ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဆောင်းပါး ကျော်စွာမိုး | မကြာသေးမီက အဖြစ်အပျက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စိုးရိမ်ပူပန်ရမည့် အနေအထား ဖြစ်ခဲ့သည်။ သူ မရှိတော့လျှင် ဒီမိုကရေစီအရေးတော်ပုံ၏ အခြေအနေ မည်သို့ဆက်ဖြစ်မည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၆ ခုနှစ်က အင်းယားကန်ဘေးရှိ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ- Nic Dunlop/Panos)
ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင် မြန်မာပြည်အခြေအနေ မည်သို့ ဖြစ်လာ မည်နည်း။ အခြေအနေကို စိတ်ကူး ကြည့်ကြပါစို့။ မြန်မာ စစ်ဗိုလ်ချုပ် များက ဤကဲ့သို့အခြေအနေမျိုးကို အိပ်မက်နေကြသည်မှာ ကြာပြီဖြစ်ပြီး ထိုသို့ဖြစ် စေချင် နေသည်မှာလည်း သံသယရှိစရာ မလိုပေ။ သို့သော် အများစုသော မြန်မာပြည်သူများ အတွက်မှာမူ အလွန်အမင်းစိတ်ပျက် အားလျော့ဖွယ် အခြေ အနေဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု အတွက် တန်ဖိုး မဖြတ်နိုင် သည့် ခေါင်းဆောင်ကို ဆုံးရှုံးရမည် ဖြစ်သော ကြောင့်ပင်။

ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားဖြစ်နေစေဦး သူ့တွင် ဧရာမခွန်အား အစွမ်း သတ္တိရှိနေသေးသည်။ လက်နက်များ အကြီးအကျယ် တပ်ဆင် ထားသည့် စစ်ဗိုလ်ချုပ်များ၏ နှလုံးသားထဲထိ စိုးရိမ်ကြောက်ရွံ့ နေရ လေအောင် ထိုးနှက် နိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သံဖိနပ်အောက်၌ ၄၆ နှစ်တာ ရှင်သန်ရုန်းကန်ခဲ့ရသူ ခွန်အား အာဏာမဲ့ နေသည့် ပြည်သူများကို စိတ်ဓာတ် ရေးရာအရ ခွန်အားမြှင့် ပေးနိုင်သူလည်း ဖြစ်သည်။ သူက မြန်မာပြည်အတွက် မျှော်လင့်ချက် လည်း ဖြစ်သည်။

မကြာသေးမီက အစားအသောက်များ လက်ခံရန် ဒေါ်စုက ငြင်းဆန်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ် လာသည့်အခါ လူအများ စိုးရိမ်စိတ် ပွားကြရ သည်။ သူ့ ကျန်းမာရေးကို ပူပန်ကြသလို သူမရှိသည့်နောက်ပိုင်း နိုင်ငံအရေး ကိုလည်း တွေးပူကြသည်။

ယခုကာလ အတောအတွင်း သူ့ကို တွေ့ခွင့်ရှိသူ ၂ ဦးဖြစ်သည့် ရှေ့နေနှင့် ဆရာဝန်တို့က ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ်လလယ် ပိုင်းမှစ၍ မတရားချုပ်နှောင်ထားမှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် ဆန္ဒပြနေခဲ့သဖြင့် ပို၍ ပိန်သွားကာ အဟာရ ချို့တဲ့လာပုံရသည်ဟု ဆိုကြသည်။

ဤသည်မှာ သူ့အတွက် အစာငတ်ခံဆန္ဒပြခြင်းဟု မဆိုနိုင်သေးပေ။ ဆယ်စုနှစ် ၂ ခုကျော် ကာလအတွင်း၌ ဒေါ်အောင်ဆန်း စုကြည် အနေနှင့် ပထမဦးဆုံးနှင့် တကြိမ်တခါသာ အစာအငတ်ခံ တောင်းဆိုခြင်း ပြုခဲ့သည် ဟုဆိုရမည်။ ၁၉၈၉ ခုနှစ် အစောပိုင်းကာလများအတွင်း ပထမအကြိမ် သူ အိမ်အချုပ်ကျခံရစဉ်က အစားအစာများ လက်ခံရန် ငြင်းဆန်၍ တခြား သော သူ၏ရဲဘော် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူ ချုပ်နှောင်ရန် တောင်းဆိုခဲ့သည်။ သို့သော် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို နှိပ်စက်ညှဉ်းပန်းမှု မပြုပါမည့် အကြောင်း အာမခံစကား ကြားရပြီး နောက်တွင်မှ ဆန္ဒပြနေမှုကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်စု၏ ကိုယ် အလေးချိန် ၁၀၆ ပေါင် မှ ပေါင် ၉၀ သို့ ကျဆင်း သွားခဲ့သည်။ ဆံပင်ကျွတ်ခြင်း၊ မျက်စိအမြင် ချို့ယွင်းလာခြင်းနှင့် ကိုယ်ခံအားစနစ် ယုတ်လျော့လာခြင်းများ ခံစားခဲ့ရသည်။

