မလေးရဲက မြန်မာအတိုက်အခံ ရုံးများ စီးနင်း

မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ မလေးရှား အစိုးရ၏ နိုင်ငံခြားသား အလုပ်သမား လျှော့ချရေး အစီအစဉ်အဖြစ် ယခုရက်ပိုင်းအတွင်း လူဖမ်းပွဲများ ကျင်းပနေရာ မြန်မာ တိုင်းရင်းသား အဖွဲ့အချို့၏ ရုံးခန်းများ ဝင်ရောက် စီးနင်းခံရပြီး မြန်မာအလုပ်သမား အများအပြား ဖမ်းဆီးခံနေရသည်။

မလေးရှားရောက် မြန်အလုပ်သမားနှင့် ဒုက္ခသည်များကို ကူညီ စောင့်ရှောက်ပေးနေသော ချင်းတိုင်းရင်းသား အဖွဲ့အစည်းများ ဖြစ်သော ဇိုမီးနှင့် Arrange for Chin Refugee (ACR) အဖွဲ့အစည်း ၂ ခုအား ပြီးခဲ့သည့် တပတ်အတွင်းက ဝင်ရောက်စီးနင်းပြီး အခြား မြန်မာ အလုပ်သမားများကိုလည်း ယခု ရက်ပိုင်းအတွင်း လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်။

“ဇိုမီးအဖွဲ့ရယ်၊ ACR ရယ် ပါသွားတယ်။ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက သတင်းကြားတာနဲ့ ရုံးပိတ်ပြီး ရှောင်နေတာတို့ လုပ်နေရတယ်” ဟု NLD (လွတ်မြောက်နယ်မြေ - မလေးရှား ဌာနခွဲ) ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

မလေးရှားနိုင်ငံအတွင်း လာရောက်အလုပ်လုပ်သူ နိုင်ငံခြားသား များပြားလာခြင်းကြောင့် နိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်ရသည်ဟု ဆိုကာ ယခုနှစ်အတွင်း နိုင်ငံခြားသားအလုပ်သမား ၂ သိန်း လျှော့ချမည်ဟု ပြီးခဲ့သည့် ၂ ပတ်ခန့်က တရားဝင် ထုတ်ဖော်ပြီးနောက် ယခုလို ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“အစတုန်းကဆိုရင် UN လက်မှတ် (ဒုက္ခသည် လက်မှတ်) ကိုင်တဲ့ လူတွေဆိုရင် လွှတ်ပေးတယ်။ အခုဆိုရင် UN လက်မှတ်မပြောနဲ့ ပတ်စ်ပို့ ရှိတဲ့လူတွေပါ အကုန်ဖမ်းတယ်။ ရဲစခန်းထဲ တည ချုပ်ထားပြီးမှ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ လူတွေကို သူဌေး (သို့မဟုတ်) အေးဂျင့်တွေက လာပြောမှ လွှတ်ပေးတယ်။ ဒုက္ခသည်လက်မှတ် ကိုင်တဲ့လူတွေကိုတော့ ဒုက္ခသည်စခန်းထဲ ပို့လိုက်တာပဲ။ လုံးဝကို မလွှတ်ပေးတော့ဘူး” ဟု ကိုကျော်ကျော်က ဆက်ပြောသည်။

မြန်မာပြည်တွင် အလုပ်အကိုင် ရှားပါးမှုနှင့် တိုးတက်လမ်း နည်းပါးခြင်းကြောင့် မြန်မာနိုင်ငံသားများသည် မလေးရှားသို့ လာရောက်ကြရခြင်း ဖြစ်ပြီး အလုပ်အကိုင် ရှာဖွေပေးသည့် အဖွဲ့များ၏ လိမ်လည်မှု၊ အလုပ်ရှင်များ၏ ဗိုလ်ကျ အနိုင်ကျင့်မှုတို့ကြောင့် ဒုက္ခ ရောက်နေရသူများလည်း အများအပြား ရှိနေသည်ဟု အလုပ်သမား ကူညီ စောင့်ရှောက်ရေး (မလေးရှား NLD) မှ တာဝန်ခံ ကိုမင်းမင်းက ပြောသည်။

“အခုနောက်ပိုင်းမှာ ဝင်လာတဲ့ လူအများစုမှာ သူတို့ လက်မှတ်ထိုးထားတဲ့ စာချုပ်နဲ့ မကိုက်ညီဘူး။ အေးဂျင့်တွေက မြန်မာပြည်ကနေ မက်လုံးပေးပြီးတော့ တရက်ကို အစိတ်ပေးမယ်၊ ၃ဝ ပေးမယ်နဲ့ ဒီရောက်မှ ၁၈ ကျပ်တို့ ၁၆ ကျပ်တို့ အဲလို ဒုက္ခမျိုးတွေ ကြုံနေရတယ်။ အိုဗာတိုင် (အလုပ်အချိန်ပို) လည်း မရှိဘူး။ စားစရိတ်က တလ ၂၅ဝ လောက် ရှိတယ်ဆိုတော့ သူဌေးနဲ့ ညှိတယ်၊ မရတော့ ရန်ဖြစ်ကြတဲ့အထိ ဖြစ်နေရတယ်” ဟု ကိုမင်းမင်းက ပြောသည်။

သူက ဆက်ပြီး “မြန်မာပြည် အလုပ်သမားတွေက အိမ်ပေါင်ယာပေါင်ပြီး လာရတာဆိုတော့ ဒီမှာ ဘယ်လောက်ထိ အဆင်မပြေ ဖြစ်နေရင်လည်း ကြိတ်မှိတ်ပြီးတော့ နေရတာပေါ့” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမားပေါင်း တသိန်းခွဲခန့် ရှိပြီး နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းများအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၅ ခုခန့် ရှိသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form