ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဆောင်းပါး နှင်းပန်းအိမ် မဇ္ဈိမ | တန်ဆောင်မုန်းလပြည့်နေ့ မနက် ၄ နာရီမှာ ကျမတို့သားအမိ ရွှေတိဂုံဘုရားဖူးဖို့ ရင်ပြင်တော်ပေါ်မှာ ရောက်နေတယ်။ မသိုးသင်္ကန်းယက်ပြီး ဘုရားရုပ်ပွားတော်ကို ကပ်လှူနေတဲ့ အဖွဲ့တွေ၊ အရုဏ်ဆွမ်းကပ်လှူသူတွေနဲ့ ဘုရားပေါ်မှာ ကြက်ပျံမကျ စည်ကားနေတယ်။ ရွှေရောင်ဝင်းပနေတဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီကြီးကတော့ သပ္ပာယ်အေးချမ်းလို့။

နေ့နံအလိုက် ဂြိုလ်တိုင်အသီးသီးမှာ ၀တ်ပြုဆုတောင်းသူ၊ ရေသပ္ပာယ်သူ၊ မီးပူဇော်သူ၊ ပန်းပူဇော်သူတွေကို ကောင်းကင်က လမင်းက လှမ်းကြည့်နေတယ်။ သူ့ရဲ့အလင်းရောင်က ရွှေတိဂုံစေတီရဲ့ ဆလိုက်မီးရောင်ကို မတိုးဝံ့အောင် ဖြစ်နေရှာတယ်။

အောင်မြေလို့ သတ်မှတ်ထားတဲ့ နေရာမှာတော့ လူတွေက ပြည့်ကျပ်နေတာလေ။ လူ့သဘာဝအတိုင်း လုပ်သမျှ အောင်မြင်ဖို့၊ ပြောဆိုသမျှ အောင်မြင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို အောင်မြေကနေ ဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်ကြတယ်။

ကျမတို့သားအမိလည်း အောင်မြေနင်းနိုင်ဖို့ စောင့်ရင်း ရွှေတိဂုံ စေတီကြီးကို မမှိတ်မသုန် ပူဇော်နေမိတယ်။ ဘယ်အချိန်ကျမှ ကိုယ်တိုင်ကိုယ်ကျ ပြည်လည် ဖူးခွင့်ကြုံရမလဲဆိုတာ မသိတဲ့ ရွှေတိဂုံစေတီကို ရင်ထဲကနေ လက်အုပ်ချီ နှုတ်ဆက်နေတာလေ။ ပဲခူးရိုးမအဆက် သိဂုတ္တရတောင်ကုန်းပေါ်က ရွှေတိဂုံ စေတီတော်ကြီး ကတော့ ပင်လယ်ဝက ကြည့်ကြည့်၊ မြို့ပြင်တွေက ကြည့်ကြည့် ရွှေရောင်ဝင်းနေတဲ့ ရွှေတိဂုံကို မြင်တာနဲ့ လက်အုပ်ချီမိရင် ရင်ထဲ ချမ်းမြေ့ကြည်နူးသွားရတဲ့ မြန်မာပြည်သူတယောက်အနေနဲ့ ခေတ္တ ခွဲခွာခြင်းပေါ့။

စေတီပုထိုးမြင်ရင် လက်အုပ်ချီ ဆုတောင်းတတ်တဲ့ ကျမတို့ မြန်မာလူမျိုးတွေအဖို့ ဘယ်နေရာရောက်ရောက် သတိရနေရော့မယ်။ ကျမ အောင်မြေမှာ ကျုံ့ကျုံ့ထိုင်ရင်း "ရွှေတိဂုံစေတီကြီးကို အမြန်ဆုံး ပြန်လည် ဖူးခွင့်ကြုံရပါလို၏" လို့ ဆုတောင်းမိတယ်။

