စစ်တပ်နှင့်ရဲကို အားကိုးပြီး အနိုင်ကျင့် ချိမ်းခြောက်ပြီး ဓားပြတိုက်နေသူများ (သို့ ) မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်မှ သတင်းထောက်များ။

၁။ ဖလားဝါး သတင်းဂျာနယ်၏ သတင်းထောက်ချုပ်စောမြင့်သန်းကို လူသတ်မှုတခုအကြောင်း သတင်းရေးသား ဖော်ပြ၍ မြို့တော်ရှိရဲများကို မီးလှန့်သံချောင်းခေါက်ခဲ့သောကြောင့် အဖမ်းခံရခြင်း။

၂။ ဖလားဝါးသတင်းဂျာနယ် အပါအ၀င် အခြားဂျာနယ် ၆ ခုမှ အယ်ဒီတာများ၏ ရုံးခန်းများကိုလည်း အာဏာပိုင်များက လာရောက်စစ်ဆေးခဲ့ကြပြီး၊ ပြည်ပရှိ မြန်မာသတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းဌာနများနှင့် ဆက်သွယ်မှု မပြုရန် သတိ ပေးခြင်း။

၃။ True news journal နှင့် The action times journal တို့အား စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီသောကြောင့် စာပေစိစစ်ရေးက ဂျာနယ် ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်းလိုက်ခြင်း။

၎။ ပြည်တွင်းသတင်း ဂျာနယ်များကို စာပေစိစစ်ရေးက ပိုတင်းကျပ်သော စည်းကမ်းများ ထုတ်ပြန်ကာ ပိုမိုတင်းကျပ်မှုများ လုပ်လာခြင်း။

၅။ ထရူးနယူးစ် (True News) သတင်းဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြထားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် မြန်မာအလုပ်သမား ကလေးငယ် တဦး အလုပ်လုပ်နေသည့် ဓာတ်ပုံ ဖော်ပြထားပြီး၊ ဓာတ်ပုံ စာသား ဖော်ပြရာတွင် "ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေအနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုတွင် အလုပ်လုပ်နေသော မြန်မာကလေးငယ်တဦး" ဟု ရေးသားထုတ်ဝေခဲ့သည့်အတွက် စာပေစိစစ်ရေးမှ ဂျာနယ်ထုတ်ဝေခွင့် ၂ လတိတိ ရပ်ဆိုင်းခြင်း။

၆။ နာဂစ်အတွင်း သတင်းထောက်များအဖမ်းခံရခြင်း။

အစရှိတဲ့ မတရားအဖမ်းခံရတဲ့သတင်းတွေ ဖတ်ရတဲ့အချိန်မှာ ..

ရန်ကုန်မြို့ပေါ်မှာ စစ်ဒေသအားကိုး၊ ရဲတပ်ဖွဲ့အားကိုးပြီး ပြည်သူတွေကို ဂျာနယ်နဲ့ချိမ်းခြောက်ပြီး အနိုင်ကျင့်ဓားပြတိုက်နေတာကတော့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်နဲ့ ထုတ်ဝေနေတဲ့ မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ် တို့ဖြစ်ပါတယ်။

ထိုဂျာနယ်တွေက ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်၊ စာပေစိစစ်ရေးကို သတင်းတင်စရာမလိုဘဲ ထုတ်ဝေနေတဲ့ဂျာနယ်ပါ။ စာပေစီစစ်ရေးကို တခါတလေတော့ တင်ပါတယ်။

အဲဒီ မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်တွေက ဘယ်လို အနိုင်ကျင့် ချိမ်းခြောက်ပြီး ဓားပြတိုက်နေလဲ ဆိုတော့ ..

၃၁ လမ်းမှာ မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့ ကိုစိုးတင့်ဆိုတဲ့ ကောင်လေးဟာ လမ်းဘေးမှာ တံဆိပ်တုံးလုပ်တဲ့ ဆိုင်လေးဖွင့်ပြီး၊ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့အချိန်မှာ၊ တနေ့တော့ ကံဆိုးစွာ နဲ့ သူလုပ်ပေးလိုက်တဲ့ တံဆိပ်ဟာ အတုလုပ်တဲ့နေရာမှာ သူများက သွားသုံးတဲ့အတွက် သူကို ကြံရာပါဆိုပြီး ပုဒ်မ (၄၂၀/၄၆ဂ) တပ်ပြီး အဖမ်းခံရပါတယ်။

သူအဖမ်းခံရတော့ မိခင်အိုကြီးခမျာ သောကရောက်ရတာပေါ့။ အခုလို သောကရောက်နေ တဲ့အချိန်မှာဘဲ အပိုင်နယ်ထိန်း၊ အမှုစစ် အိုင်အို နဲ့ မှုခင်းသတင်းဂျာနယ် က သတင်းထောက် ပေါင်း (၃) ယောက် အဖွားကြီးထံ ရောက်လာပြီး၊ အဖွားကြီးရဲ့သား မောင်စိုးတင့်ရဲ့ အလုပ်လုပ်တဲ့ ကရိယာတွေကို လာတောင်းပြီး အဖွားကြီးရဲ့သား မောင်စိုးတင့် အမှုဖြစ်တဲ့အကြောင်းကို မှုခင်းသတင်းဂျာနယ် မှာ မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြမယ်လို့ အဖွားကြီးကို ခြိမ်းခြောက် ပြောဆိုပါတယ်။

အဖွားကြီးကို နောက်ဘာထပ်ပြောလဲဆိုတော့ တကယ်လို့ ထိုသတင်း မပါချင်ရင် သူတို့ကို ငွေပေးရမည်ဖြစ်ကြောင်း ပြောပါတယ်။ အဖွားကြီးခမျာ သူသား လူပျိုလေး အရှက်ကွဲမှာ ကြောက်ပြီး သူရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ယောင်္ကျားက ဆင်ထားခဲ့တဲ့ နားကပ်လေးကို ချွတ်ပေးလိုက်ရတယ်။

နောက်ဖြစ်စဉ်တစ်ခုကတော့ ရှေ့နေ နဲ့ မှုခင်းသတင်းဂျာနယ်တို့ ပေါင်းပြီး အမှုသည် ဆီက အနိုင်ကျင့် ချိမ်းခြောက်ပြီး ဓားပြတိုက်တဲ့ အကြောင်းပါ ..

ရန်ကင်း ၁၂ လုံးတန်းမှာ နေတဲ့ မသင်းသင်း ဟာ သူချစ်သူ ကောင်လေး က အတည်ယူ ပါမယ်ဆိုပြီး၊ ကာမကို လိမ်လည်ရယူသွားတဲ့အတွက် ထို ကောင်လေးကို တရားစွဲပါလေရော။ သူအမှုကို ပတ်ဝန်းကျင်က လူတွေ မသိအောင် သိုသိုသိပ်သိပ် ထားတယ်။ နောက်ပြီး ထိုအမှုကို လိုက်ဖို့အတွက် အမျိုးသမီးရှေ့နေ ငှားပြီး ရင်ဆိုင်နေတယ်။ တနေ့မှာ အဲဒီ ရှေ့နေမ နဲ့ မှုခင်းသတင်းဂျာနယ်က သတင်းထောက်တစ်ယောက် ရောက်လာပြီး၊ အပေါ်က အဖွားကြီးအတိုင်း အနိုင်ကျင့် ချိမ်းခြောက်ပြီး ငွေတောင်းပါလေရော၊ ကောင်းမလေးခမျာမှာလဲ ပတ်ဝန်းကျင်က သိမှာ ဆိုးတဲ့အတွက် ငွေ (၅) သိန်း ပေးလိုက်ရပါတယ်။

