မလေးနိင်ငံရောက် မြန်မာ အလုပ်သမားများ ဒုက္ခရောက်

ကျော်သိင်္ခ | ဒီဇင်ဘာ ၂၇

ကမ္ဘာ့စီးပွားရေ အကြပ်အတည်းက မလေးရှားနိုင်ငံကိုလည်း ရိုက်ခတ်လာတဲ့အတွက်ကြောင့် မလေးရှား နိုင်ငံသားတွေလည်း အလုပ်ပြုတ်သူကပြုတ်၊ အလုပ်ရှာနေသူတွေကရှာနဲ့ တော်တော်ကို သောင်းကနင်း ဖြစ်နေပါတယ်။ ဒီကြားထဲမှာ အဆိုးဆုံးကတော့ မလေးရှားမှာ တရားဝင်၊ ရော တရားမ၀င်ပါ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ဗမာအပါအ၀င်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား အလုပ်သမားတွေပါဘဲ။

မလေးမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေးအဖွဲ့ ရေလာ (RELA) ဆိုတာရှိပါတယ်။ ခါတိုင်းဆို RELA တွေက စနေ၊ တနင်္ဂနွေ ဆိုရင် လူစည်ကားရာဘူတာရုံ၊ ကားဂိတ်စတဲ့ နေရာတွေမှာ စနေနေ့ ညနေ ၃ နာရီလောက်ဆို စဖမ်းနေပြီ။ တနင်္ဂနွေနေ့တွေ လိုမျိုးဆိုရင် လမ်းကြောင်းပေါ်ပြေးနေတဲ့ လိုင်းကားတွေကို ပိတ်ဆို့ပြီး၊ ကားပေါ်က လူတွေကို အကုန်ဆင်းခိုင်း၊ မှတ်ပုံတင်ကဒ် စစ်တာတို့၊ နိုင်ငံခြားသားဆိုရင် ပတ်စ်ပို့ ပါ၊ မပါ စစ်တာတို့ လုပ်ပါတယ်။

အခုကျတော့ တရားမ၀င်နိုင်ငံခြားသားတွေကိုဖမ်းတာ RELA တစ်ဖွဲ့တည်း မဟုတ်တော့ပါဘူး။ DBKL လို့ခေါ်တဲ့ စည်ပင်သာယာ ကားလာရင် အလုပ်သမားတွေ ၀ရုန်းသုန်းကား ပြေးကြရပါတယ်။ စည်ပင်သာယာ ၀န်ထမ်းတွေကပါ နိုင်ငံခြားသား အလုပ်သမားတွေကို တွေ့ရင် စစ်ဆေးမေးမြန်းပြီး၊ အမှန်အကန်မဟုတ်လျှင် ရဲခေါ်ပြီး၊ ရဲလက်ထဲအပ်သည်။ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး မလေးရှား အလုပ်သမား တစ်ချို့ရဲ့ ပြောပြချက်တွေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

"ကျနော်တို့မှာ ဟိုတုန်းက RELA ဘဲကြောက်ရတယ်။ အခုဆိုရင် စည်ပင်ကား လာတာနဲ့တောင် ကျနော်တို့ ပတ်ပြီးပြေးနေရတယ်။ နောက်ပြီး အလုပ်ကလည်း မရှိတော့ဘူး။ အခု အလုပ်အသစ်တစ်ခု ထပ်ရှာနေရတယ်။ အရင်လို အလုပ်ရဖို့က မလွယ်တော့ဘူး။ မလေးအစိုးရက အလုပ်ရှင်တွေကို ပြောထားတယ်။ တရားမ၀င် အလုပ်သမားတွေကို အလုပ်ခန့်ရင် သူတို့ ရဲ့ လုပ်ငန်းလိုင်စင်တွေပါ သိမ်းပစ်မယ်ပြောထားတော့၊ အလုပ်ရှင်တွေ ကပါ ကျနော်တို့ကို အလုပ်မခန့်ရဲဘူး"



ကိုဇော်သိန်း (ဂျိုဟိုးဘာရူး နယ်မြေ)

