ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ

-ရင်အေး-

၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ(၄)ရက်နေ့တွင်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်၊ အမိမြန်မာပြည် တိုင်းတပါးကျွန်ဘဝမှလွတ်မြောက်ကာ၊ လွတ်လပ်၍ အချုပ်အချာအာဏာပိုင် နိုင်ငံတနိုင်ငံအဖြစ်၊ ဝင့်ကြွားစွာ ရပ်တည်နှိုင် ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည်သူတို့ အတူတကွ လက်တွဲကာ၊ တပ်မတော် ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြားသည့် အတိုင်း၊ အနီးကပ်ဆုံးရန်သူ ဖြစ်သည့် ဖက်စစ်တို့အား တွန်းလှန်ခဲ့ ပြီးသည့်နောက်၊ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး ကို ညီညွတ်စွာ ရယူနိုင်ခဲ့သည်။

လာမည့် ၂၀၀၉ ခု၊ ဇန္နဝါရီ(၄)ရက်ဆိုလျှင်၊ လွတ်လပ်ရေး ရရှိခဲ့သည်မှာ (၆၁)နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ (၆၁)နှစ်အတွင်း အမိမြန်မာပြည်မှာ ပြည်သူအများစုကြီး၊ ဗိုလ်ချုပ်တို့အရယူပေးခဲ့သည့် လွတ်လပ်ရေး ၏ အနှစ်သာရ ကို အမှန်တကယ် ရရှိခံစားခဲ့ ကြရပါရဲ့လား

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး၊ တပ်မတော်သည်၊ ဖက်ဆစ်အမွေဆိုးကိုအရယူခဲ့သည့် ခေါင်းဆောင်ဆိုး ၏ လက်အောက်သို့ ရောက်ရှိခဲ့ရပြီးနောက်၊ “ပြည်သူနှင့်အတူ တိုင်းတပါးကျွန်ဘဝမှ လွတ်လပ်ရေး အရယူပေး ခဲ့သည့် တပ်မတော်ဘဝ” မှ “ ပြည်သူအချင်းချင်း ကျွန်ပြုသည့်၊ စစ်အာဏာရှင်စနစ်ဆိုး ၏ လက်ကိုင် တုတ် တပ်ဘဝ ” သို့ ရောက်ခဲ့ရသည်ကို၊ အနှစ်(၆၀)သမိုင်းက အထင်အရှား သက်သေပြနေခဲ့ပြီ ဖြစ်ပါသည်။ မိမိတိုင်းရင်းသား၊ ညီအစ်ကိုခြင်းပြဿနာကို၊ လက်နက်အားကိုး အာဏာရှင်စနစ်ဆိုး၏ ဖြေရှင်းမှုမျိုးဖြင့် ဖြေရှင်းခဲ့ ကြသဖြင့်၊ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရပြီး၊ ၎င်းဒါဏ်ကို ပြည်သူတရပ်လုံး ခါးဆီး ခံခဲ့ရသည် မှာ ယနေ့ထိတိုင်ဖြစ်သည်။ တိုင်းပြည် မွဲပြာကျခဲ့ရပြီး၊ ကမ္ဘာ့အလည်မှာ အောက်တန်း နောက်တန်းကျခဲ့ရသည်။ အစဉ်အလာကြီးမားခဲ့သည့် တပ်မတော် သည်လည်း၊ တိုင်းရင်းသား၊ ပြည်သူကိုဖိနှိပ်သည့် လက်ကိုင်တုတ် ယန္တရားအဖြစ် ရောက်ခဲ့ရပြီး၊ လူထု၏ အော့နှလုံးနာမှုကိုခံခဲ့ရ၊ ခံနေရဆဲဖြစ်ခဲ့ရသည်။

ဖက်ဆစ်အမွေဆိုးကိုဆက်ခံခဲ့သည့်အာဏာရှင်၏၊ လက်ဝေခံစစ်အာဏာရူးတစု၏ နဖါးကြိုးထိုးထားခြင်း ခံနေရပြီး၊ တပ်မတော်တွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အဆင့်ဆင့်တိုင်းသည်၊ မိမိတို့၏ အရာရှိ ကိုသာမကတော့ပဲ၊ အရာရှိ၏ မိန်းမ၊ သားသမီး၊ ယောက္ခမ အဆုံး၊ ကြေး ကျွန်များသဖွယ် ဆက်ဆံခံရ၊ လုပ်ကျွေးပြုစုပေးနေကြရသည် ကို၊ တပ်မတော်သားတိုင်းသိလာကြပြီဖြစ်သည်။ မိမိပြည်သူခြင်း အိုးမဲသုတ် သတ်ဖြတ်ခိုင်းထားခြင်း၊ အနှစ်သာရမဲ့ စစ်ပွဲများ ဖန်တည်းပေးထားခြင်းဖြင့်၊ တပ်မတော်သား အားလုံးကို မအားရအောင်၊ မလိုအပ်ပဲအသက်စွန့်ခိုင်းထားခြင်းဖြင့် ၎င်းတို့၏အာဏာကို ကြီးထွား သထက် ကြီးထွားအောင် တည်ဆောက်ထားခဲ့သည်။ တိုင်းရင်းသား၊ညီအ ကိုများနေထိုင်ရာ နယ်စပ်ဒေသများတွင်လည်း၊ စစ်ပွဲ များကြားတွင် မတရားမှု ပေါင်းများစွာကို အစွမ်းကုန်ကျူး လွန်စေသောနည်းဖြင့် ရပ်တည်ခိုင်းခံထားရပြီး၊ ၎င်း၏ အကျိုးဆက်အဖြစ်၊ တပ်မတော်တခုလုံး၏ ဂုဏ်သိက္ခာမှာ၊ ကမ္ဘာ့ အလည်တွင် အဖတ် မဆည်နှိုင်အောင် ကျဆင်းစေခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဇန္နဝါရီ(၄)ရက်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ တပ်မတော်သည်၊ ပြည်သူတရပ်လုံးနှင့် လက်တွဲ၍၊ တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ၊ (၆၁)နှစ် တင်းတင်းပြည့်ပြီ ဖြစ်သည်။

ဒီကနေ့ အာဏာရှင်၏အစေအခိုင်းခံနေရသည့်တပ်မတော် ဘယ်လို ဆက်ရပ်တည်ကြမည်နည်း။

ပြည်သူလူထုတရပ်လုံးအနေနှင့်၊ အာဏာရှင်တစု၏ မတရားပြုကျင့် အုပ်စိုးထားမှုမှလွတ်မြောက်ဖို့ရာ၊ နည်းမျိုးစုံ ဖြင့် ကြိုးစားခဲ့ကြ၊ ကိုးစားနေဆဲပင်ဖြစ်သည်။ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲအတွက် ဒီကနေ့မျိုးဆက်တို့ ပေးဆပ်နေကြရသည်။ ဘုရားသားတော် သံဃာတော်များ လူမဆန်စွာ နှိပ်ကွပ် ခံနေကြရသည်။

အားလုံးမှာ လက်တဆုပ်စာ အာဏာရှင်တို့်၊ မတရားရယူထားသည့် အခွင့်အရေးများလက်မလွှတ်ရရေး တခုတည်း အတွက်သာ၊ စစ်တပ်တခုလုံးမှာအသုံးချခံ အကာအကွယ်ပေးထားခဲ့ရသည်။ အဖိနှိပ်ခံ ပြည်သူ တရပ်လုံးမှာ၊ စားရာမဲ့သောက် ရာမဲ့၊ အနာဂတ်မဲ့၊ နင်းပြား ဘဝများ ဖြစ်နေကြရသည်။

ထိုဘဝများစွာထဲတွင်၊ ဒီကနေ့ တပ်မတော်သားအများစု၏ မိဘများ၊ ဇနီးမယား၊ သားသမီးများလည်း အပါအဝင် ဖြစ်နေကြရသည်။ တပ်မတော်သားများ၏ မိဘ၊ ဇနီး၊ သားသမီးများသည်လည်း ပြည်သူထဲမှ ပြည်သူ များသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီး နှင့် ထပ်တူ ခံစားနေကြရသူများသာဖြစ်ကြသည်။ ပြည်သူလူထုကြီးနှင့် အတူ လွတ်လပ်ရေးကို လိုလားနေကြသူများဖြစ်ကြသည်။ လက်တဆုပ်စာ အာဏာရူး စစ်ခေါင်းဆောင် တစု၏ . . မိမိတို့နှင့် မိမိတို့ကိုသစ္စာခံသူ က္မျန်တစုသာကောင်းစားရေး အတွက်၊ အများစုကို စစ်ကျွန်ပြု ထားသည့် စနစ်ဆိုးကြီးမှ ရုန်းထွက်သည့် “ဒုတိယမြောက် လွတ်လပ်ရေး တိုက်ပွဲ” တွင်၊ ပြည်သူလူထုကြီးနှင့်အတူ ပူပေါင်း ပါဝင်ကြခြင်းဖြင့်၊ တပ်မတော်၏ ဂုဏ်သိက္ခာ ကို အချိန်မှီ ကယ်တင် ကြရမည့် အချိန်ပင် ဖြစ်သည်။

ဒါကြောင့် “ မျိုးချစ်တပ်မတော်သားအပေါင်းတို့အနေနှင့် လာမည့် ဇန္နဝါရီ (၄) ရက် နေ့ကစလို့ သင်တို့နှင့် အနီးကပ်ဆုံးရန်သူကို စတင်ရှာဖွေ တော်လှန်ကြခြင်းဖြင့်၊ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲကြီး မှာ၊ ပြည်သူလူထုကြီး နဲ့အတူပူးပေါင်းကာ၊ အာဏာရှင် စနစ်ဆိုးကြီးကို၊ အမိမြေမှ အပြီးတိုင် ဖယ်ရှားကြပါစို့ ဟု (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယမှာ လေးနက်စွာ တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်။

ကိုရင်အေး ( မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် )

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form