အဲဒီ ဂျာနယ် သတင်းထောက်တွေက တချို့ဆိုရင် ၃ တန်းတောင် မအောင်တဲ့ ကောင်တွေပါတယ်။ ရန်ကုန်မြို့ထဲမှာ ဆိုင်ကယ်စီးလို့ ရအောင် တချို့တွေကျတော့ သတင်းထောက်ကဒ်ကို ငွေပေးပြီးလုပ်ရတယ်။ ကိုစိုးမြင့်ထိန် ကုန်ဈေးနှုံး ကျဆင်းရေး ဆန္ဒပြတုံးက နအဖ အလိုကျ ၀င်ရိုက်တုံးက လဲ အဲဒီဂျာနယ်က သတင်းထောက်တွေပါတယ်။

ဒီဖြစ်စဉ်လိုမျိုး အဖြစ်အပျက်တွေကတော့ အများကြီးပါ။

မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်တွေကို ဖတ်ကြည့်ပါ။ နယ်တွေမှာ ဖြစ်တဲ့ ခိုးမှု ၊ နွားခိုးမှု ၊ ဆိုင်ကယ်ခိုးမှု ၊ လူသတ်မှု နဲ့ တရားလိုက ငွေပေးပြီး ထည့်ခိုင်းတဲ့ လိမ်လည်မှုတွေဘဲပါတာ တွေ့ရပါမယ်။

ဗိုလ်ချုပ် ရဲမြင့်သား မူးယစ်ဆေးဝါးအမှု ၊ နိုင်ငံတော်ဧည့်ဂေဟာနားမှာ ဖြစ်တဲ့ (၅) လောင်းပြိုင် လူသတ်မှုလိုမျိုး ၊ နိုင်ငံတော်ကောင်စီဝင်ရဲ့ မိသားစုတွေဖြစ်နေတဲ့ အမှုတွေကျတော့ မထည့်ရဲကြပါဘူး။

နောက်ပြီး မှုခင်းသတင်းဂျာနယ်က အယ်ဒီတာချုပ် ဒါရိုက်တာ မောင်ယာဉ်ကျော် ဆိုရင်လဲ အယ်ဒီတာစကားဝိုင်းဆိုပြီး ၊ နိုင်ငံတော်ကို ဖားတဲ့ အကြောင်းတွေ ၊ နောက်ပြီး ကျွန်တော်တို့လို ပြည်သူအတွက် ရှေ့က ရပ်တည် ပေးနေတဲ့ နိုင်ငံရေး သမားတွေ မကောင်းကြောင်းတွေဘဲ တွေ့ရတယ်။

မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်တွေက ပြည်သူကို ရာဇ၀တ်မှု ကြိုတင်ကာကွယ်အောင် အသိပေးရန် မဟုတ်ဘဲ ၊ ပြည်သူကို ကလောင်စွမ်းဖြင့် အနိုင်ကျင့် ချိမ်းခြောက်ပြီး ဓားပြတိုက်ရန် ဖြစ်ပါတယ်။

မှတ်ချက် ။ ။ ကျွန်တော် အပေါ်က ဖေါ်ပြခဲ့တဲ့ အကြောင်းတွေဟာ မဟုတ်ဘူးလို့ မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်က ငြင်းမယ်ဆိုရင် နောက် အဲဒီ အနိုင်ကျင့် ချိမ်းခြောက်ပြီး ဓားပြတိုက်နေတဲ့ လူတွေရဲ့ အမည်၊ အဆင့်၊ အချိန်ကအစ အတိအကျ ထပ်ပြီး ဖေါ်ပြပေးပါမယ်။

စစ်တပ်၊ ရဲ နဲ့ ပတ်သက်ရင် ဘယ်အရာမှ မကောင်းဘူးဆိုတာ ဒီဂျာနယ် တွေရဲ့ လုပ်ရပ်တွေနဲ့ သက်သေခံနေပါတယ်။

(ရေးသားသူ - ၈၈ ကျောင်းသားဟောင်းတစ်ဦး)။

ကိုနစ်နေမန်း မှ တဆင့် ရယူမျှဝေပါသည်။ ကိုနစ်နေးမန်း အားကျေးဇူးတင်ရှိပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form