ထိုအချိန်က ဒေါ်စု အသက် ၄၀ ကျော်ပိုင်းမျှသာ ရှိသေးသော်လည်း ယခု သူ့အသက်က ၆၀ ကျော်သို့ ချဉ်းလာခဲ့ပြီ။ အစာအငတ်ခံမည်ဆိုပါက ကျန်းမာရေး ပို၍ ထိခိုက်ခံစားရဖွယ် ရှိနေသည်။ အသက်ရှင်နိုင်ရုံမျှသာ လျှော့ချစားမည် ဆိုလျင်လည်း ကျန်းမာရေး ပြဿနာများက ပိုကြီးလာနိုင်သည်။

အကယ်၍ ဒေါ်စု ဆုံးပါးသွားပါက၊ သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ခေါင်းဆောင်မှုတာဝန် မယူနိုင်လောက်အောင် အပြင်းအထန် နာမကျန်းဖြစ်ပြီ ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။ ဤအချက်ကို သေသေချာချာ စဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ဒေါ်စုသည် အိမ်အကျယ်ချုပ်ဖြင့် ၁၃ နှစ် ကုန်လွန်ခဲ့ရသည်။ ပုံမှန် ကျန်းမာရေး စောင့်ရှောက်ခံခွင့် မရှိသလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကလည်း ကြီးမားခဲ့မည်မှာ သေချာသည်။

လူအများစုက ဒေါ်စု မရှိသည့်နောက်ပိုင်း မြန်မာပြည်အရေးကို မတွေးလိုကြ။ နိုင်ငံရေးကဏ္ဍတွင် ဒေါ်စု မရှိခဲ့လျှင် အကြီးအကျယ် ထိုးနှက်ချက်သဖွယ် ဖြစ်စေနိုင်၍ အင်အားချိနဲ့နေပြီးသား ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ပို၍ အကျိုးယုတ် စေမည် ဖြစ်သည်။ ဒေါ်စုမရှိပါက ဆက်ခံနိုင်မည့် ခေါင်းဆောင်ဟူ၍ တဦး တယောက်မျှ ထင်သာမြင်သာ မတွေ့ရသော ကြောင့် ဖြစ်၏။

အခြားတဖက်တွင် နိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များက ဒေါ်စု ဆုံးပါးခဲ့ပါက ၎င်းတို့ကို ဒုက္ခပေးနေသည့် တရန်ငြိမ်းပြီဟု မြင်ကြပေလိမ့်မည်။ ထို့ပြင် ဒေါ်စုကို သူတို့အာဏာ ထိပါးလာနိုင်သည့် ခြိမ်းခြောက်မှုဟုလည်း မြင် ထားကြသည် မဟုတ်ပါလား။

စစ်ဗိုလ်ချုပ်များအတွက် ဒေါ်စု မရှိတော့မှ သူတို့ အနာဂတ် တောက်ပပွင့်လင်းမည်ဟု မြင်ကောင်း မြင်ကြပါ လိမ့်မည်။ ၁၉၈၉ ခုနှစ် အစောပိုင်းမှ စ၍ ဒေါ်စု အကြိမ်ကြိမ်ဆင်နွှဲ လာခဲ့သည့် အကြမ်းမဖက် ထိပ်တိုက် ရင်ဆိုင် မှုများကိုလည်း ကြောက်နေစရာ မလိုတော့ဟု ထင်နေလိမ့်မည်။ မတရားသည့် အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြ ဟူ၍ ပြောဆို တိုက်တွန်းမည့်သူလည်း မရှိနိုင်တော့ပါ။ ၁၉၈၉ ခုနှစ်အစောပိုင်းက ဒေါ်စု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများမှာ ဇူလိုင်လ ၁၉ ရက်နေ့ထိ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ အာဇာနည်နေ့ပွဲကို စုဝေးချီ တက်မည့် လူထုကို စစ်အစိုးရက အလွန်အကျွံ အင်အားပြ ဟန့်တားခဲ့ရပြီး နောက်တနေ့၌ ဒေါ်စုကိုလည်း ပထမအကြိမ် အိမ်အကျယ်ချုပ် ချထားခဲ့သည်။

ဒေါ်စု ဆုံးပါးသွားပါက စစ်ဗိုလ်ချုပ်များ နောက်ထပ် ပျော်ရွှင်ကျေနပ်ကြရမည့် အချက်တခုမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲကာလ အခြေအနေကဲ့သို့ ရွေးကောက်ပွဲများတွင် နောက်ထပ် စိတ်အနှောင့်အယှက်တွေ့စရာ ရှိတော့မည် မဟုတ်သည့် အချက်ပင်။ စစ်အစိုးရက ၎င်းတို့ကို လိုလားသည့် ပါတီအနိုင်ရအောင် နည်းပေါင်းစုံ ပံ့ပိုး ကြိုးပမ်း ပေးခဲ့သော်လည်း ဒေါ်စုဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အံ့မခန်း အနိုင်ရခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်နေရာ ၈၀ ရာခိုင်နှုန်းကျော် နိုင်ခဲ့သည်။ ထိုအချိန်က သူကိုယ်တိုင် အကျဉ်း ကျနေပြီး ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ၀င်အောင် တိုက်တွန်းခဲ့သူမှာ ဒေါ်စုသာ ဖြစ်သည်။ သူ့ကို အိမ်အကျယ်ချုပ် ချထားစေဦး၊ စစ်ဗိုလ်ချုပ်များအတွက် ဒုက္ခ တွေ့စေရန် ဖန်တီးနိုင်စွမ်း ရှိသည်ကို ဒေါ်စုက ပြသနိုင်ခဲ့သည်။

ထို့ပြင် ၁၉၉၅ ခုနှစ်တွင် ကိုယ်စားလှယ်များကို စစ်အစိုးရ ကျင်းပနေသည့် အမျိုးသားညီလာခံမှ ဆန္ဒပြ ထွက်ခွာလာစေရန် ဆွဲထုတ်ခဲ့သူမှာလည်း ဒေါ်စုသာ ဖြစ်သည်။ အိမ်အကျယ်ချုပ် ၆ နှစ်ကျော် ကျခံရပြီးနောက် လွတ်မြောက်လာခါစ လ အနည်းငယ်၌ ဤဆုံးဖြတ်ချက်ကို သူ ပြုခဲ့ခြင်း ဖြစ်သည်။ အမျိုးသားညီလာခံ ကျင်းပနေပုံမှာ ဒီမိုကရေစီ ကျင့်ထုံးများနှင့် မညီဟု ဒေါ်စုက သုံးသပ်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်များက စိတ်ကောင်းဝင်၍ ပြန်လွှတ်ပေးသော်လည်း ဒေါ်စုက ယခုလို တုံ့ပြန် ခုခံလာသည့်အပေါ်တွင် သူတို့က မကျေမချမ်းနိုင် ဖြစ်ကြရသည်။

၁၉၉၈ ခုနှစ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်ချုပ်များကို ဆူးကြား ဘူးညပ်သည့် အလား ဖြစ်စေရန် ပြုမူခဲ့ ပြန်သည်။ သူ ဦးဆောင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းခဲ့ပြီး ဤအဖွဲ့က စစ်တပ် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးအာဏာကို လုံးဝ စိန်ခေါ်ခဲ့သည်။ စစ်တပ်ကလည်း အချိန်ဖြုန်း မနေဘဲနှင့် အသစ်ဖွဲ့စည်းလိုက်သည့် CRPP အဖွဲ့ဝင်များကို ဖမ်းဆီးလိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

ထိုအချိန်နောက်ပိုင်းတွင် ဒေါ်စုက အများထက်စာလျှင် ပို၍ လွတ်လပ်ခွင့်ရှိသည့် ကာလအပိုင်းအခြား တချို့ကို ထုံ့ပိုင်း ထုံ့ပိုင်း ခံစားခွင့်ရလာခဲ့သည်။ ဒေါ်စု ဆန္ဒပြတောင်းဆိုသည့် အချိန်တိုင်း လူထုထောက်ခံမှု ပိုမိုရရှိ လာခဲ့သည်။ နောက်ဆုံး လူထုမြင်ကွင်းမှ အချိန်ကြာ ပျောက်ကွယ်နေသည့်တိုင် ဒေါ်စုအပေါ် လူထု၏ ထောက်ခံမှု လျော့ကျသွားဖွယ် အကြောင်း မရှိတော့ပေ။ ဒေါ်စုက နိုင်ငံတလွှား စည်းရုံးရေးခရီးများ သွားခဲ့ပြီး သူ့မိန့်ခွန်းများကို ကြားလိုသည့် လူထုပရိသတ် ထောင်သောင်းနှင့် ချီ၍ စုရုံးလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ လူထုအပေါ် ဆွဲဆောင်မှု ရှိလှသည့် သတ္တိပြောင်လှသော မိန့်ခွန်းများကြောင့်လည်း သာမန် မြန်မာပြည်သူများ၏ နှလုံးသားအတွင်း မျှော်လင့်ချက်များ ပြန်လည်နိုးထ လာခဲ့ရသည်။ သို့သော် ဒေါ်စုလှုပ်ရှားမှုတိုင်းကို စောင့်ကြည့် နေကြသည့် စစ်ဗိုလ်ချုပ်များအတွက်မူ ဒေါသဖြစ်ဖွယ်ချည်းသာ ဖြစ်နေတော့ သည်။ သို့အတွက် ကြောင့်လည်း ဒေါ်စုနှင့် လူထုကို ခွဲခြားထားနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို ကြံဆ လုပ်ဆောင်ကြ လေတော့သည်။

ဤဖြစ်ရပ်များအားလုံးက ဒေါ်စုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှသာ တော်ရာကျမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များ ကို ပို၍ စဉ်းစားမိလာစေသည်။ ဒေါ်စု မရှိမှသာလျှင် သူတို့၏ လုပ်ငန်း အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် နိုင်တော့မည် ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က စစ်အစိုးရက သူတို့အလိုကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အဆုံးသတ်နိုင် ခဲ့သည်။ ဤဖွဲ့စည်းပုံအရ စစ်တပ်သြဇာလွှမ်းထားသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး နိုင်ငံရေးကိစ္စများတွင် အတိုက်အခံ အင်အားစုများကို ဖယ်ကျဉ် ထားနိုင်ရေးအတွက် စီမံထားသည်။ အကယ်၍ လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ ခြံဝင်းအတွင်း၌ ချုပ်နှောင်မထားခဲ့ပါက စစ်တပ်အနေနှင့် ရေရှည် မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ အကောင်အထည် ပေါ်နိုင်ပါ့မလားဟူ၍ စောကြော သံသယဖြစ်ဖွယ် ရှိသည်။

နိုင်ငံကို အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များ အသိုင်းအ၀န်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ရည်များကို ပြဿနာအဖြစ် မြင်နေသည့်အလျှောက် သူ့ကို ချုပ်ချယ်ထားသည့် သက်တမ်းအား တရားမ၀င်နည်းလမ်းများဖြင့် ဆက်၍ တိုးနေကြ တော့သည်။ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် တားဆီးရေးဥပဒေ၊ ပုဒ်မ ၁၀ (ခ) အရ ဒေါ်စုကို အကျယ်ချုပ်ချထားခြင်း ဆိုလျှင် အများဆုံး ၅ နှစ်သာ ထိန်းသိမ်း ထားခွင့်ရှိ သည်။ သို့သော်လည်း ၅ နှစ်ကျော်လာသည့်တိုင် ဒေါ်စုကို ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ယခုအခါ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ၍ တစိတ်တပိုင်း အရပ်သားအုပ်ချုပ်မှု ပုံစံမျိုး အရေခွံ ပြောင်းရန် နောက်တဆင့် ကြိုးပမ်းနေကြပြီ ဖြစ်သည်။ ဤရွေးကောက်ပွဲသစ်သာ ဖြစ်လာပါက ၁၉၉၀ ပြည့်နှစ်ကကဲ့သို့ အမှားမျိုး မဖြစ်စေရန်လည်း သူတို့က သတိထားနေကြသည်။ သို့သော် ဖြစ်ခဲ့သည့် အတိတ် သမိုင်းကို ပြောင်းပြန်လှန် ရန်အတွက် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားမှ ဖြစ်မည်။ ပါးစပ်ပိတ်နေစေမှ ဖြစ်မည်ကိုလည်း စစ်ဗိုလ်ချုပ်များက သိ နေကြသည်။

အကယ်၍ ဤရွေးကောက်ပွဲသစ် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ယိုယွင်းလာပါက လွန်ခဲ့သည့် နှစ် ၂၀ က မက်ခဲ့သည့် အိပ်မက်ကို ဆုလာဘ်အဖြစ် စစ်ဗိုလ်ချုပ်များအား အောင်ပွဲနှင်းလိုက်သည့်သဖွယ်သာ ဖြစ်ပေတော့မည်။ ဒေါ်စု ဆုံးပါးသွားခြင်းက ဒီမိုကရေစီ အရေးတော်ပုံ နိဂုံးတော့ မဟုတ်တန်ရာ။ သို့သော် သေချာသည်ကတော့ များစွာ ချိနဲ့ အားပျော့သွားပေလိမ့်မည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကာလတွင် ဒေါ်စုကို ပြင်ပကမ္ဘာနှင့် လုံးဝနီးပါးမျှ အဆက်အသွယ် ဖြတ်ထားခဲ့ သော်လည်း ဒေါ်စုသည်သာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တခုတည်းသော အကြီးအကျယ် ဆုံး မျှော်လင့်ချက် ဖြစ်နေသေးသည်။ မြန်မာနိုင်ငံရှိ လူမျိုးစုံ တိုင်းရင်းသားပြည်သူများအကြား လူအများ ယုံကြည်အားထားနိုင်သည့် တဦး တည်းသော ခေါင်းဆောင်လည်း ဖြစ်နေသည်။ နိုင်ငံတကာ မိသားစု ကလည်း သူ့အပေါ် လေးစားရိုသေကြပြီး နိုင်ငံ၏ ကျဆင်းယိုယွင်းနေသည့် စီးပွားရေးစနစ် ပြန်လည် တည်ဆောက်ရေး အတွက်လည်း အဓိကအခန်းကဏ္ဍက စွမ်းဆောင်ပေး နိုင်မည့်သူ ဖြစ်နေသည်။

ဒေါ်စုက စစ်ဗိုလ်ချုပ်များကို ရိုးဖြောင့်စွာ တသမတ်တည်း မကွယ်မထောက်ပြောနိုင်သည့် ရှားပါးသော အရည်အချင်း ပိုင် ဆိုင်သူလည်း ဖြစ်သည်။ သူ၏ ရပ်တည်ချက်အတိုင်း တည်တည်ကြည်ကြည် ပြောနိုင်သည်။ အမှန်တော့ ဒေါ်စုတွင် ပိုင် ဆိုင်ထားသည့် အထက်ပါ အချက်များက သူပြောပြောနေသည့် "နိုင်ငံရေး၏ ရိုးဖြောင့်မှုဂုဏ်" မှ လာခြင်း ဖြစ်သည်။ သူ၏ သတ္တိ၊ သံန္နိဌာန် ခိုင်ကြည်မှု၊ အမှန်တရားကို လက်ဆုပ်လက်ကိုင် ပြုထားမှု စသည့် အချက်များက သူ၏ ခွန်အားများ ဖြစ်နေပြီး မြန်မာ့သမိုင်းတွင် မရှိဘူးသေးသော ပြည်သူ အများစုကို တိုက်တွန်းနားချနိုင်သည့် ခေါင်းဆောင်မှု နေရာမျိုး ရနေခြင်း ဖြစ်သည်။

စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်အောက် ၄၆ နှစ်တွင် သူ၏ ဆန္ဒခိုင်မာမှု၊ သံန္နိဌာန်ပြင်းပြမှုမှ ပေါ်ထွက် လာသည့် အင်အား အစွမ်းဖြင့် မြန်မာတနိုင်ငံလုံးကို အမိန့်ပေး ညွှန်ကြားနိုင်သူ ခေါင်းဆောင်တဦး ရရှိနေသည် မှာ ကံကောင်းသည်ဟု ဆိုရပါ လိမ့်မည်။ အကယ်၍ ဒေါ်စုသာ ဆုံးပါးသွားခဲ့ပြီ ဆိုပါစို့။ ပြည်သူများ၏ ဘ၀က ယခုအတိုင်း ဆက်လက် လည်ပတ်နေကြပါ လိမ့်မည်။ သို့သော်လည်း နိုင်ငံက ပို၍ ချွတ်ခြုံကျဆင်းရဲမှုများ ကြုံရဖွယ်ရှိပြီး လက်ရှိဖိနှိပ်ခံနေရသည့် အခြေအနေထက် ပိုဆိုးသည့် ငရဲတွင်းကဲ့သို့သော အခြေအနေဆိုးမျိုးကို ဆက်လက်ကြုံရဖွယ်သာ ရှိနေပါတော့သည်။

ကျော်စွာမိုးရေးသားသည့် Where Would Burma Be without Suu Kyi? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

0 comments: