သတင်းစာက အဖျင်းအညာများ

မောင်သြ | ယနေ့မြန်မာနိုင်ငံမှာ သတင်းစာဖတ်တဲ့ ပရိသတ်နှင့် မဖတ်တဲ့ ပရိသတ် နှစ်မျိုးရှိပါတယ်။ ဖတ်တဲ့သူရဲ့ သဘောထားကတော့ နာရေး သတင်းနဲ့ နအဖစစ်အစိုးရ ဘာတွေ လုပ်နေလဲ၊ ဘယ်နိုင်ငံကလာတဲ့ အကြီးအကဲ တွေကို ဘယ်လို မျက်နှာချိုသွေးနေလဲဆိုတာ သိချင်လို့ပါ။ မဖတ်တဲ့သူတွေရဲ့ သဘောကတော့ မဟုတ်မမှန် ကိုယ့်ဘက် ကိုယ်ယက် နေတဲ့ ဆောင်းပါးတွေ၊ သတင်းတွေ ဖတ်မိရလို့ ဒေါသထွက်ရတယ်။

ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းအဖြစ်မှန်တွေကို ဖုံးကွယ်ထားပြီး တံတားဆောက်တာတွေ၊ လမ်းဖောက် တာတွေ၊ အလှူဒါနပြုကြသူငါ သတင်းဓာတ်ပုံတွေနဲ့ သူတို့ (ဗိုလ်ချုပ်ကြီးများ) တိုင်းခန်း လှည့်လည် ကြတာတွေ၊ နအဖ အကြိုက် ဖားရေးနေတဲ့ ဆောင်းပါးရှင်တွေက အတိုက်အခံ ပါတီတွေကို အပုတ်ချ တိုက်ခိုက်နေတာတွေ ဒါတွေပဲ ပါနေကြတော့ဘာမှ ထူးခြားမှုမရှိလို့ မဖတ်ကြဘူး။

ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဆိုတဲ့ စကားပုံလို ကိုယ့်ငါးချဉ်ကိုယ်ချဉ် သတင်းဆောင်းပါးတွေကို နေ့စဉ် တွေ့နေရတော့ သတင်းစာမဖတ်တဲ့သူက ပိုများပါတယ်။ ယခင်တုန်းက သတင်းစာနောက်ကျောမှာ စောင်ရေ ဘယ်လောက်ထုတ်ဝေတယ်ဆို ဖော်ပြလေ့ရှိတယ်။ အခုတော့ ဖတ်သူလျော့နည်းလို့ စောင်ရေကျလာတော့ စောင်ရေ ဘယ်လောက်ရှိတယ်ဆိုတာ မဖော်ပြရဲတော့ဘူး။ သတင်းစာမှာ ရေးနေကြတဲ့ ဆောင်းပါးရှင်တွေ ကလည်း နအဖ ခြေသလုံးဖက် မစားရ ၀ခမန်း အမှန်တရားကို ဖုံးကွယ်ပြီး မှန်သယောင်ယောင် လိမ်ဆင်တွေ ရေးတာများတယ်။ ဥပမာ -

၁၈- ၂- ၀၉ နေ့က ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာ ကြေးမုံမှာပါတဲ့ ဆောင်းပါးရှင် စည်သူအောင်ရဲ့ “လက်တွဲ ညီညီ ရှေ့သို့ချီ” ဆိုတဲ့ ဆောင်းပါး ကော်လံအလယ်မှာ -

“နိုင်ငံရေးဆိုတာ နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ အမြင့်ဆုံး ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့ အရေးကိစ္စကို (Maximization of National interest) သာ ဖြစ်တယ်။ ပါတီတခု၊ လူတစုရဲ့ ကိုယ်ပိုင်အကျိုး စီးပွားကို ရှာဖွေဖို့ လုပ်ငန်းတခု (Individual Profiteering Business) မဟုတ်ပါဘူး” ဆိုပြီး ရေးထားတယ်။

ပါတီအကျိုးစီးပွား၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဒီနေ့ ဘယ်သူတွေက ဦးဆောင်လုပ်ပြီး၊ ဘယ်သူတွေက ကြီးပွားချမ်းသာပြီး ကောင်းစားနေသလဲဆိုတာ ဆောင်းပါးရှင် ဆရာကြီး အတ္တမျက်လုံးမှာ တိမ်သလ္လာ ဖုံးနေပြီထင်ပါတယ်။

နောက် ဒုတိယကော်လံမှာ “ဒီလောက် သယံဇာတတွေနဲ့ ပြည့်စုံကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ အလားအလာ ရှိသလောက် တိုးတက်အောင်မြင် ပေါက်မြောက်မှု မရှိခဲ့တာ အားလုံးအသိပါ”။ ဆိုလိုခြင်တာက သယံဇာတပေါတဲ့ နိုင်ငံကြီးဟာ မချမ်းသာဘဲ ဆင်းရဲနေတာ ဘာကြောင့်ပါလဲဆိုတဲ့ သဘောပါ။ ကောင်းပြီ ၁၉၆၂ မှ ယနေ့ထိ (၄၇) နှစ်တိုင်တိုင် စစ်အာဏာရှင်များ တဆက်ပြီးတဆက် အုပ်ချုပ်လာခဲ့တာ အရှေ့တောင်အာရှမှာ တချိန်က အချမ်းသာဆုံးကြွယ်ဝခဲ့တဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံအဖြစ် ကြေညာခဲ့ရတယ်။ ဘယ်သူတွေ အုပ်ချုပ်မင်းလုပ်ပြီး ဘယ်သူတွေ ကြီးပွားချမ်းသာနေလဲဆိုတာရယ်၊ ဘယ်သူတွေကြောင့်ဆိုတာရယ် ခွဲခွဲခြားခြား သိဖို့ ကောင်းပါပြီ။

နောက်တခုက “အာဏာနဲ့ ပတ်သက်လာရင် ရွဲကုန်သည်ဇာတ်ထဲက မင်းသားကြီး ရွှေမန်းဦးတင်မောင်သီချင်းလို မပေး….ပေး…ပေး xxx ငါ့ရွှေခွက်ပေး ဆိုတာမျိုးတွေနဲ့ အတိတ်ကို ပြန်သွားချင်တာ တွေ့နေခဲ့ရပါတယ်” …… တဲ့။

အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးကတည်းက အာဏာတငမ်းငမ်းနဲ့ တောင်းဆိုခဲ့တာ မရှိခဲ့ပါဘူး။ ခုထိလည်း အာဏာလွှဲပြောင်းပေးအပ်ဖို့ မတောင်းဆိုခဲ့သေးပါဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး န၀တ (နအဖ) အစိုးရရဲ့ ထုတ်ပြန်ထားတဲ့ ၁/၉၀ ကြေညာချက်တွေ၊ စည်းကမ်းဥပဒေ အမိန့်တွေနဲ့ ပြောထားတဲ့ ကတိစကားတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ တွေ့ဆုံဆွေးနွေးမှုကိုသာ အစဉ်တစိုက် ပြောဆိုနေခဲ့တာပါ။

နောက်ရှိသေးတယ်။ “တကယ်အရင်းစစ်လိုက်ရင် ပြည်သူလူထုကြီး တရပ် လုံးရဲ့ အကျိုးစီးပွားလား၊ သူတို့အတွက် အာဏာရွှေခွက် အစွဲနဲ့ အလွဲကြီး လွဲမှား နေတာလားဆိုတာဟာ အသိပညာရှိသူတိုင်း စဉ်းစား ကြည့်နိုင်တဲ့ ကိစ္စပါ” တဲ့။ ကောင်းပြီ။ ဒီနေ့ပြည်သူလူထုကြီး တရပ်လုံးရဲ့ အကျိုး စီးပွားတွေ ကမောက်ကမ ဖြစ်ပြီး စီးပွားရေး အကျပ်အတည်းဒဏ်ကို ခံရတဲ့ ပြည်သူတွေရဲ့ ညည်းညူသံတွေကို ကြားနေရပါတယ်။ ဘယ်သူ့စနက်လဲ၊ ဘယ်သူတရားခံလဲ … အန်အယ်လ်ဒီ မဟုတ်တာတော့ သေချာတယ်။ အာဏာရွှေခွက်ကို မက်မောပြီး အာဏာကုလားထိုင်က ဖင်မခွာချင်ဘဲ နှစ် (၂၀) ကျော်တိုင်တိုင် လက်မလွှတ်ချင်တာ ဘယ်သူတွေလဲ။ ဆောင်းပါးရှင် ရှေ့နောက်ညီညွတ်အောင် ရေးပါ။ အမှန်တရားကို မြင်တတ်ပါ။ ဆေးခါးကြီးကို သကြားရည် မဖုံးပါနှင့်။

နောက်… ပြောချင်တာက ဆောင်းပါးရှင် စည်သူအောင်ရဲ့ နိဂုံးပိုင်းမှာ ရေးထားတဲ့ “ရွေးကောက်ပွဲမှာ တကယ်ဆုံးဖြတ်ပေးရမှာက မဲဆန္ဒရှင် ပြည်သူတွေပါ။ ပြည်သူ့အဆုံးအဖြတ်ကို နာခံပြီး ကျရာကဏ္ဍက ပြည်သူကို အလုပ်အကျွေးပြုရမှာက နိုင်ငံရေး အင်အားစုတွေပါ” တဲ့။ အဲဒီ စာကြောင်းလေးကို ထပ်ဖြည့်ပြောချင်ပါတယ်။ ဒါမှ သဘာဝကျမှာကိုး။ ……

ရွေးကောက်ပွဲ တကယ်ဆုံးဖြတ်ရမှာက မဲဆန္ဒရှင် ပြည်သူတွေပါ။ ပြည်သူ့အဆုံးအဖြတ်ကို နာခံပြီး ဆောင်ရွက် ပေးရမှာက ရွေးကောက်ပွဲကို ကျင်းပပေးတဲ့ ပုဂ္ဂိုလ်များ (အုပ်ချုပ်တဲ့အစိုးရ) သာ ဖြစ်ပါတယ်။ ပြည်သူကို အလုပ်အကျွေးပြုရမှာက ရွေးကောက်ပွဲမှာ တရားမျှတပြီး မှန်မှန်ကန်ကန် အနိုင်ရရှိတဲ့ နိုင်ငံရေးအင်အားစု (ပါတီ) များသာ ဖြစ်ပါတယ်လို့ ထပ်ဖြည့်ချင်ပါတယ်။

၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ဘယ်သူတွေ ကျင်းပပေးခဲ့ပါသလဲ။ အဲဒီတုန်းက ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ဘာကြောင့် လက်မခံဘဲ ယခု ၂၀၀၈ ခုနှစ် မစစ်မှန်တဲ့ တဖက်သတ် ကျင်းပခဲ့တဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲကျမှ ပြည်သူ့ဆန္ဒကို လက်ခံရမယ်ဆိုတာ တရားမျှတမှုရှိရဲ့လား။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်အမျိုးအစားထဲ ပါသွားမယ်နော်။

ဒီနေ့ မြန်မာနိုင်ငံအရေးဟာ ဆောင်းပါးရှင် စည်သူအောင် ပြောသလို အချင်းချင်း စည်းလုံးညီညွတ်မှုအားကို ရယူမှဖြစ်မယ်၊ ညှိနှိုင်းဆောင်ရွက်ကြဖို့လိုတယ်ဆိုရင် အကောင်းဆုံးကတော့ ကြိုတင်စည်းကမ်းချက်၊ သတ်မှတ် ချက်များမပါဘဲ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူထုက ချစ်ခင်ကြည်ညိုလေးစားတဲ့ အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး အဖြေ ရှာခြင်းဖြင့်သာ မြန်မာနိုင်ငံရဲ့ အနာဂတ်အလင်းရောင်သစ်ဟာ ထွန်းလင်းတောက်ပ သာယာ ချမ်းမြေ့ လာနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
source by : http://www.khitpyaing.org/articles/march_09/4-3-09.php

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form