ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဆောင်းပါး နှင်းပန်းအိမ် မဇ္ဈိမ လွတ်မြောက်နယ်မြေလို့ သတ်မှတ်တဲ့နေရာကို ကျမ ရောက်နေပေမယ့် စိတ်ထဲမှာ အခုထိ လွတ်မြောက်တယ်လို့ မခံစားမိသေးဘူး။

မြန်မာပြည်ထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး ဝေးလံခေါင်သီတဲ့ အကျဉ်းထောင်တွေဆီကို "ဘယ်သူတော့ ဘယ်ရောက်သွားပြီ ဘယ်လိုသွားရသလဲ၊ လမ်းခရီး ဘယ်လောက်ကြာလဲ၊ ဘယ်မှာ တည်းရမလဲ၊ ရာသီဥတုက ဘယ်လိုလဲ" လို့ ကျမဆီကို မိတ်ဆွေတွေက ဖုန်းနဲ့ လှမ်းလှမ်းမေးကြတယ်။

ကျမ ထောင်ဝင်စာတွေ့ဖူးတဲ့ ကလေးထောင်၊ တခြား အကျဉ်းကျမိသားစုတွေကို အဖော်အဖြစ် လိုက်ပို့ပေးရတဲ့ မြစ်ကြီးနားထောင်၊ မိုင်းဆတ်ထောင်၊ ဘူးသီးတောင်ထောင် အစရှိတဲ့ ထောင်တွေ အကြောင်းပြောပြရတာ ညသန်းခေါင်ထိ။

အဲဒီလို နှုတ်နဲ့ လမ်းညွှန်ရတာ ကျမ ဘယ်လိုမှ အားမရဘူး။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်ချင်တာလေ။ မြန်မာပြည်ထဲက အကျဉ်းကျမိသားစုတွေ အခုချိန်မှာ ဆောက်တည်ရာမရ ထိတ်လန့်အားငယ်နေရော့မယ်...။

သူတို့လို ခံစားမှုမျိုးနဲ့ ကျမ လွမ်းတေးသီခဲ့ရတာ ၈ နှစ်တောင် ကြာခဲ့တယ်။ ကျမ အသည်းနှလုံးပေါ်မှာ "ထောင်ဝင်စာ" ဆိုတဲ့ အသားတံဆိပ် ဖြစ်ပေါ်ခဲ့ရတဲ့ အထိပဲ။

ဘ၀ အချိုးအကွေ့အသစ်တခုကို လျှောက်ခဲ့ရတဲ့ ၁၉၉၈ ခုနှစ်က ကျမ ဘ၀ခရီးကို ပြန်ပြီး သတိရမိတယ်။

၁၉၉၈ ခု၊ ဖေဖော်ဝါရီလထဲမှာ ခင်ပွန်းသည်ကို နယ်မြေထောက်လှမ်းရေးက နေအိမ်မှာ လာဖမ်းတော့ ကျမတို့ သားအမိ မရှိဘူး။ ကျမ ဆွေမျိုးများရှိရာ တောနယ်လေးမှာ ရောက်နေတယ်။ အ၀တ်တထည် ကိုယ်တခုနဲ့ ပါသွားတဲ့ ခင်ပွန်းသည်ကို စိတ်ပူလိုက်ရတာ မပြောပါနဲ့တော့။ ဘယ်မှ စုံစမ်းလို့မရ၊ ဆက်သွယ်လို့ မရနဲ့။ ၂ လ အကြာ သတင်းစာရှင်းလင်းပွဲ လုပ်တော့မှ သက်ရှိထင်ရှား ရှိပါသေးလားဆိုပြီး စိတ်အေးသွားရတယ်။

သတင်းစာရှင်းလင်းပွဲအပြီး နောက်တပတ်မှာ ထောင်ဝင်စာတွေ့ဖို့ ကျမတို့ ကြိုးစားခဲ့ကြတာပေါ့။ မှတ်မှတ်ရရ ၁၉၆၂ ခု၊ ဗ.က.သ ကျောင်းသားခေါင်းဆောင် ဦးလှရွှေရဲ့ဇနီး ဒေါ်ဒေါ် ဒေါ်ခင်မာအေး၊ ကိုအောင်ထွန်းရဲ့အမေ၊ ကိုခွန်စိုင်းရဲ့ အဖေနဲ့ အမေ၊ ကျမတို့ သားအမိနှစ်ယောက် အင်းစိန်ထောင်ရှေ့မှာ ထောင်ဝင်စာတွေ့နိုင်ဖို့ ထောင်တာဝန်ရှိတဲ့သူနဲ့ အကြိတ်အနယ် ပြောကြတာပေါ့။ ထောင်တာဝန်ရှိသူတွေကလည်း ထောက်လှမ်းရေးက ခွင့်ပြုမှ ထောင်ဝင်စာတွေ့နိုင်မှာလို့ ငြင်းတယ်။

ဒေါ်ဒေါ် ဒေါ်ခင်မာအေးနဲ့ ကိုအောင်ထွန်းမိခင်၊ ကိုခွန်စိုင်း ဖခင်နဲ့ မိခင်တို့က ထောက်လှမ်းရေးနဲ့တွေ့ပြီး ပြောမယ်လို့ ဘယ်လိုပဲပြောပြော ထောင်ဝင်စာမပြောနဲ့ ထောက်လှမ်းရေးကိုတောင်မှ တွေ့ခွင့်မရခဲ့ပါဘူး။

အိမ်ကနေ ချက်ပြုတ်ကြော်လှော်လာတဲ့ဟင်း ပါဆယ်ထုပ်၊ ငှက်ပျောသီး၊ ရေပုံး၊ ထမင်းစားဖို့ ကော်ခွက် ကော်ဇွန်း၊ ထောင်ဝတ်စုံ နှစ်စုံ၊ စောင်၊ အနွေးထည် ထည့်ထားတဲ့ အိတ်တွေကိုပဲ ဆွဲပြီး အိမ်ကို ပြန်ခဲ့ရတယ်။

ဒီလိုနဲ့ ကျမတို့ အပတ်စဉ် အိမ်ကနေ ချက်ပြုတ်လာလိုက်၊ မတွေ့ရ ပြန်သွားလိုက်နဲ့ ပင်ပန်းလိုက်တာ ငွေကုန်လူပန်း။ အကြွေးထူကာမှထူရော့။ တပတ်တခါ အင်းစိန်ထောင်ရှေ့သွားပြီး ထောင်ဝင်စာ တွေ့နိုင်ဖို့အရေး အကျဉ်းကျမိသားစုအရေး လုပ်ရတာ။ မေလနောက်ဆုံး သီတင်းပတ်မှာ ကျမတို့ ဇွဲဆုရခဲ့တယ်။

ထောက်လှမ်းရေးက "ဟေ့" ဆို ကွေ့နေတဲ့မြစ်တောင် ဖြောင့်သွားလောက်အောင် ကြောက်ရတဲ့ ထောင်တာဝန်ရှိသူတွေ၊ ထောက်လှမ်းရေးက မီးစိမ်းပြလိုက်တော့ ကျမတို့တတွေ ပထမဆုံး ထောင်ဝင်စာ တွေ့ခွင့်ရသွားတယ်။

ထောင်တာဝန်ခံတွေက ကျမတို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းယူ ဖောင်ပြည့်ပြီး သွားခွင့်ရပြီိလို့ ပြောတဲ့အချိန်က မနက် ၈ နာရီ။ ကျမတို့ အကျဉ်းကျ မိသားစုတွေကလည်း ထောင်ဝင်စာ တွေ့ခွင့်ရပြီဆိုတော့ တက်ကြွလန်းဆန်းသွားကြတယ်။

ကိုယ့်မိသားစု အကျဉ်းကျသူရဲ့ ပြစ်ဒဏ်ကို ကြမ်းခင်းဈေး ၃ နှစ်၊ အများဆုံး ၅ နှစ်လို့ တွက်ပြီး ရှေ့ခရီးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြတယ်။ ကျမတို့ အင်းစိန်ဗူးဝရှေ့ ဧည့်ရိပ်သာမှာ ထောင်ဝင်စာတွေဖို့ စောင့်တဲ့အချိန်က ကမ္ဘာဦးလူသားတွေ နေနဲ့လကို မျှော်ရတာ ကျမတို့လောက် ပင်ပန်းလိမ့်မယ်မထင်ဘူး။

ရေတမာပင်ပေါ်က ထင်ပါရဲ့ ဥသြငှက်ကလေး လွမ်းလွမ်းဆွေးဆွေးနဲ့ "ဥသြ" "ဥသြ" လို့ အော်မြည်နေတယ်။ အကောင်ကို မမြင်ရဘဲ အသံကိုသာ ကြားလိုက်ရတဲ့ ကျမအတွက် အလွမ်းတာရှည် ရှေ့ပြေးနမိတ်ဆိုတာ သတိမထားမိဘူး။

ညနေ ၃ နာရီမှာ တာဝန်ကျဝန်ထမ်းက စာရွက်တရွက်ကိုင်ပြီး ဖတ်ပြတယ်။ "ဆက်အောင်နိုင် ပြစ်ဒဏ် ၁၄ နှစ် မြင်းခြံ"၊ "နေဦး ပြစ်ဒဏ် ၁၄ နှစ် ကလေးထောင်" ဆိုတဲ့ အသံက ကျမ ရှိသမျှ ခွန်အားတွေကို ဆွဲယူချလိုက်သလိုပါပဲ။

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ ကျမကို ကိုအောင်ထွန်း မိခင်၊ ကိုခွန်စိုင်း မိခင်၊ ဒေါ်ဒေါ် ဒေါ်ခင်မာအေးတို့က ၀ိုင်းပြီး နှစ်သိမ့်ကြတယ်။ ပြစ်ဒဏ် ၁၄ နှစ်ဆိုတာ ၁၉၉၈ ခုနှစ်မှာတော့ အမြင့်ဆုံး နှစ်ရှည်ထောင်ဒဏ်ပါပဲ။ "ကလေးအကျဉ်းထောင်" ဆိုတော့ ကလေးမြို့ဆိုတာ ဘယ်တိုင်း၊ ဘယ်ပြည်နယ်ထဲ ပါတယ်လို့ ရုတ်တရက် မသိကြဘူး။

တက္ကသိုလ် မြန်မာစာကထိက ဆရာမ ကိုအောင်ထွန်း အမေက "မြန်မာပြည်မြေပုံရဲ့ ဘယ်နေရာလဲဆိုတာ တို့တွေ မေ့ကုန်ပါပြီအေ။ ရက်စက်လိုက်တာ" လို့ မချိတင်ကဲ ရေရွတ်တယ်။

ဦးလှရွှေ၊ ကိုခွန်စိုင်း၊ ကိုအောင်ထွန်းတို့နဲ့တော့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်။ ဦးလှရွှေက ဒေါ်ဒေါ့်ကို မှာလိုက်တယ်။

"မိသန္တာကို ကလေးထောင် အမြန်သွားပြီး မောင်နေဦးကို လိုက်တွေ့ခိုင်း။ မောင်နေဦးမှာ ဘာမှ ပါမသွားဘူး။ ငါ့စောင် တထည်တော့ ပေးလိုက်တယ်"

ကတ္တရာလမ်းပေါ်မှာ တံလျှပ်တွေထနေတဲ့ မေလရဲ့နွေအပူက ကျမရင်ထဲက အပူကို မီမယ် မထင်ဘူး။

အိမ်ကိုရောက်တော့ သားကို မေမေနဲ့အပ်ပြီး တမူးမြို့မှာ ဈေးရောင်းဖူးတဲ့ ကျမ အဒေါ်ဆီကို သွားတွေ့တယ်။ ဒေါ်ဒေါ်က "ကလေးမြို့မှာ ထောင်ရှိလို့လား။ ဒေါ်ဒေါ်က တမူးမြို့ပဲ ကျွမ်းကျင်တာ။ ကလေးမြို့ကိုတော့ မရင်းနှီးဘူး။ လမ်းစရိတ်က အတော်ကုန်မယ်။ ညည်းမှာ ပိုက်ဆံမရှိဘဲ ဘယ်လိုသွားမလဲ။ လမ်းစရိတ် ကျေအောင် တမူးမှာ ဈေးရောင်း။ ကလေးမြို့ပြန် ထောင်ဝင်စာတွေ့၊ ညည်း ယောက်ျားက ပြစ်ဒဏ် ၁၄ နှစ် ဆိုတော့ ညည်း ဘာလုပ်မလဲ။ ညည်းတို့သားအမိ စားဝတ်နေရေးအတွက် ညည်းယောက်ျား ထောင်ဝင်စာအတွက် ညည်း ကြိုးစားမှဖြစ်မှာ" လို့ ပြောတယ်။

အရေးပေါ်ရင် အဆင်သင့်သုံးနိုင်မယ့် ငွေကြေး ကျမတို့မှာ မရှိဘူး။ လောကကို ခါးထောက်ကြည့်နိုင်တဲ့ စီးပွားရေးက သာမန်ပြည်သူကျမတို့မှာ ရှိထားတာမဟုတ်။ ဒီတော့ မိဘပေးထားတဲ့ အမွေအနှစ် ကျမတို့အိမ်လေးကို ၁၅ ကျပ်တိုးနဲ့ ပေါင်ပြီး ရလာတဲ့ ငွေနဲ့ ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ဖို့ စီစဉ်ရတယ်။ ကျမသားလေးကို မေမေနဲ့အပ်ပြီး ကလေးမြို့ကို ထွက်ခဲ့တယ်။

ကျမ ငယ်ဘ၀ကြေးမုံပြင်မှာ နာကျင်မှုတွေ ခွဲခွာခြင်းတွေ၊ မပြည့်စုံမှုတွေဘဲ ထင်ဟပ်ခဲ့သလို သားရဲ့ ငယ်ဘ၀ကလည်း ကျမလို ထပ်တူကျနေပြန်ပြီလား။

ကျမတို့ တူအရီးနှစ်ယောက် ရန်ကုန်-မန္တလေး၊ မန္တလေး - မုံရွာ၊ မုံရွာ - ကလေး အဆင့်ဆင့်လာတဲ့ လမ်းခရီးက အသွားခရီးတင် ကလေးမြို့အရောက် ၅ ရက်ကြာခဲ့တယ်။

အဲဒီတုန်းက "မုံရွာ - ယာကြီးလမ်း" မရှိသေးဘူး။ မဟာမြိုင်ကို ဖြတ်ရတဲ့ခရီး။ မုံရွာကနေ အမိုးပွင့် ဟိုင်းလပ်ကားပေါ်မှာ ငုတ်တုပ်ထိုင်ရုံပဲ လိုက်ခဲ့ရတယ်။ ခြေထောက်အောက်မှာ ကုန်က အပြည့်။

ကံထူးမက မဟာမြိုင်တောင်ခြေရင်း။ ည ၈ နာရီကတည်းက တောင်စတက်တာ မနက်ဝေလီဝေလင်းကျကာမှ ချင်းတွင်းမြစ်ကမ်းနဖူးကို ရောက်တယ်။ တောတောင်ဆိုတာ ကျမအတွက် ပထမဆုံးမြင်ဖူးတာ။

တောင်တက် တောင်ဆင်းတွေမှာ ကားက ကွေ့လိုက်ပတ်လိုက်နဲ့ လူဆိုတာ တကိုယ်လုံး ယိမ်းထိုးနေတာပဲ။ ကားမီးရောင်နဲ့မြင်ရတဲ့ ကမ်းပါးယံတွေက ချောက်ကမ်းပါးယံတွေ။ လမ်းက ကားတစီးသွားသာရုံ။ ကားဘော်ဒီက ကားလမ်းကျော်ပြီး ချောက်ကမ်းပါး မေးတင်နေတာမို့ ကျမ မကြည့်ရဲဘူး။

တောနက်လေ ပိုအေးလေ၊ လေတဟူးဟူး တိုက်နေတဲ့ အအေးကို အကြောက်တရားက ဖုံးလွှမ်းနေတယ်။ ကျမ နဖူးမှာချွေးစတွေ သီးလို့။

ကားစက်သံက တောတောင်ကို အသက်ဝင်အောင် လုပ်လိုက်သလိုပဲ။ မျောက်တွေ၊ ယုန်တွေ၊ ငုံးတွေ၊ တောကြက်တွေကို တောချောက်တဲ့အတိုင်း ကားလမ်းပေါ်အထိ ထွက်ပြေးလာတတ်တယ်။ ကားစပယ်ယာနဲ့ ခရီးသည်တွေက "ဟေး ဟေး" ဆိုပြီး ညာသံပေး မောင်းထုတ်ရတယ်။ ကားလမ်းရှေ့တည့်တည့် ပြေးတာက ပြေး၊ တောထဲဝင်ပြေးတာက ပြေးနဲ့ ရှုတ်ယှက်ခတ်သွားတယ်။ ယုန်လေးတွေက ကားမီးရောင်အောက်မှာ ကြောက်လန့်နေတဲ့ မျက်လုံးပြူးလေးတွေနဲ့ ခုန်ဆွခုန်ဆွ ပြေးပြီး လွတ်မြောက်ရာကို ထွက်ပြေးသွားတယ်။

တညလုံး တောင်တက်တောင်ဆင်း မောင်းလာတဲ့ကား ချင်းတွင်းမြစ်ကမ်းဘေး "ကိုင်းရွာ" ကို ရောက်တော့ ကောင်းကင်မှာ ရောင်နီပျို့လာပြီ။ ခရီးသည်တချို့ကလည်း တဲကြီးတွေထဲမှာ ကျောဆန့်အနားယူကြ။ အအေးဒဏ်ကို ကာကွယ်ဖို့ မီးဖိုတွေရှေ့သွားပြီး မီးလှုံနေကြတယ်။

ကျမတို့ကတော့ သူတို့လို စိတ်အေးလက်အေး မနားနိုင်သေးဘူး။ ရှေ့ခရီးဆက်ဖို့ ကြိုးစားရပြန်တယ်။ ချင်းတွင်းမြစ်ကို လှေနဲ့ကူးဖို့ လှေဆိပ်ကို ဆင်းခဲ့တယ်။ လှေသမားတွေ အိပ်ယာက မနိုးသေးပေမယ့် ချင်းတွင်းမြစ်ကတော့ နိုးနေပြီ။

မြစ်ရေဘောင်းလန်နေတဲ့ ချင်းတွင်းမြစ်ကို ကျမတို့လှေ ကန့်လန့်ဖြတ်ကူးတဲ့ အချိန်မှာ ကျမရဲ့ အနာဂတ်ကို မတွေးဝံ့အောင်ပါပဲ။ ခင်ပွန်းသည်ဆီကို ရောက်ဖို့ဆိုတဲ့ စိတ်ကူးတောင် ကျမ မကူးရဲဘူး။ ဘယ်တော့မှ အလကားမရဘူး။ တခုလိုချင်ရင် တခုပေးဆပ်ရတယ်ဆိုတဲ့ သဘောတရားကို ဘ၀အတွေ့အကြုံက သင်ပေးလိုက်တယ်။

၂၄ မိုင်သာဝေးတဲ့ ကလေးဝ-ကလေးလမ်းကို ကျမတို့ တနေကုန်အောင် စီးခဲ့ရတယ်။ ၅ ရက် မြောက်တဲ့နေ့မှာ ကလေးမြို့ကို ရောက်ခဲ့တယ်။

၆ ရက်မြောက်တဲ့နေ့မှာ ကလေးထောင်ကို ဆိုက္ကားဆရာ - မြင်းလှည်းဆရာတွေဆီ စုံစမ်းကြည့်တော့ ဘယ်သူမှ ကလေးထောင်ကို မသိကြဘူး။ ကလေးမှာ ထောင်မရှိဘူးလို့ ပြောသေးတယ်။

ဒါနဲ့ ကျမလည်း ဆိုက္ကားနဲ့ ကလေး ရဲစခန်းကိုသွားပြီး ထောင်ကို ဘယ်လိုသွားရမလဲလို့ အရဲစွန့် မေးရတယ်။ တာဝန်ကျ ရဲအရာရှိက ထောင်က မြို့နဲ့ ၈ မိုင်ဝေးတဲ့ ကလေး-တမူး ကားလမ်းပေါ်မှာ ရှိတဲ့အကြောင်း၊ လေးဘီးငှားသွားရင် အဆင်ပြေမယ်လို့ ပြောလိုက်တယ်။ တမူး-ကလေးလမ်းက အခုလို အာရှလမ်း မဟုတ်သေးဘူး။

ချင်းတောင်ခြေရင်းကို နေရဉ္စရာမြစ်က ကွေ့ပတ်စီးဆင်းနေတယ်။ နေရဉ္စရာမြစ်နဲ့ မလှမ်းမကမ်းက ကလေးထောင်ကို ဖုန်လိပ်တွေကြားကနေ လှမ်းမြင်လိုက်ရတယ်။ ကျမ စိတ်ထဲ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ မဲဇာတောင်ခြေက ဒီလောက်ဝေးပါ့မလားလို့ တွေးမိတယ်။

ထောင်အုတ်ရိုး ဗူးတံခါးသာ ပြီးသေးတဲ့ ဆောက်လုပ်လက်စ ကလေးထောင်အသစ် မြေနေရာက မော်လိုက်ကလေးရွာရဲ့ သုသာန်မြေနေရာဟောင်း။ ကားဆရာက အကြောက်ကြီးသူမို့ "မြန်မြန်နော် အမ" လို့ မှာတယ်။ ကျမက ကြောက်စိတ်ထက် မခံချင်စိတ်၊ ခင်ပွန်းသည်ကို တွေ့ချင်စိတ်က လွှမ်းမိုးနေတာမို့ "ငါ့သဘော မဟုတ်ဘူး၊ ထောက်လှမ်းရေး သဘောဟဲ့" လို့ ဘုတောခဲ့သေးတာ။

၎ လကြာ အိမ်နဲ့ အဆက်အသွယ် ပြတ်နေတဲ့ ခင်ပွန်းသည်ကို ထောင်အရာရှိ ထောက်လှမ်းရေး ၈ ယောက်ရှေ့မှာ မိသားစုအကြောင်းသာ ပြောရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ ၁၅ မိနစ် တွေ့ဆုံခွင့်ရခဲ့တယ်။

ခြင်လုံ သံဇကာနှစ်ထပ် နောက်က ခင်ပွန်းသည်ရဲ့ မျက်နှာက မပီဝိုးတ၀ါး။ စိမ့်အေးနေတဲ့ အုတ်တိုက်ကြီးအတွင်းက အခန်းကျဉ်းလေးထဲမှာ သူ့ဘက်ကိုယ့်ဘက် အစောင့်အရှောက်တွေ၊ အသံဖမ်းစက်တွေနဲ့ ကျမနဲ့ ခင်ပွန်းသည်ကို ထပ်မံချုပ်နှောင်ထားသလိုပဲ။

ပိန်ချုံးနေတဲ့ ခင်ပွန်းသည်ဆီမှာ ခွန်အားဆိုလို့ စိတ်ဓာတ်တခုပဲ ရှိတော့တယ် ထင်ပါရဲ့။ "နေကောင်းရဲ့လား" ဆိုတဲ့ ကျမ မေးခွန်းကို ခင်ပွန်းသည်က "လူကို ဦးဆောင်တာ အတွေးအခေါ်ပဲ" တဲ့။ ဒီတော့ ထောက်လှမ်းရေးက "ကိုယ်ရေးကိုယ်တာပဲ ပြောပါ" လို့ ကန့်ကွက်တယ်။ အသံတွေ တုန်သွားတဲ့အထိ ဒေါသဖြစ်သွားတဲ့ ခင်ပွန်းသည်က "စိတ်ထဲမှာ သေသေချာချာ မှတ်သွား၊ ငါနဲ့အတူ ၁၅ ယောက် ရှိတယ်။ ဦးတင်အောင်၊ ကိုခင်မောင်မြင့်၊ ကိုဆန်နီ၊ ကိုအောင်နိုင်၊ ကိုပဏ္ဏိတ်၊ ကိုဌေးလွင်၊ ဦးဇင်း စန္ဒာသီရိ၊ ဦးအောင်မြင့်၊ ကိုစောဝင်း၊ ကိုခင်မောင်လွင်၊ ကိုအောင်နိုင်၊ စောသာအင်း၊ ဦးစောနီအောင်၊ ကိုကျော်ဇော သူတို့အိမ်တွေ ပြောလိုက်၊ ထောင်ဝင်စာ လာတွေ့ပါလို့။ ဒီဒေသက ငှက်ဖျားဒေသ၊ အေးလည်း အေးတယ်၊ ဆေးဝါးလည်း မရှိဘူး။ ထောင်ဆရာဝန်လည်း မရှိဘူး၊ ထောင်ဆေးရုံလည်း မရှိဘူး" ဆိုတဲ့ စကားအဆုံး "ထောင်ဝင်စာ ပိတ်တယ် အချိန်ပြည့်ပြီ" ဆိုတဲ့ ထောက်လှမ်းရေးနဲ့ ထောင်တာဝန်ရှိသူတွေ ကျမတို့ တွေ့ဆုံခြင်းကို ခွဲခွာခြင်းအဖြစ် ပြောင်းလဲလိုက်တယ်။

ထောင်ကအပြန် "ဘာလေးတော့ မပြောလိုက်ရဘူး။ မေ့ကျန်ခဲ့ပြီ။ ဟိုသတင်းလေး ပြောလိုက်ရမှာ" ဆိုတဲ့ နောင်တစိတ်၊ စိုးရိမ်ပူပန် စိတ်တွေနဲ့ပဲ ထောင်ဝင်စာ ခရီးတွေကို ကျမ ၈ နှစ်ကြာ ဖြတ်သန်းခဲ့ရတယ်။

ဒီလို "ထောင်ဝင်စာ" ဆိုတဲ့ တွေ့ဆုံခြင်းမျိုးနဲ့ မိသားစုတွေ့ဆုံခြင်းတွေ မြန်မာပြည်မှာ ဆထက်ထမ်းပိုး တိုးလာနေကြပြန်ပြီ။

"ထောင်ဝင်စာ" တွေ့ဖို့ ကြိုးစားရုန်းကန်ကြရမယ့် မိသားစုတွေရဲ့ သတင်းကို စိတ်နှလုံးတုန်လှုပ်စွာနဲ့ ကျမ ကြားနေရပါတယ်။

0 comments: