၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်အဖွဲ့ ပါတီထောင်

ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကချင်ပြည်နယ်တွင်း နိုင်ငံရေးပါတီအသစ် တခုကို ဖွဲ့စည်းရန် စိုင်းပြင်းနေကြသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) ဟု အမည်ပေးထားပြီး အရပ်ဘက် လူများဖြင့်သာ ပါဝင်ဖွဲ့စည်းမည့် ထိုပါတီသည် တရားဝင်ပါတီ မဖြစ်သေးကြောင်း ကချင် ဒီမိုကရက်သစ် တပ်မတော်(အန်ဒီအေကေ)မှ ဥက္ကဌ ဇခုန်တင်ယိမ်းက ပြောသည်။

“ကျနော်တို့ အဖွဲ့က လျာထားတာဘဲ ရှိသေးတယ်။ နာမည်ပေးထားတယ်။ အစိုးရက ပါတီစုံ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောထားတာပဲလေ။ ဘယ်အချိန်လောက်မှာ တရားဝင် ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။ ပြည်သူတွေက ထောက်ခံမှသာ တရားဝင် ဖြစ်မယ်လေ။ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီလို့ အဓိပ္ပါယ် ပေါက်မယ်။ KSPP က အဆိုပြုထားတာဘဲ ရှိသေးတယ်။ လူထုက လက်ခံပါတယ်။ ထောက်ခံပါတယ်ဆိုတဲ့ အဆင့်မရောက်သေးပါဘူး”ဟု ပြောသည်။

သူက ဆက်၍ပြောဆိုရာတွင် “အဲဒီအဖွဲ့က တကယ်လို့ ကချင်ပြည်နယ်မှာ နိုင်ငံရေး ပါတီဖွဲ့ဖို့၊ တွေးတော ကြံဆတဲ့ ပုဂ္ဂိုလ်များ ရှိလာရင် ကချင်ပြည်နယ်မှာ လူမျိုးမရွေး ဘာသာမရွေး ပြည်နယ်ကို ကောင်းစားရေးအတွက် နိုင်ငံရေးပါတီ တခုသာလျှင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဖွဲ့သင့်ပါတယ်။ အဲဒီလို ဖွဲ့လာတဲ့ နိုင်ငံရေးပါတီကို ကျနော်တို့ ထောက်ခံတယ်ဆိုတာဘဲ”ဟု သူကပြောသည်။

ပါတီ၏ အဓိက ရည်ရွယ်ချက်သည် ကချင်ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများ ကောင်းစားရေးအတွက် နိုင်ငံရေး လွတ်လွတ်လပ်လပ် ခံယူနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်လာရေးများကို အတူတကွ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ အဖွဲ့ခေါင်းဆောင်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အို)မှ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ တူးဂျာဖြစ်ပြီး ကချင် ဒီမိုကရက်သစ် တပ်မတော်(အန်ဒီအေကေ)မှ ဒုတိယ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး မန်ချန် သိန်းဆောင်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်မှ ခွဲထွက်သည့် လဆန်အောင်ဝါအဖွဲ့မှ ဗိုလ်မှူး ဖုန်းရမ်တို့ ပါဝင်သည်ဟု ပြောသည်။

အကယ်၍ အဆိုပါ ပုဂ္ဂိုလ်များသည် ပါတီတည်ထောင်ခွင့် ပြုလျှင် သက်ဆိုင်ရာ ၎င်းတို့ အဖွဲ့အစည်း အသီးသီးမှ နုတ်ထွက်ရမည်ဟု ဆက်ပြောသည်။

“နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပြုပြီဆိုရင်တော့ စည်းရုံးခွင့်တော့ ရှိရမှာပေါ့။ လွတ်လွတ်လပ်လပ် ဆွေးနွေး တိုင်ပင် ပြီးတော့မှ ဒေသအတွက်၊ တိုင်းပြည်အတွက် ကောင်းမြတ်တဲ့ လုပ်ငန်းစဉ်တွေ ကျင့်သုံးရမယ်လို့ ယူဆတယ်” ဟု ကချင်ဒီမိုကရက်သစ် တပ်မတော်မှ ဥက္ကဌ ဇခုန်သိန်းယိန်းက ပြောသည်။

ကြားကာလ ကော်မတီအဖွဲ့ (Jingphaw Mungdaw Pranwan Komiti) ကို ယမန်နှစ် နှစ်လယ်ပိုင်းအတွင်းက ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေး ပါတီဖွဲ့စည်းနိုင်ရေးအတွက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)၊ ကေအိုင်အိုမှ ခွဲထွက်ရေးအဖွဲ့ လဆန်အောင်ဝါအဖွဲ့များနှင့် ကချင် ဒီမိုကရက်သစ် တပ်မတော် (အန်ဒီအေကေ)တို့နှင့် ကချင်အမျိုးသားအတိုင်ပင်ခံ ကော်မတီတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုပါတီတွင် ၀င်ရောက်ပါဝင်မည့် အပစ်အခတ် ရပ်စဲအဖွဲ့များအနေဖြင့် အရပ်သားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ရမည်ဖြစ်သည်ဟုလည်း အန်ဒီအေကေ အဖွဲ့မှ အမည်မဖော်လိုသူ ဗိုလ်မှူးတယောက်က ပြောသည်။

“သူတို့က နိုင်ငံရေး ပါတီအနေနဲ့ ပါဝင်မယ်။ အဲဒီပါတီမှာ ပါလို့ ရှိရင် ရဲဝတ်စုံ မဝတ်ရဘူး။ အကုန်လုံး အရပ်သားကပဲ ဖွဲ့စည်းလိုက်တယ်ပေါ့။ အရပ်သား ဖြစ်သွားတယ်ပေါ့။ အဖွဲ့အစည်းကနေ အရပ်သား ဖြစ်ပြီးတော့ အဖွဲ့ ၂ဖွဲ့၊ ၃ဖွဲ့ မဖြစ်အောင်ဆိုပြီးဖွဲ့တယ် ပြောတာဘဲ။

သူကဆက်၍ပြောဆိုရာတွင် “တဖွဲ့ကနေ ၅ ယောက်စီဆိုတော့ ၁၅ ယောက်လောက်ရှိမယ် ထင်တယ်။ တခြားဘယ်သူတွေ ပါတလဲတော့ မသိဘူး။ ပါတီဖွဲ့လို့ လိုက်စည်းရုံးနေတာဘဲလေ။ မြို့နယ်တိုင်းမှာ စည်းရုံးနေတာဘဲ”ဟု သူကပြောသည်။

၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည့် KIA အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရယူထားသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တခုဖြစ်သည်။

source by : http://www.mizzimaburmese.com/special/2010-election/2542-2009-03-03-14-41-23.html

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form