ရွှေတိဂုံ အရှေ့ဘက် ကြေးသွန်းဘုရားကြီး ရှေ့ရောက်တော့ စက်တင်ဘာ သံဃလှုပ်ရှားမှုကြီးမှာ ကိုအောင်ဝေး၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ အမ သန်းမြင့်အောင်တို့နဲ့အတူ ကျမ ပါဝင်ဆွမ်းကပ်ခဲ့တာကို သတိရရင်း သွေးတွေ နွေးသွားတယ်။

သံဃာတော်တွေကို လက်နက်နဲ့ ရက်စက်စွာ ရိုက်နှက်ပစ်ခတ် သတ်ဖြတ်တဲ့ စစ်သားတွေကို မကြောက်မရွံ့ လက်တုံ့ပြန်ခဲ့တဲ့ ဗဟန်းဈေးသည်၊ ဘုရားစောင်းတန်း ဈေးသည်တွေရဲ့ ကြေးညောင်ရေအိုးတွေ၊ ကြေးစည်တွေ အခုပဲ ကျမရှေ့လွင့်ပျံပြီး ရောက်လာသလို ခံစားမိသေးတယ်။

ပြေးရင်းလွှားရင်းက "အပြစ်မဲ့တဲ့ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေကို သတ်ကုန်ပြီ။ အရှင်ဘုရားတို့၊ မင်းဆိုးမင်းညစ်ဘေးက လွတ်အောင်ပြေးကြပါ" လို့ သံကုန်အော်ဟစ်ခဲ့တဲ့ ကျမ အခုတော့ သွေးစွန်းခဲ့တဲ့ ရွှေတိဂုံ ကုန်းတော်မြေကို စွန့်ခွာပြီး မြန်မာပြည်က ထွက်ခွာရတော့မယ်။

ခင်ပွန်းသည်ကို ၈ နှစ်ကြာ ထောင်ဝင်စာတွေ့ခဲ့တုန်းက ကျမ ဘ၀မျိုးစုံ ဖြတ်သန်းခဲ့ရတယ်။ မြန်မာပြည် အနောက်မြောက်မြို့တော် မုံရွာကိုဖြတ်ပြီး ချင်းတောင်ခြေရင်း ကလေးထောင်ကို ထောင်ဝင်စာ ၇ နှစ် တွေ့ခဲ့ရတဲ့ ကျမ ဘ၀အမောပြေမယ် မကြံသေးဘူး။

ထောင်က ထွက်လာပြန်တော့လည်း နိုင်ငံရေးသည်သာ သူ့ရဲ့အသွေးအသား၊ သူ့ရဲ့ဘ၀လို့ ယုံကြည်ချက်ပြင်းတဲ့ ခင်ပွန်းသည်က ပုဒ်မတွေ အများကြီးပိုက်ပြီး လွတ်မြောက်နယ်မြေကို ထွက်ခွာသွားရလေရဲ့။

၂၀၀၂ မှာ "၄၀၁" ကို လက်မှတ်ထိုးရင် လွှတ်ပေးမယ်လို့ အာဏာပိုင်က ခင်ပွန်းသည်ကို ကမ်းလှမ်းခဲ့တယ်။ "နောက်နောင် နိုင်ငံရေး မလုပ်တော့ပါဘူး၊ လုပ်ခဲ့ရင် ယခု ထောင်ကြွေးကျန်နဲ့ တပေါင်းထဲ ကျခံရမယ်" ဆိုတဲ့ "၄၀၁" ကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး၊ အကျဉ်းထောင်ထဲ ပြန်ဝင်သွားတဲ့ ခင်ပွန်းသည်ကို နားချပေးဖို့ အာဏာပိုင်က ကျမကို ပြောခဲ့တယ်။

"အကျဉ်းထောင်ဆိုတာ မနေအပ်တဲ့နေရာ၊ လူသားအခွင့်အရေး ဆုံးရှုံးတဲ့နေရာ၊ ဒါပေမဲ့ သူက သူ့ယုံကြည်ချက် ကို ဆုပ်ကိုင်ပြီး ဆုံးဖြတ်တာပဲ။ ၄၀၁ ကို လက်မှတ်ထိုးလို့ သူ့ကို သစ္စာဖောက်လို့ ဆိုရင်လည်း ကျမ ရင်ဆိုင်မယ်။ ၄၀၁ ကို လက်မှတ်မထိုးလို့ သူရဲကောင်းဆိုလည်း ကျမ ကြိုဆိုမယ်။ သူ့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ် ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမက သူ့ကို ပါရမီဖြည့်ရမှာပဲ" လို့ ကျမ အာဏာပိုင်ကို ပြန်ပြောခဲ့တယ်။

၂၀၀၅ ဇူလိုင်လ ၆ ရက်မှာ ခင်ပွန်းသည် ပြန်လွတ်လာခဲ့တုန်းကတော့ ကျမတို့သားအမိနဲ့အတူ မိဘဆွေမျိုးတွေ ပျော်လိုက်ရတာ။ မိသားစု သုံးယောက် ခွဲနေရတဲ့ ၇ နှစ်စာ အတိုးချပြီး တယောက်ကို တယောက် အရိပ်ကြည့် ဖြည့်ဆည်းခဲ့ကြတာ ပတ်ဝန်းကျင်ကပါ "ဒါမှ မိသားစု ခေါ်တာ" လို့ ပြောလို့ရတဲ့ အထိ။

ကျမတို့ မိသားစုဘ၀လေး တည်တည်ငြိမ်ငြိမ်နဲ့ ချမ်းမြေ့ပျော်ရွှင်ဖို့ ဘ၀က ခွင့်မပြုခဲ့ဘူး။ မြန်မာပြည်မှာ လူဖြစ်ရတဲ့၊ မြန်မာပြည် နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားတဲ့ ကျမတို့လို မိသားစုတွေဟာ ဒီလို ထိတ်လန့်တကြားနဲ့ မငြိမ်မသက် ဖြစ်ရမှာပဲ။ ရေစုန်ကို မလိုက်ဘဲ၊ ရေဆန်ကိုဘဲ ကျမတို့ ရွေးချယ်ခဲ့တာ။

အခုတော့ ခင်ပွန်းသည်ရဲ့လောကဓံ လှိုင်းတံပိုးက ကျမတို့သားအမိကိုပါ ရိုက်ပုတ်သွားတယ်။ "အိမ်ရှင်တို့" ဆိုတဲ့ ညဘက်တံခါးခေါက်သံ၊ "တာဝန်အရ စစ်ဆေးချင်လို့ပါ" ဆိုတဲ့ စကားသံတွေက ကျမတို့ သားအမိ ဘ၀လုံခြုံရေးကို ပါထိပါးလာခဲ့ပြီ။ ကျမတို့သားအမိ ဘ၀လုံခြုံရေးအတွက် မိတ်ဆွေရဲဘော်တွေက ခင်ပွန်းသည်နောက်ကို အမြန်လိုက်ဖို့ ၀ိုင်းဝန်ကူညီပေးကြပါတယ်။

ရွှေတိဂုံ ကုန်းတော်ပေါ်ကအပြန် အိမ်ရောက်တော့ ကျမရင်ထဲ ခံစားချက်မျိုးစုံနဲ့ ဟုန်နေတယ်။ ကျမချစ်တဲ့ မြန်မာပြည်၊ ကျမ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ ၊ ကလေးရဲ့ ရေမြေတောတောင် ယဉ်ကျေးမှု ဓလေ့ထုံးစံ။ မြန်မာပြည်ရဲ့ အထင်ကရ ဧရာဝတီနဲ့ ချင်းတွင်းရဲ့ အလှ။ မိသားစု ဆွေမျိုး မိတ်ဆွေ တွေရဲ့ ချစ်ခြင်းမေတ္တာကို တောင့်တမိသေးတယ်။ ဒီဝန်းကျင်ကို ဘယ်နေ့ဘယ်ရက်မှာ ပြန်ဆုံမယ်လို့ ပြောရမယ့် နေ့စွဲကို ကျမတို့ မပြောနိုင်ဘဲ ကံတရားဆီမှာ ကျမတို့လိပ်စာများ ပျောက်နေသလား။ ဒါမှမဟုတ် မရှိတာလားမသိ။