"ဟာ.. အစ်ကိုကလည်း တရားမ၀င် အလုပ်လုပ်တဲ့ သူတွေမပြောနဲ့ ကျနော်တို့ ပတ်စ်ပို့၊ အလုပ်ပါမစ် သမားတွေတောင် လွယ်တာ မဟုတ်ဘူး။ တော်တော်များများ အလုပ်ပြုတ်တယ်။ တစ်ချို့ဆို စက်ရုံက မြန်မာပြည်ပြန်ပို့မယ် ပြောလို့၊ ကြားကြားချင်း ထွက်ပြေး ကြတယ်။ ပတ်စ်ပို့ကတော့ သူဋ္ဌေးလက်ထဲမှာ ကျန်ခဲ့တာပေါ့။ မြန်မာပြည်ပြန်လည်း ဘာထူးတာမို့လို့လဲ။ ဒီမှာဒုက္ခတော်တော်ကို ရောက်နေတယ်။ မြန်မာပြည်ပြန်သွားလည်း ထွက်လာတာ အရင်းတောင် မကျေသေးဘူး။ ပြန်ရမယ်ဆိုရင် ကိုယ့်ဘက်က အရှုံးချည်းဘဲ။ ဟိုရောက်ရင် လည်း ဟိုမှာက တစ်လ လေး၊ ငါးသောင်းလောက်နဲ့ ရန်ကုန်မှာဆို သွားလာတဲ့ စရိတ်နဲ့ ဘာမှ လုပ်လို့မရဘူး။ ဗမာပြည်ကိုတော့ မပြန်ချင်ဘူး။ ဘာဆက်လုပ်မလဲ တစ်ခုခုတော့ စဉ်းစားနေတုန်း။"

ကိုသောင်းထွန်း (ပီနန်- ဖိနပ်စက်ရုံ)

"ပြီးခဲ့တဲ့ ညကတင် ဒီမှာ အော်ပရာစီ (operation) ၀င်သွားတယ်။ ဆိုင်တွေထဲမှာ အလုပ်လုပ်တဲ့ သူတွေကို ၀င်ဆွဲတာ။ ကျနော့် အခန်းမှာနေနေတဲ့ ကောင်လေး သုံးယောက်ပါသွားတယ်။ ကျနော်ကတော့ လွတ်သွားတယ်။ အခုသူတို့ကို ရဲစခန်းမှာ တခြားသူတွေနဲ့ အတူချုပ်ထားတယ်။ သူတို့ကတော့ ယူအင်န် ကဒ် ကိုင်ထားတယ်။ ဒါပေမယ့် ယူအင်န် က လိုက်လည်း ရဲက ပြန်မလွှတ်ဘူး။ မလေး အစိုးရ နဲ့ ယူအင်န် နဲ့က အစေးမကပ်ဘူး။ အခု အဖမ်းခံထားရတဲ့သူတွေကို ထောင်ထဲကို ထည့်မှာ။ သူတို့ကို မလေး- ထိုင်းနယ်စပ်ကို သွားပစ်တော့မှ ကျနော်တို့ ပိုက်ဆံတွေ စုပေါင်းပြီး ပွဲစားကို ပိုက်ဆံပေးပြီး၊ သူတို့ကို သွားခေါ်ခိုင်းရမှာ။ ဖြစ်ချင်တော့ အလုပ်မကောင်းတဲ့ အချိန်ကျမှ ဒီလိုဖြစ်တော့၊ ကျနော်တို့လည်း ပိုက်ဆံသိပ်မလိုက်နိုင်ဘူးပေါ့။ ဒါပေမယ့် တစ်ခုခုတော့ လုပ်ရမှာပေါ့။"

ကိုအေးမင်း (အလော့စတား နယ်မြေ)

"ကျနော်တို့ ခါတိုင်းလို မြို့ထဲတောင် သိပ်မသွားရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကဆို လမ်းမှာ ကားတွေကို ပိတ်ပြီး ဖမ်းနေတယ်လို့ ကြားရင်၊ ကျနော်တို့က ရထားစီးသွားတာကိုး။ အခုဆို ဟိုတစ်လောက ရထားဘူးတာတွေကနေ RELA တွေရော၊ တစ်ခြား အာဏာပိုင်တွေပါ တက်လာပြီး ရထားပေါ်မှာ ရှိသမျှလူတွေကို မှတ်ပုံတင်လိုက်စစ်တယ်။ အထောက်အထားတစ်ခုခု မပြနိုင်တဲ့သူတွေကို နောက်ဘူတာ ရောက်ရင် အကုန်ဆင်းခိုင်းပြီး ဘူတာနားမှာ အသင့် ချထားတဲ့ ထရပ်ကားတွေနဲ့ ခေါ်သွားတာ။ အများကြီးဘဲ။ ဘယ်လို ရှောင်သွားသွား မလွတ်တော့ဘူး။"

ကိုသန်းဇော် (ဆာဒန်း နယ်မြေ)

အဲဒါတွေကတော့ မလေးမှာ ရှိတဲ့ ဗမာ အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပက်သက်ပြီးတော့ အလုပ်သမား တစ်ချို့ကို ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။ မလေးနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ခြောက်သိန်းကျော် အနက် ထက်ဝက်နီးပါးဟာ တရားမ၀င် အလုပ်လုပ်ကိုင် နေကြသူတွေ ဖြစ်ပါတယ်။ အခုလို စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အလုပ်ရှင်တွေဘက်က စာနာမှုနဲ့ အလုပ်ခန့်တာမျိုးတွေ ရှိပေမယ့်၊ မလေးအစိုးရရဲ့ တရားမ၀င်အလုပ်သမားတွေကို အလုပ်ပေးတာကို ကန့်ကွက်မှုတွေ လုပ်လာ တာကြောင့် ဘယ်သူမှ အလုပ်မခန့်ရဲပါဘူး။ သို့သော်မြန်မာအလုပ်သမားများအနေနှင့် ငါးယောက်စုပြီး နေထိုင်တဲ့ အုပ်စုမှ နှစ်ယောက်က အလုပ်မရှိလျှင် ကျန်တဲ့ သုံးယောက်မှာရှိတဲ့ ၀င်ငွေလေးနဲ့ မျှတပြီး စားသောက် ကြတာကြောင့် တစ်ခြားနိုင်ငံသားတွေနှင့် စာလျှင် တော်သေးသည်ဟု ဆိုရမည်။ တစ်ခြား နိုင်ငံသားတွေ နှင့် စာလျှင် မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီသည့် စိတ်ဓာတ်ကြောင့် အရေးကြုံလျှင်၊ ဒုက္ခကို မျှဝေခံစားကြတာလည်း ရှိသည်။

တစ်ခြားနိုင်ငံသားများထက် ဆိုးသည့်အချက်က မြန်မာနိုင်ငံသားများ မြန်မာပြည်ကို ပြန်သွားလျှင် အခြေအနေ က နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း သလိုဖြစ်မည်။ ပြန်လျှင်လည်း ဒုက္ခ၊ မပြန်ဘဲ နေလျှင်လည်း၊ အဖမ်းအဆီး တွေကြားက အလုပ်လုပ်နေကြရ။ မလေးရှားမှာ တရားမ၀င် အလုပ်လုပ်ရသည်က ထောင် နှုတ်ခမ်းဝ မှာ အလုပ်လုပ်နေကြသည့် အခြေအနေ။ တစ်ချို့ကလည်း မြန်မာပြည် က အေးဂျင့် အဆက်အသွယ် နှင့် ထွက်လာတာ တစ်လဘဲရှိသေးကြောင်း၊ ဒီရောက်တော့မှ အလုပ်ရှင်က အလုပ်မပေး နိုင်တော့၍ တစ်လအတွင်း over-stayed ဖြစ်သွားကြောင်း၊ ထိုအခါ အေးဂျင့်ကို ဆက်သွယ်တော့လည်း၊ အေးဂျင့်က ဖုန်းမကိုင်ကြောင်း၊ မလေးရှားကို ရောက်ရောက်ချင်းပင် အို (overstayed) သွားကြောင်း ပြောပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form