ဒူဘိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးမှု

ပလက်နက် | မြန်မာအမျိုးသမီးတစ်ဦး လမ်းဘေးရေနှုတ်မြောင်းအတွင်း ဆင်းသည့် အပေါက်အတွင်း သေဆုံးနေသည့် လူသတ်မှုအတွက် ရဲများက စုံစမ်း စစ်ဆေးမှုများ အပူတပြင်း ဆောင်ရွက်နေကြောင်း ဒူဘိုင်း အာဏာပိုင် များက ပြောကြားလိုက်သည်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နံနက် (၁၀) နာရီ ခန့်က ဒူဘိုင်းနိုင်ငံ အယ်လ်နာဒါတွင် ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးက အဆိုပါ အမျိုးသမီး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒူဘိုင်းရဲများသည် ထိုပတ်ဝန်းကျင်ကို ရှင်းလင်းပြီးနောက် မှုခင်း ဖော်ထုတ်ရေး အထူးတပ်ဖွဲ့(CID)သို့ အကြောင်းကြားခဲ့ကြသည်။ အမျိုးသမီး၏ ရုပ်အလောင်းကို ဆေးရုံကားတစ်စင်းက လာရောက် သယ်ယူ သွားပြီး မျက်မြင်များ၏ အဆိုအရ အလောင်းတွင် အ၀တ်အစား လုံးဝမရှိကြောင်းနှင့် ထိုအမျိုးသမီး အလောင်းအား တွေ့မြင်သူတိုင်း တုန်လှုပ် ခြောက်ခြားနေခဲ့ကြောင်း သိရှိရသည်။

CIDမှ ရဲမှူးကြီးအဆင့်ရှိ ခါလီအယ်လ် မန်ဆာရီက ဒူဘိုင်းတွင် စားပွဲထိုးမယ်အဖြစ် လာရောက် အလုပ်လုပ် နေသည့် အဆိုပါ အမျိုးသမီးသည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ကတည်းက ပျောက်ဆုံးနေကြောင်း သူမ၏ အခန်းဖော်များနှင့် လုပ်ဖော်ကိုင်ဖက်များက ထွက်ဆိုခဲ့ကြောင်း ပြန်လည်ပြောကြားသွားသည်။ သူမသည် အမ်းမရိတ်စ် လေကြောင်းလိုင်းတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အိန္ဒိယအမျိုးသား လုပ်ဖော် ကိုင်ဖက် တစ်ဦးနှင့် သူမ မသေဆုံးမီတွင် တပူးတွဲတွဲ ဆက်ဆံနေမှုများ ရှိခဲ့ကြောင်း သူမနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။ ၎င်းသည် ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဟု ရဲများကဆိုသည်။ ထို့အပြင် သူမအား နောက်ဆုံး တွေ့မြင်ခဲ့ကြချိန်တွင် ထိုပုဂ္ဂိုလ်နှင့် အတူရှိနေသည်ဟု ယုံကြည်ရဖွယ်ရှိကြောင်း ရဲများက သုံးသပ်ခဲ့ကြသည်။ သူမ၏ အခန်းဖော်က သူမသည် ထိုအိန္ဒိယ အမျိုးသားနှင့် လွန်ခဲ့သော ရက်(၂၀)ခန့်က စတင်သိကျွမ်းခဲ့သည်ဟု ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြောသွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

နောက်ဆက်တွဲ သတင်းများအရ အသတ်ခံရသည့် အမျိုးသမီးသည် အသက်(၃၀)အရွယ် မ ………. ဆိုသူ အမျိုးသမီးဖြစ်ပြီး သူမတွင် (၆)နှစ်အရွယ် သမီးလေးတစ်ဦးရှိကာ လက်ရှိ ရန်ကုန်မြို့တွင် သူမ၏ မိဘနှစ်ပါးနှင့် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ သူမ၏ အမျိုးသားသည် မလေးရှားတွင် အလုပ်လုပ်နေပြီး သူမထံတွင် ရန်ကုန်၌ ပညာသင်ကြားနေသော ညီမနှစ်ဦးရှိကြောင်း၊ သူမသည် မိသားစုအား ထောက်ပံ့ရန် ဒူဘိုင်းသို့ လာရောက်အလုပ်လုပ်နေခြင်းဖြစ်ပြီး လေဆိပ်တစ်ခုတွင် စားပွဲထိုးမယ်အဖြစ် အလုပ်လုပ်နေသည်မှာ (၅)လရှိပြီဟု သူမ၏ အခန်းဖော် အမျိုးသမီးက ပြောကြားခဲ့သည်။ ထိုအခန်းဖော်နှင့် သေဆုံးသူ အမျိုးသမီး တို့သည့် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ဒူဘိုင်းသို့ အတူတူရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မ……….. အား တွေ့ရှိခဲ့သည့် ဆောက်လုပ်ရေး အလုပ်သမားက သူမသည် ရုပ်ပျက်ဆင်းပျက် အနေအထားမျိုး ဖြစ်နေပြီဖြစ်သဖြင့် တွေ့တွေ့ချင်း အလွန်ထိတ်လန့်ခဲ့မိကြောင်း ၀န်ခံခဲ့သည်။ အမ်းမရိတ်စ် လေကြောင်းလိုင်းက သူမ၏ သေဆုံးမှု အတွက် မှတ်ချတ် တစုံတရာ မပေးလိုကြောင်း ကြေညာခဲ့ပြီး ယခု ကိစ္စသည် ရဲမှုခင်းတစ်ခုသာဖြစ်ကြောင်း ပြောကြားသွားသည်။ ဒူဘိုင်းရဲတပ်ဖွဲ့ကမူ မြန်မာအမျိုးသမီး သေဆုံးမှုအတွက် သူမ၏ အမျိုးသားမိတ်ဆွေတစ်ဦးကို စစ်ဆေးနေကြောင်း ပြောကြားထားသည်။

မှတ်ချက်။ ။ အမျိုးသမီး၏ အမည်ရင်းကို စုံစမ်းသိရှိပြီးဖြစ်သော်လည်း သေဆုံးသူ၏ ဂုဏ်သိက္ခာကို ငဲ့ညှာသော အားဖြင့် ဖော်ပြခြင်းမပြုပါ။

source by : http://www.planet.com.mm/news/read.cfm/id/11979

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form