သားကတော့ သူ့ရဲ့ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်တွေကို တောက ကလေးတွေကိုပေးဖို့ သူ့အဘိုးကို မှာနေတယ်။ ကျောင်းဝတ်စုံ အဖြူအစိမ်းတစုံကို အမှတ်တရ သိမ်းပေးဖို့ ထပ်ပြောသေးတယ်။

ကျမတို့ ခွဲခွာဖို့ နှုတ်ဆက်ကန်တော့တဲ့ အချိန်မှာ မာန်တင်းဟန်ဆောင်နေတဲ့ မျက်နှာဖုံးတွေ ကွာကျတဲ့ အချိန်ပေါ့။ ဖေဖေက ကန်တော့ခံရင်း မျက်ရည်ပြည့်နေတဲ့ သူ့မျက်လုံးတွေကို မျက်ရည်မကျဖို့ မျက်တောင်ခတ်ပြီး ကြိုးစားသေးတယ်။ ဘယ်လိုမှ ကြိုးစားလို့မရဘဲ ငိုချလိုက်တာလေ။

ကိုကိုးကျွန်းပြန်ကြီး "ဗိုလ်ဓမ္မ" ရဲ့ ရင်ထဲက ၀မ်းနည်းကြေကွဲမှုကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ ကျမ သိပ်ကို တုန်လှုပ်သွားရတယ်။

"ဘယ်နေရာရောက်ရောက် ပရဟိတစိတ် ထား၊ ကိုယ့်ရှိတဲ့ နေရာမှာ မြဲအောင်ရပ်၊ လောဘ-ဒေါသ-မောဟ မရှိနဲ့" လို့ မှာတယ်။

"တို့တွေ ပြန်တွေ့ဖို့ မလွယ်တော့ဘူး" ဆိုတဲ့ ဖေဖေ့ရဲ့ နှုတ်ဆက်စကားက ကျမ အနာကျင်ဆုံးပါပဲ။ ခွဲခွာခြင်းတွေနဲ့သာ လောကလက်ဆောင်ရခဲ့ရတဲ့ မေမေက ဘာစကားမှ မဆိုနိုင်ရှာဘူး။

ကျမတို့သားအမိ အဝေးပြေးဂိတ်ကို မျက်ရည်တွေနဲ့ ရောက်ခဲ့တယ်။ ဘယ်သူ့ဘယ်သူမှ စကား မပြောနိုင်ဘူး။ ကိုယ်မရောက်ဖူးတဲ့ ဒေသ။ ဘယ်လို အန္တရာယ်ရှိတယ်၊ ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ မတွေးဝံ့အောင်ပါပဲ။

သံလွင်မြစ်ကမ်းကို ရောက်တော့ တံတားမဖွင့်သေးတဲ့အတွက် ကားပေါ်မှာ မှေးငိုက်နေကြတယ်။ မီးပုံဖိုပြီး မီးလှုံနေတဲ့သူတွေ စကားပြောသံက ကားပေါ်ထိ ရောက်လာတယ်။ ယူနီဖောင်းဝတ်သူတွေကို မြင်ရတိုင်း ကျမ ကြောက်စိတ်စိုးရွံ့စိတ်နဲ့ ပူလိုက်ရတာ မပြောနဲ့တော့။

ကားပေါ်ကတဆင့် ပတ်ဝန်းကျင်ကိုကြည့်တော့ တန်ဆောင်မုန်းလပြည့်ကျော်လရဲ့ လရောင်က နှင်းမှုန်တွေ အောက်မှာ ငွေရောင်လဲ့နေတယ်။ လရောင်နဲ့ ပုဇဉ်းအော်သံ၊ ညငှက်အော်သံ၊ သစ်ပင်ကို လေတိုးသံတွေက ကျမကို အထီးကျန်အားငယ်အောင် ပံ့ပိုးနေတဲ့အတိုင်း။

ဒီလိုအချိန်မျိုးမှာ ကျမတို့သားအမိ ခင်ပွန်းသည်ဆီ အန္တရာယ်ကင်းကင်း ရောက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မိဘဆွေမျိုးတွေ စိတ်ပူပြီး အိပ်ပျော်မယ်မထင်ဘူး။ ကျမတို့သားအမိရဲ့လုံခြုံရေးကို စိတ်ပူတဲ့ ခင်ပွန်းသည် ကလည်း သူရှိတဲ့နေရာကို မရောက်မချင်း အိပ်ပျော်မယ်မထင်ဘူး။

အလွမ်းတံတားထိုးပြီး သံလွင်မြစ်ကိုကူးမယ့် ကျမ ကောင်းကင်က လမင်းကို မော့ကြည့်ရင်း ဆုတောင်းမိတယ်။ "ကျမတို့ မိသားစု၊ မိဘဆွေမျိုးတွေ လကို တယောက်တနေရာစီ ကြည့်နေရာက တမိုးအောက်မှာ လကို အတူကြည့်ခွင့် ရချင်ပါတယ်" လို့။ ကောင်းကင်က လမင်းက ကျမဆုတောင်းကို ကြားပြီး ကြေကွဲလို့ထင်ပါရဲ့ တိမ်တွေကြားထဲ ပုန်းသွားတယ်။

မိုးလင်းလို့ သံလွင်မြစ်ကိုဖြတ်တော့ မြစ်ရေစီးသံ သဲ့သဲ့က ခရီးသည်တွေကို လှမ်းနှုတ်ဆက်လိုက်သလိုပဲ။ တံတားကူးရင် မှတ်ပုံတင်ပြစရာမလိုဘူး။ တယောက် ၅၀၀ိ/ - ပေးရင် ရတယ်ဆိုတဲ့ စကား အမှန်ပါပဲ။ ယူနီဖောင်းဝတ်ပြီး တောင်းစားသူနဲ့ ခွက်ရှေ့ချပြီး တောင်းစားသူ နေရာလုတဲ့ အကြောင်းရေးတဲ့ ကိုငြိမ်း (မန္တလေး) ၀တ္ထုကို သတိရမိသေးတယ်။

သံလွင်မြစ်ကို နှုတ်ဆက်ပြီး ဖားအံကို ဖြတ်တော့ ဇွဲကပင်တောင်ကြီးက ထီးထီးကြီးနဲ့ လှမ်းကြည့်နေတယ်။ ခါတိုင်းဆို တောတောင်ရဲ့အလှ၊ ဒေသရဲ့ထွက်ကုန်၊ ဒေသရဲ့စကားသံ လေယူလေသိမ်းအားလုံးကို ခရီးသည်တွေ့တိုင်း မေးနေမိမှာ။ အခုတော့ ဆွံ့အလို့ ...။

ဆူညံတဲ့ မြို့ပြကနေ တိတ်ဆိတ်တဲ့ တောတောင်တွေဆီ တိုးဝင်လာတဲ့ ကျမတို့ကား ကော့ကရိတ် စစ်ဆေးရေးစခန်း အကျော်မှာ ယာဉ်တန်းစောင့်ဖို့ တန်းစီနေတယ်။ ယာဉ်တန်းထွက်လို့ ရပြီထင်ပြီး၊ ကားစက်နှိုးတဲ့ ယာဉ်မောင်းရော၊ ကားစပယ်ယာကို စစ်ဗိုလ်တယောက်က ဖမ်းချုပ်လိုက်တယ်။ သူ့ထက်ကြီးတဲ့ အထက် အရာရှိက ဆိုင်ကယ်ကို ဝေါကနဲထိုးရပ်လိုက်ပြီး "ဘယ်သူ ထွက်ခိုင်းလို့လဲ။ တာဝန်ဆိုတာ မသိဘူးလား။ အားနေလို့တားတာ မဟုတ်ဘူး" လို့ မာန်လိုက်တာ မပြောနဲ့တော့။ ကျမတို့ သားအမိနဲ့ ခရီးသည်တွေဆိုတာ တုတ်တုတ်မလှုပ်ရဲဘူး။ ကျောပေါ်ဝဲနေတဲ့ သေနတ်တွေ ပြင်းထန်တဲ့ စကားလုံးတွေ အောက်မှာ ရှေ့ခရီးဆက်ဖို့ မတွေးရဲဘူး။ ရှိနေတဲ့ နေရာလေးမှာ အသက်ခန္ဓာမြဲဖို့ ဆုတောင်းနေရတယ်။

ဒေါနတောင်ကိုဖြတ်ဖို့ ခွင့်ပြုတော့ ကားတွေ ဝေါခနဲ အလုအယက် မောင်းကြတော့တာပဲ။ လမ်းက ကျောက်လမ်း။ ကျမ ဖြတ်ခဲ့ဖူးတဲ့ ချင်းတောင်၊ မဟာမြိုင်၊ ပုံတောင်၊ ပုံညာ တောင်တက်လမ်းတွေက ပေ ၆၀၀၀ - ၃၀၀၀၀ ကျော် အမြင့်တွေ။ မြေလမ်းမို့ တောင်ပြိုတာ၊ မြေပျော့လို့ မိုးဖွဲဖွဲကျရင်ဘဲ ချောက်ကမ်းပါးဘက် ကားရောက်သွားရင် အော်ကြဟစ်ကြ အသဲတထိတ်ထိတ်၊ ရင်တဖိုဖိုနဲ့။ ဒေါနတောင်က ကျောက်လမ်းမို့ ကျမအတွက် ပါးပါးလေး ရင်မခုန်လိုက်ရဘူး။

ကုန်တင်ကား ခရီးသည်ကားတွေပေါ်မှာ လူတွေ အသွေးစုံ အတွေးစုံ။ ရည်ရွယ်ချက်တွေကတော့ တူကြမယ် မထင်ဘူး။ ဒေါနတောင်ပေါ်ကနေ သထုံဘက် မှန်းကြည့်လိုက်တော့ တောတောင်တွေကို ပျပျပဲ မြင်ရတော့တယ်။ အဲဒီတောတောင်တွေရဲ့ နောက်မှာ ကျမချစ်တဲ့ အညာ၊ မြေလတ် မြို့ပြ၊ မိဘဆွေမျိုး၊ ရဲဘော်အားလုံးကို ထားခဲ့ရပြီ။

ကျမအတွက် သောင်ရင်းမြစ်ဟာ ခွဲခွာခြင်း မှတ်တိုင်ပဲ။

အဲဒီ မြန်မာပြည်ကို ဘယ်အချိန် ပြန်ရောက်မယ်ဆိုတဲ့ နေ့စွဲကို မသိရတဲ့ ဒုက္ခသည် ကျမ ဖြတ်သန်းလာရတဲ့ ခရီးဟာ မိဘဆွေမျိုးတွေရဲ့ အသည်းနှလုံးကို နင်းခြေပြီး မျက်ရည်တွေနဲ့ မောင်းနှင်ရတဲ့ ခရီးပါပဲ။

ကျမတို့ သားအမိနှစ်ယောက် ရှေ့ကိုပဲ ဆက်လျှောက်လာခဲ့ကြပါတယ်။
နှင်းပန်းအိမ်

0 comments: