုန်းကလည်း အဲဒီလိုပဲလေ။ သားအမိနှစ် ယောက်ကို တယောက်နဲ့ တယောက် အဝေးဆုံး ထောင်တွေကို ခွဲပို့လိုက်ကြတယ်။ နိုဘယ်လ် မိသားစုတွေက ထောင်ဝင်စာတွေ့ဖို့ တော်တော်လေး ဒုက္ခ ရောက်ကြရတယ်။ အခုလည်း အဲဒီလိုပဲ။ အန်တီအေးက ကျန်းမာရေးလည်း မကောင်းတော့ ရန်ကုန်နဲ့ အရမ်းဝေးတဲ့ မုံရွာကို ပို့လိုက်တယ် ဆိုတော့ နိုဘယ်လ် မိသားစုတွေ ထပ်ပြီး ဒုက္ခ ရောက်ကြရဦးမှာပဲလေ။
မင်းကိုနိုင်၊ နှင်းမေအောင် နှင့် ကိုကိုကြီး

အခုလို ဂုဏ်ထူးဆောင်မြို့သူအဖြစ် သတ်မှတ်ခံရတာကို ကာယကံရှင် နှင်းမေအောင် သိမယ်ဆိုရင် ကာယကံရှင် သူ့အတွက် ဘာထူးခြားမလဲ၊ ဘာရလဒ်တွေ ဖြစ်မယ်လို့ ထင်သလဲ။

ဒီလို ဂုဏ်ပြုခံရတာကို နိုဘယ်လ်သာ သိမယ်ဆိုရင် ဝမ်းသာမှာ။ သူ့လုပ်ရပ်တွေ အတွက်လည်း ဂုဏ်ယူနေမှာ။ ပြီးတော့ ထောင်ထဲမှာ နေနေရပေမဲ့ ဒီလို အသိအမှတ်ပြုခံရတယ် ဆိုတာ သူ့အတွက် အားဆေး တခွက်ပဲလေ။ အန်တီအေးလည်း နိုဘယ်လ် အတွက် ဂုဏ်ယူ ဝမ်းသာ နေမယ်လို့ ယုံကြည်တယ်။

နှင်းမေအောင် နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အမှတ်ရစရာ တချို့ကို ပြောပြပါဦး။

၁၉၉၉ ခုနှစ် ထောင်ပြောင်းတုန်းကဆို ကျမတို့ မိန်းကလေး (၅)ယောက်လုံးဟာ ဝမ်းနည်း စိတ်ဓာတ် ကျမနေဘဲ သီချင်းတွေ တလမ်းလုံး အော်ဆိုလာခဲ့ကြတယ်။ နိုဘယ်လ်လည်း ပါတာပေါ့။ အမှတ်ရနေတာကတော့ နိုဘယ်လ်က သီချင်း သိပ်မဆိုတတ်ဘူး။ ဒါပေမဲ့ သူ အမြဲ ဆိုနေကျ သီချင်း တပုဒ်တော့ ကျမ အခုထက်ထိ မှတ်မိနေတုန်းပဲ။ အဲဒီ သီချင်းကတော့ “ကမ္ဘာမကြေဘူး” ဆိုတဲ့ သီချင်းပါပဲ။

0 comments: