ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဇာနည်ဝင်း မိုးမခ | ပြည်ပရောက် မြန်မာပြည်သားတွေ မညီညွတ်ကြဘူး၊ အဖွဲ့တွေ အများကြီးဖွဲ့ထားကြတယ်လို့ မထင်ဘူးလား။ နှစ်ခုလုံး ဟုတ်ပါတယ်။ မညီဘူး၊ အဖွဲ့တွေ များတယ်။

ဘယ်သူတွေညီကြသလဲ

ဆဒန်ဟူစိန်ကို ဆန့်ကျင်ခဲ့ကြတဲ့ အီရတ်တွေလည်း ပြည်ပမှာ မညီမညွတ် ရပ်တည်ခဲ့ကြတာပါ။ တရုပ်နိုင်ငံ၊ တိဘက်ဒေသအရေးလုပ်နေသူတွေလည်း အသံတခုတည်း မထွက်ကြပါဘူး၊ တိဘက်ခေါင်းဆောင် ဒလိုင်လားမားနဲ့ ညှိနှိုင်းလို့မရတဲ့ ပြည်ပရောက်တိဘက်တွေအကြောင်း ကြားကြမှာပါ။ လူဆိုတာ သဘောထား ကွဲတတ်တဲ့သဘာဝ ရှိတာကြောင့် ပြည်ပရောက် မြန်မာပြည်သားတွေလည်း သဘောထားကွဲကြ၊ မညီညွတ် ကြတာ မထူးဆန်းပါ။ ထပ်ပြောရရင် ညီညွတ်မှု အားနည်းတာ တခြားနိုင်ငံသားတွေမှာလည်း ရှိတာပါပဲ။ ဒီစာမှာတော့ ကျနော်တို့ဆီမှာ အဖွဲ့တွေ များပြားရခြင်းအကြောင်းကိုပဲ ရေးမှာ ဖြစ်ပါတယ်။

တကိုယ်တော် လုပ်ကိုင်လို့ မရတဲ့အတွက် စုပေါင်းလုပ်ကိုင်ကြ၊ အဖွဲ့ဖွဲ့ပြီး လုပ်ကိုင်ကြတာပါ။ ဒီလိုနဲ့ စိတ်ကူးတူသူ၊ နောက်ခံအကြောင်းအရာတူသူတွေက အုပ်စုတွေ အဖွဲ့တွေ ဖွဲ့စည်းလုပ်ကိုင်နေကြပါပြီ။

လူနည်းစုတိုင်းရင်းသားများ

မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးစု ဆယ်စုမက ကွဲပြားနေတာလည်း အဖွဲ့အစည်း များပြားရတဲ့အကြောင်း ဖြစ်ပါတယ်။

ဥပမာ - ကချင်အမျိုးသမီးအဖွဲ့ကို ကြည့်ပါ။ သူတို့ဟာ သူတို့ကျွမ်းကျင်တာကို ရွေးချယ်သူတွေပါ။ ကချင်ဒေသ အကြောင်းကို သူတို့ သိတယ်။ အဲဒီဒေသမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး သူတို့ တတ်နိုင်သလောက် လုပ်ကိုင်နေကြတယ်။ သူတို့ဒေသ၊ သူတို့နဲ့ ဘာသာစကားတူသူတွေရဲ့ အကြောင်းကိုပဲ သူတို့ ပိုပြီး စိတ်ဝင်စား ပါတယ်။ သူတို့နဲ့နီးတဲ့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့မှာ ဖြစ်နေတာတွေကို သိပ်ပြီး စိတ်မ၀င်စား နိုင်တာလည်း သဘာဝ ကျပါတယ်။ တခြားတိုင်းရင်းသားတွေကလည်း သူတို့ဒေသအရေးကို သူတို့လောက် မလုပ်နိုင် မသိနိုင်ပါ။

ကချင်တွေလိုပဲ ရှမ်း၊ ကရင်၊ ရခိုင် စသဖြင့် မတူတဲ့ တိုင်းရင်းသားအုပ်စုတွေလည်း ရှိပါတယ်။ သီးခြားစီ လှုပ်ရှားကြတဲ့ အတွက် အဖွဲ့တွေ များလာပါတယ်။

အဖွဲ့တွေ နည်းသွားအောင် ပေါင်းစပ်လိုက်လို့မရဘူးလားလို့ မေးချင်ပါလိမ့်မယ်။ ဒါဆို စဉ်းစားကြည့်ပါဦး၊ “မွန်နှင့်ကချင်အမျိုးသမီးများအဖွဲ့” ဆိုပြီး။ လူချင်းဘယ်လောက်ပဲခင်ခင် အဲသလိုဖွဲ့လို့တော့ မရပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရမယ် မထင်ပါဘူး။

ဦးစားပေးမှု

အကြောင်းအရာတူပေမယ့် ဒီလူမျိုးစုတခုထဲမှာပဲ ၂ ဖွဲ့ဖြစ်နေတာမျိုး ရှိပါတယ်။ အဲဒါဆိုရင်လည်း ပြင်ပကမ္ဘာက သိအောင် လှုံ့ဆော်တဲ့အဖွဲ့၊ ဒေသခံတွေကို ပညာပေးတဲ့အဖွဲ့၊ အမည်ခံဖွဲ့ထားတာ၊ အင်အားသိပ်မရှိတော့တာ၊ အခြေစိုက်လုပ်ကိုင်တဲ့ဒေသကွဲပြားတာ စသဖြင့် မတူတာတွေ ရှိနိုင်ပါတယ်။

အကြောင်းအရာမတူ

စကားမတူတဲ့ လူမျိုးစုနှစ်ဖွဲ့ ပေါင်းလို့မရတာ ဟုတ်ပါပြီ၊ စကားတူသူတွေက ဘာကြောင့် ခွဲလုပ်ကြသလဲဆိုတဲ့ မေးခွန်း ရှိနိုင်ပါတယ်။ ကိုယ်စိတ်ပါတဲ့၊ နှစ်သက်တဲ့အလုပ်ကို ပိုပြီး လုပ်ချင်ကြလို့ ခွဲလုပ်ကြတာပါ။ မြန်မာပြည်မှာ ဆောင်ရွက်စရာတွေက သိပ်များပါတယ်။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေး၊ စာပေ၊ ဘာသာစကား၊ နိုင်ငံရေး၊ လူငယ်၊ အမျိုးသမီး၊ လူ့အခွင့်အရေး၊ အနုပညာ ကိုယ်သန်ရာကို လုပ်ပါလိမ့်မယ်။

ထပ်ဖွဲ့သင့်တာတွေ ရှိနေပါသေးတယ်။ မြန်မာပြည်တွင်းမှာ၊ ပြီးတော့ နယ်စပ်ဒေသတွေမှာရှိတဲ့ ကလေး အလုပ်သမား၊ ကလေးစစ်သား၊ မြေမြုပ်မိုင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကလေးပြည့်တန်ဆာ၊ မူးယစ်ဆေး စတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဦးစားပေးလုပ်ကိုင်တဲ့ အဖွဲ့မျိုးတွေ လိုနေပါသေးတယ်။

အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသားအရွယ် ကလေးတွေကို စစ်ထဲဝင်ခိုင်းတာတွေက ကာယကံရှင်ကလေးများအတွက်၊ သူတို့မိဘများအတွက် ရင်နာစရာ ဖြစ်ရပ်ပါ။ မြေမြှုပ်မိုင်းတွေကလည်း ပြည်နယ်နဲ့တိုင်း ၉ ခုလောက်မှာ ရှိသတဲ့။

နယ်စပ်ဒေသ ပြည့်တန်ဆာတွေထဲမှာ မြန်မာပြည်သား ကလေးငယ်တွေရှိတယ် ဆိုတဲ့ သတင်းတွေလည်း ကြားဖူးကြမှာပါပဲ။

လွတ်လပ်စွာဖွဲ့စည်းခွင့်

၁၉၈၈ နှစ်ကုန်ပိုင်း မှာ စစ်အစိုးရခွင့်ပြုချက်နဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့လိုက်တာ အဖွဲ့ပေါင်း ၂၀၀ ကျော်သွား ပါတယ်။ အခွင့်အရေးရရင် ဒီလိုပါပဲ။

ဒီနေ့ကာလ ပြည်ပရောက် မြန်မာပြည်သားတွေလည်း ဖွဲ့ကြစို့ဟေ့ဆိုရင် ဖွဲ့လိုက်ကြ လုပ်လိုက်ကြတာပါပဲ။ အဖွဲ့အစည်းမှတ်ပုံတင်ဖို့ မလိုတာ၊ ခွင့်ပြုချက်တွေ တောင်းဖို့မလိုတာကလည်း အဖွဲ့များရခြင်းရဲ့ အကြောင်း တရပ် ဖြစ်ပါလိမ့်မယ်။

တရားမ၀င်နေထိုင်ခြင်း

ပြည်ပက အဖွဲ့တွေမှာ လူအများစုက မှတ်ပုံတင်ကဒ်၊ ပတ်စ်ပို့၊ နေထိုင်ခွင့်လက်မှတ် မရှိကြပါဘူး။ တရားမ၀င် နေပေမယ့် ဧည့်စာရင်းစစ်တဲ့ထုံးစံမရှိတော့ အတန်အသင့် လွတ်လပ်ပါတယ်။ ခရီးသွားရဖို့တော့ ခက်ပါတယ်။ သွားလာဖို့၊ စုစည်းကြဖို့ မလွယ်ပါ။ ဒါနဲ့ပဲ ကိုယ်ရောက်ရှိရာ ဒေသမှာ အဆင်ပြေသလို ဖွဲ့စည်း လုပ်ကိုင် ကြပါတယ်။

စိတ်ကူးယဉ်

တညီတညွတ်တည်း အဖွဲ့ချုပ်ကြီးတခုဖွဲ့ကြ၊ အဲဒီအောက်မှာ လူငယ်ရေးရာ အမျိုးသမီးရေးရာ တိုင်းရင်းသား ရေးရာ စသဖြင့် ခေါင်းစဉ်ခွဲ ကော်မတီခွဲတွေ တာဝန်အသီးသီးယူပြီး လုပ်ရင် ကောင်းမလား။ အင်း - လျော်ကန် သင့်မြတ်တဲ့ အကြံပါ။

အဖွဲ့တွေက နယ်စပ်ဒေသမှာ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အခြေစိုက်ကြပါတယ်။ သူတို့တွေ စုစည်းပြီး ညီညွတ်တဲ့အင်အားကြီး ဖြစ်ပေါ်လာမယ်ဆိုရင် အိမ်ရှင်ထိုင်းအစိုးရက အဲဒီအဖွဲ့ချုပ်ကြီးကို ချေမှုန်းပါလိမ့်မယ်။

အဖွဲ့များပြားခြင်းရဲ့ အားသာချက်

နမူနာ ၁ - လူ၂ယောက်နဲ့ အဖွဲ့ဖွဲ့မယ် ဆိုရင် ပြောင်လှောင်ချင်သူတွေ ရှိပါတယ်။ အင်အားနည်းပေမယ့် တချိန်ချိန်မှာ အလုပ်လုပ်နိုင်တဲ့အဖွဲ့ ဖြစ်လာနိုင်ပါတယ်။

နမူနာ ၂ - ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့တခုက ၂ဖွဲ့ကွဲသွားတယ် ဆိုပါစို့။ အဲဒီ၂ဖွဲ့လုံးကလည်း လုပ်ငန်း ဆက်လက် လည်ပတ်မယ်ဆိုရင် အကွဲကောင်းတယ်လို့ ဆိုရပါမယ်။ ထိုင်းနိုင်ငံအနှံ့ မြန်မာပြည်သား အလုပ်သမားတွေက သန်းနဲ့ချီပြီး ရှိတာမို့ သူတို့အတွက် အကျိုးဆောင်ပေးမယ့် အဖွဲ့တွေ အများအပြား လိုအပ်နေလို့ပါပဲ။

နမူနာ ၃ - ဇွန် ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံအမျိုးသမီးများနေ့” ဆိုပြီး တချို့က အခမ်းအနား ပြုလုပ်ကြတယ်။ မကြာသေးခင်နှစ်တွေအတွင်း အမျိုးသမီးအဖွဲ့တခုက ဇွန် ၁၉ မှာ ဒေါ်စုမွေးနေ့နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေပဲ လုပ်ဖို့ မူချလိုက်တယ်။ ရလဒ်က သဘောထားခြင်း မတိုက်ဆိုင်တဲ့ အဖွဲ့ဝင်တချို့က အဖွဲ့သစ်တခု ထူထောင်လိုက်တယ်၊ အဲဒီနေ့ရောက်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဆိုပြီး ခမ်းခမ်းနားနား ကျင်းပတယ်။ မိဘမဲ့ကလေးတွေ၊ ခိုကိုးရာမဲ့အမျိုးသမီးတွေကို ကူညီတယ်၊ နေရာထိုင်ခင်း စီစဉ်ပေးတယ်၊ စာသင်ကျောင်းလည်း ရှိတယ်။ ဒီ နမူနာတွေကိုကြည့်ရင် အဖွဲ့တွေ တိုးပွားလာတိုင်း အဆိုးမြင်လို့ မဖြစ်ကြောင်း ထင်ရှားပါတယ်။

မိုးမခ မှ ရယူတင်ပြပါသည်။

0 comments: